>Tu Maung Nyo – The Wolves were freed …

>

ဖိုးရှုပ်တို့ လူစုကို လွှတ်ပေးလိုက်ပြီ သတိထား
တူမောင်ညို
ဇူလိုင် ၂၃၊ ၂၀၁၁
တစ်ချိန်က ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအုပ်စုမှာ တွင်ကျယ်ခဲ့ကြတဲ့ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုတိယဗိုလ်မှူးကြီး သက်တင်စိန်၊ ဗိုလ်မှူးစည်သူ၊ ဗိုလ်မှူး ညီညီလွင်၊ ဗိုလ်မှူး ထွန်းအောင်စိုး ဆိုသူတွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားရာကနေ ဇွန်လကုန် ပိုင်းမှာလွှတ်ပေးလိုက်ပြီဆိုတဲ့သတင်း ဇူလိုင်လ ၂၀ ရက်နေ့ (ဗွီအိုအေ)မှာကြားလိုက်ရပါတယ်။ သူတို့ဟာ ဗိုလ်ခင်ညွန့်ရဲ့ လက်ရင်း လက်ရုံး၊ လက်စွဲတော်တွေဖြစ်တယ်။
ဗိုလ်မှူးကြီး စန်းပွင့်ဟာ “မောင်ဖိုးရှုပ်၊ ပေါက်စ”  စတဲ့ နာမည်တွေနဲ့ သတင်းစာဆောင်းပါးတွေရေးခဲ့တယ်။
 ဒါ့အပြင်  “ရှေးမြန်မာမင်းများလက်ထက်ထောက်လှမ်းရေး” (၂၀၀၄ ဇူလိုင်) ဆိုတဲ့စာအုပ်ရေးသားခဲ့ဖူးပါတယ်။ အဲဒီ စာအုပ်ထွက်လာပြီး သိပ်မကြာလိုက်ပါဘူး။ ထောက်လှမ်းရေးနိဂုံးချုပ်သွားပါတယ်။
 အဲဒီစာအုပ်မှာ ဒေါက်တာတိုးလှ၊ ချစ်နိုင် (စိတ်ပညာ)၊ ဒေါက်တာကျော်ဝင်း၊ သပြေညိုမောင်ကိုဦး၊ ဒေါက်တာခင်အေး (မောင်ခင်မင် – ဓနုဖြူ)၊ တက္ကသိုလ်တင်ခ တို့ အမှာစာရေးပါတယ်။
   အမှာစာရေးကြသူအားလုံးရဲ့ထိပ်ဆုံးကနေ “စွန်ရဲ” ဆိုသူက အမှာစာရေးပါတယ်။ စွန်ရဲ ဆိုသူဟာ ဗိုလ်ခင်ညွန့်ဖြစ်နိုင် ပါတယ်။
အခုချိန်မှာ ဘာကြောင့်သူတို့ကို ရွေးပြီးလွှတ်ပေးရတာလဲ။
ဘယ်လိုအကြံအစည်တွေရှိနေလို့ လွှတ်ပေးတာလဲ။
သမ္မတရဲ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့လွှတ်ပေးတာလား။
အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ (အကလ) ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတာလား။
ထောင်ကျ ထောက်လှမ်းရေးဟောင်းတွေတော့ လွှတ်ပေးပြီး စဝ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင်၊ ကိုကို ကြီး၊ ကိုမင်းဇေယျာ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့်လွှတ်မပေးတာလဲ။
ဒီကိစ္စဟာ လွှတ်တော်အမတ်တွေအတွက် လွှတ်တော်တွင်း မေးစရာမေးခွန်းတစ်ခုဖြစ်ပါတယ်။
ထောင်ကျ ထောက်လှမ်းရေးဟောင်းတွေ ပြန်လွှတ်ပေးတယ်ဆိုတဲ့ သတင်းထွက်လာတိုင်း
“ တိုင်းရင်းသားအရေး (KIO ပြဿနာ)ကို ကိုင်တွယ်ဖို့/ အကြံပေးဖို့ လွှတ်ပေးတာဖြစ်မယ်”
ဆိုတဲ့ ကောက်ချက်ကလည်း အရိပ်လို တပါတည်း ကပ်ပါလာလေ့ရှိ တယ်။ တိုင်းရင်းသားတွေကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားနိုင်တာ ထောက်လှမ်းရေးတွေပဲလား။
ကမ္ဘာမကြေစရာကောင်းတဲ့ သူတွေကိုလွှတ်ပေးလိုက်တာကလည်း ကမ္ဘာမကြေစရာပါပဲ။
ထောင်တွေထဲမှာ စဝ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန်လွင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ အစရှိတဲ့ နိုင်ငံရေး အကျဉ်းသားနှစ်ထောင်ကျော် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။
 “အမိန့်အမှတ် (၂၈/၂၀၁၁) ” ကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခဲ့ခြင်းမရှိပါဘူး။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လူကြီး ဦးဝင်းတင် (ဟံသာဝတီ) က “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတဲ့ သူ့စာအုပ်ထဲမှာ ထောင်ရဲ့အနိဌာရုံ ဝိသေသတွေကို အခုလို ကွက်ကွက်ကွင်းကွင်းရှင်းရှင်းလင်းလင်း (၁၃) မျိုးခွဲပြီး ဖေါ်ပြခဲ့ပါတယ်။
          “အရိုင်းဘုံ၊ ဆင်းရဲဘုံ၊ အကြမ်းဖက်ဘုံ၊ အဓမ္မဘုံ၊ ပရိဒေဝဘုံ၊ အငတ်ဘုံ၊ နလပိန်တုံးဘုံ၊ အာဃာတဘုံ၊ ထောက်လှမ်း ငေါက်ငမ်းသောက်ရမ်းဘုံ၊ ဘုရင်ရူးဘုံ၊ ဒုစရိုက်ချားရဟတ်ဘုံ၊ သေမင်းတမန်ဘုံ၊ ရန်ငါဘုံ” ဆိုပြီးဖြစ်ပါတယ်။
          လူတွေဖန်တီးထားတဲ့ လူ့ငရဲ၊ ဘုံမိုက်ဘုံဆိုးကြီး၊ ထောင်ပြည်တော်ကြီး လို့လဲ ဖွင့်ဆိုခဲ့ပါတယ်။
ဦးဝင်းတင်ဟာ “အရေးတော်ပုံတပ်သားကွ”ဆိုတဲ့ ဘာမထီ စိတ်ဓါတ်နဲ့ အဲဒီ လူ့ငရဲ ၊ ဘုံမိုက်ဘုံဆိုး၊ထောင်ပြည်တော်ကြီး ထဲကို ဝင်သွားခဲ့တယ်၊ နေထိုင်ဖြတ်သန်းခဲ့တယ်။ ပြန်ထွက်လာခဲ့ပါတယ်။
 “စစ်ကြောရေး” ဆိုတဲ့ ဝေါဟာရဟာ ထောင်လောကမှာ “ငရဲခန်း”ဆိုတဲ့ အဓိပ္ပါယ်နဲ့အနှစ်သာရပင်ဖြစ်ကြောင်း ဦးဝင်းတင် က “ဘာလဲဟဲ့လူ့ငရဲ” စာအုပ်ထဲမှာ ရှင်းပြထားပါတယ်။
ထောင်ထဲမှာ “စစ်ကြောရေး”ကို ထောက်လှမ်းရေးတွေက အဓိကကိုင်တွယ်လုပ်ဆောင်တာပါ။ ထောင်ထဲက စစ်ထောက် လှမ်းရေးတွေရဲ့ စစ်မေးညှင်းပန်းနှိပ်စက်မှုတွေဟာ တိရစ္ဆာန်ထက်တောင် ပိုမိုရက်စက်ကြမ်းကြုတ်တယ်။
          “ထောင်ထဲမှာ စစ်ကြောရေးလုပ်ခံရပြီဆိုရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖို့ နိုင်ငံရေးဘဝပျက်ပြီ၊ စီးပွားရေးဘဝပြိုပြီ၊ လူမှုရေးဘဝပြောင်းပြီ၊ အဲဒီလိုတစ်ထစ်ချမှတ်ပေရော့ ” လို့ ဆိုပါတယ်။
ထောင်ထဲမှာ “ထောက်” ဆိုတဲ့ “ထောက်လှမ်းရေး”တွေဟာ အာဏာရှင်ပေါက်စ၊ ပိစိကွေးဖြစ်တယ်တဲ့။ ထောင် အထက် ပိုင်းမှာကိုက ဒူးတုန်နေရတာ၊ “ထောင်ဒိတ်”တွေက “ထောက်ချာတိတ်”တွေကို ဖူးဖူးမှုတ်နေရတာ တဲ့။
ဒီစာပိုဒ်တွေကိုဖတ်လိုက်ရင်ဘဲ ထောင်ထဲမှာ ထောက်လှမ်းရေးတွေဘယ်လောက် လူမဆန်သလဲဆိုတာ ထင်းကနဲမြင် နိုင်သိနိုင်ပါတယ်။
ဒါပေမယ့် ထောင်တွေထဲမှာ လက်စောင်းထက်ခဲ့ကြတဲ့ ထောက်လှမ်းရေးတွေကိုယ်တိုင် ၂၀၀၄ ခုနှစ် အောက်တိုဘာ နောက်ပိုင်းမှာတော့ အဲဒီထောင်တွေထဲကို အကျဉ်းသားအဖြစ် ရောက်သွားပါတယ်။သူတို့လည်း နှစ်ရှည်ထောင်ချခံရတယ်။  သူတို့ ထောင်ကျတာ ဒီမိုကရေစီအရေးဆောင်ရွက်ခဲ့လို့ လုံးဝ (လုံးဝ)မဟုတ်ဘူး။
 စစ်အုပ်စုထိပ်သီးချင်း အာဏာစားခွက်လုကြရာက ထောက်လှမ်းရေးအုပ်စုအရေးနိမ့်သွားလို့၊ အမိန့်မနာခံမှု၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ထောင်ချခဲ့တာပါ။
အဲဒီလို ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြတဲ့၊ ကမ်းကုန်အောင် လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတဲ့ အဲဒီထောက်လှမ်းရေးတစ်စု ကို ထောင်ကလွှတ်ပေးလိုက်ပြီတဲ့။
(၂၀၀၃ ခုနှစ် သြဂုတ် ၃၀ က ဗိုလ်ခင်ညွန့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်နက်နဲ့ ငြိမ်းချမ်ရေးလဲလှယ်ရေး၊ အပစ်ရပ်ရေး တွေ့ဆုံစည်းရုံးခဲ့စဉ်က ဓာတ်ပုံများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts