>Kyaw Thu – FFSS Yangon Activity (18th July 2011)

>

ညီနောင်များ၏ ရိုင်းပင်းမှု
ကျော်သူ
ဇူလိုင် ၂၀၊ ၂၀၁၁

သုံးခွမြို့နယ် နာရေးကူညီမှုအသင်း၏ သြ၀ါဒါစရိယဆရာတော်၊ လာဘမုနိမြို့ဦး စေတီတော် မြတ်ကြီး၏ သြ၀ါဒါစရိယ၊ ၀ဲပြန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဉာဏ သက်တော် (၄၈) နှစ်၊ ၀ါတော် (၂၈) ၀ါ၏ အန္တိမဈာပန အခမ်းအနားအား သုံးခွမြို့ မြို့ပြင်တနေရာ၌ ကျင်းပ ပြုလုပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)အား သုံးခွနာရေးကူညီမှုအသင်းမှ မော်တော်ယာဉ် အကူအညီတောင်းခံသည့်အတွက် ၁၈.၇.၂၀၁၁ (တနင်္လာ)နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တွဲဖက်အတွင်းရေးမှူးမှ ဦးဆောင်၍ အသင်းသားများတို့ဖြင့် သွားရောက် ကူညီဖေးမခဲ့ကြသည်။

 
 
အန္တိမဈာပနအခမ်းအနားအား (၁၂း၀၀) နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ ၀ဲပြန်ကျောင်းတိုက်မှ (၂) မိုင်အကွာ၌ရှိသော လောင်တိုက်ရှိရာနေရာသို့ သုံးခွနာရေးအသင်းသူ/သားများ၊ မြို့မိ/ဖများ၊ ရပ်မိ/ဖများ၊ ဆရာတော်ကြီး၏ တပည့်ဒါယကာ ဒါယကာမများ၊ ဆရာတော်သံဃာတော်များနှင့် စည်ကားသိုက်မြိုက်စွာဖြင့် နယ်ဓလေ့အတိုင်း (မီးရှုးမီးပန်းများ၊ ဗြောက်အိုးများ) ဖောက်၍ ခြေလျင်ဖြင့် ပို့ဆောင်၍ ကျင်းပခဲ့ကြသည်။

 
 

သုံးခွနာရေးကူညီမှုအသင်းသည် ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ ကူညီမှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၆ ခုနှစ်တွင် အသင်းနှစ်ပါတ်လည်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းကို ဦးကျော်သူမှ သွားရောက်၍ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့အပြင် သုံးခွနာရေးကူညီမှုအသင်းအား အလှူငွေ (၂၅) သိန်း၊ နိဗ္ဗာန်မော်တော်ယာဉ်တစီးအား ပေးအပ်လှူဒါန်းမှုများ ပြုခဲ့ပါသည်။ ထိုကဲ့သို့ လူမှုရေးအဖွဲ့ အစည်းများ၊ လူမှုရေးသမားညီနောင်များတို့သည် အချင်းချင်းရိုင်းပင်းကူညီမှုရှိစွာဖြင့် ဖေးမပေးမှု၊ ပေးဆပ်မှုတို့ကို စဉ်ဆက်မပျက် ပြုလုပ်မည်ဆိုပါက သာယာစိုပြေ ငြိမ်းချမ်းသော ကမ္ဘာတခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts