>Thit Kaung Eain – To Maung Yit Poem

>

မောင်ရစ်ဆီ ပို့ပေးပါ
သစ်ကောင်းအိမ်
ဇူလိုင် ၂၁၊ ၂၀၁၁
ခြေစွမ်းပျောက်တဲ့ တိုက်စစ်မှူးလို
ပင်နယ်တီကန်လည်း ဂိုး မဝင်
မှော်စွမ်းပျောက်တဲ့ စုန်းမ လို
ထမီခြုံလို့လည်း လင်းတ မဖြစ်
ထမင်းတလုပ်အတွက် သတင်းလုပ်မစားဘူး
ထင်းခုတ်ပြီးစားမယ် ကြံ
တောပြုန်း တောင်ပြုန်းဆိုပြန်တော့
မုတ်ဆိတ်ကျင်စွယ်ဖားလျား
ဘယ်ရီကက်တခြမ်းစောင်းနဲ့ ပြင်းလိပ်ကြီးခဲထားပုံကိုက … ချေဂွေဗားရား
အဲဒီ ကိုချေဂွေဗားရားလည်း
တောပြုန်းမှာ တောပုန်းလုပ်သေးသလား ငါမသိ
တောင်ပြုံး သွားတောင်မှ
နတ်ကန္နားစီးတနေရာ သေချာနိုင်ပါ့မလားလည်း ငါမသိ
ကောင်းလာရင် ခင်ဗျားဖမ်းနေကျ
 ဆင်တွေ ကျားတွေ …
ဂဠုန်တွေ နဂါးတွေ …
ငန်းတွေ ငမန်းတွေ …
ကြံ့တွေ ဖွတ်တွေ …
တေဇတွေ ခွေးအတွေ …
မြုံးမဆန့် ကျုံးမဆန့် …
ကျနော်တို့ ဖို့တ်ဝိန်းရွှေမြို့တော်ကြီးနဲ့လည်း  မဆန့်တော့ပါလား ‘ဆရာသစ်’
ဟိုသွား … သွားပြန်ပြီ  ဒီသွား … သွားပြန်ပြီ
ပုဂံသွား … သွားပြန်ပြီ… ဆိုတော့ကာ
ရှင်က ကဗျာဆရာလား ရဝတ စာရေးလား
ရှင့်ဆီ ကျမက ဧည့်စာရင်း လာတိုင်ရမှာလား …။
ချင်းမိုင်ထီးနန်းက ငိုချင်ရက်လက်တို့ အလွမ်းသမားကြီး ‘မောင်လွမ်းဏီ’ ရှင့် …။
ဂိုးဒင်းဂိတ် တံတားထိပ်မှာတော့
‘အောင်သာငယ်’ နဲ့ ‘မောင်ရစ်’
သေနတ်ချင်း ယှဉ်ပစ်ကြတော့မယ်
ဒါပေမယ့် …
လေသေနတ်နဲ့လို့တော့
နဘေ မထပ်လိုက်ကြပါနဲ့။         ။
(ဇူလိုင် ၂၀ ရက်၊ ၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts