>Articles

>

ဒေါ်အောင်ဆန်းစုကြည်ရဲ့  လွမ်းသူ့ပန်းခွေ ဘယ်မှာလဲ
အောင်မျိုးထွန်း
ဇူလိုင် ၂၀၊ ၂၀၁၁
အာဇာနည်နေ့ ရန်ကုန်မြို့မနက်ခင်းလေး ကြည်ကြည်သာသာရှိပါစေလို့ ကျနော့်ဆုတောင်း အမှန်ပြည့်ဝခဲ့ပါ တယ်။ မိုးမရွာ နေမပူ နိုင်ငံရေးသမားများအကြိုက် ရာသီဥတုလေးမှာ ရပ်ကွက်ထဲက သူငယ်ချင်းနှစ်ယောက်နဲ့ အတူ နံနက် ၁၀း ၃၀နာရီခန့်၊ လင့်ခ်လမ်းမှတ်တိုင်ကို ဘတ်စ်ကားစီးပြီး ရောက်ခဲ့ပါတယ်။ ကားပေါ်မှာထဲက ဂျင်း ဘောင်းဘီရှည်ဝတ် လူငယ်လေးနှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့လည်း ဗိုလ်ချုပ်ကို အလေးသွားပြု မယ်ပြောလို့ ကျနော် သူတို့နှစ်ယောက်ကို စိတ်ထဲက ချီးကျူးလိုက်လိုက်မိတယ်။ “တို့လူငယ် တို့ဗိုလ်ချုပ်” မဟုတ်ပါလား။
အာဇာနည်ကုန်းဘက်ကို ကျနော်တို့ဦးတည်လိုက်တဲ့အခါ လုံခြုံရေးမြောက်များစွာကို ရုတ်တရက် တွေ့လိုက်ရပါ တယ်။ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဝတ်စုံထောက် ထောင်ဂဏန်းမျှဟာ ဗိုလ်ချုပ်ကို လာရောက်ဂါရ၀ပြုမယ့် ပြည်သူတွေကို တရံမလပ်ညွှန်ကြားနေပြီး ဝေါ်ကီတော်ကီ၊ မိုဘိုင်းဖုန်း၊ ကင်မရာ အကြီးအသေးမျိုးစုံ၊ စာအုပ် ဘောပင်တွေအသီသီးနဲ့ စောင့်ကြပ်နေပါတယ်။ ပထမအဆင့်မှာ ပါလာတဲ့ ဖုန်း၊ ကင်မရာ၊ အိတ်တွေကို မှတ် တမ်းသွင်းပြီး ထားရစ်ခဲ့ရပါတယ်။ ကျနော်တို့မှာ အဲဒါတွေ ဘာမှပါမလာလို့ နောက်တဆင့်အနေနဲ့ ကန်လန့်ကာ အပြာကြီး ချထားတဲ့အလုံပိတ် တဲရုံလေးထဲ ၀င်ရောက်ပြီး ခန္ဓာကိုယ်ကို စိမ်ပြေနပြေစစ်ပါတယ်။ ကျနော့်ရဲ့ စီးက ရက်ဘူးနဲ့ ထီးရှည်ကြီးကို ယူဆောင်သွားခွင့်ပြုတဲ့အခါ အာဇာနည်ကုန်းဝင်းထဲကို သူတို့သတ်မှတ်ထားတဲ့ ဂိတ်ဝ ကနေ ၀င်ရောက်ခဲ့ပါတယ်။

ဟိုကြည့်ဒီကြည့်လုပ်၊ နည်းနည်းမတ်တပ်ရပ်လိုက်ရင် ရှေ့ကို မြန်မြန်ဆက်သွားဖို့ လုံခြုံရေးပုဂ္ဂိုလ်များက အမိန့်ပေး နေပါတယ်။ ၀င်လာတဲ့လူမှန်သမျှကို ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်၊ စာနဲ့ရေးလို့ ၀ိုင်းပြီး ပြူးတူးပြဲတဲ မှတ် တမ်းတင်နေကြတာကို တွေ့ရပါတယ်။ အာဇာနည်ကုန်းပေါ်အတက်မှာ နောက်ထပ် အပြာာရောင်မိုးလုံလေလုံ ရုံလေးတစ်ခုထဲ ၀င်ခိုင်းပါတယ်။ စက်ကလေးအောက်ကိုဝင်တော့ တတီတီအသံလည်း ကြားရပါသေးတယ်။ အတံအပြားကြီးတစ်ခုနဲ့လည်း ကိုယ်ကို အထက်အောက်ဆွဲပြီး အရှာခံရပါတယ်။ ခန္ဓာကိုယ်ကို လက်နဲ့လည်း ကိုင်တွယ်ရှာဖွေပါတယ်။ နောက်ဆုံးမှာတော့ ကျနော်သိပ်တွေ့ချင်တဲ့ အာဇာနည်ဗိမ္မာန်ကြီးကို တွေ့မြင်ခွင့်ရခဲ့ပါ တယ်။
ဖြိုးတိုးဖြောက်တောက်လောက်ဘဲ လူတွေလာရောက် အလေးပြုဦးညွှတ်တာတွေ့ရပြီး လုံခြုံရေးက အဆမတန် များပြားနေတာကို သတိထားမိခဲ့ပါတယ်။ အယောက် ၃၀ လောက် တစ်စု စုပြီး လော်စပီကာကနေ “ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု” ဆိုပြီး တိုင်ပင်ခေါ် ပေးပါတယ်။ တစ်မိနစ်တောင် မပြည့်လိုက်ဘူး၊ “အလေးမြဲ” လုပ်ခိုင်းပါတယ်။ ပြီးတော့ နောက်လူများ ဂါရ၀ပြု နိုင်ဖို့ဆိုပြီး ထွက်ခွာပေးပါရန် ထပ်လုပ်ပြန်ပါတယ်။ ကျနော်ကတော့ လာချထားတဲ့ပန်းခွေတွေကို လျှောက်ကြည့် ပါသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေမိသားစုရဲ့ လွမ်းသူ့ပန်းခွေတွေနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါ တီ (၄) ပါတီရဲ့ ပန်းခွေတချို့ကို တွေ့ရပါတယ်။ ဗိုလ်ချုပ်မိသားစုကိုယ်စားသား ဦးအောင်ဆန်းဦးရဲ့ပန်းခွေကို တွေ့ရပါတယ်။ ပန်းခွေတိုင်းမှာ ကိုယ်စားပြုသူတွေရဲ့နာမည်၊ အဖွဲ့အစည်းကိုတွေ့ရပြီး ပန်းခြင်း (၂) ခြင်းမှာတော့ ရေးထားတာ မတွေ့ရပါဘူး။ သူတို့ညွှန်ကြားထားတဲ့လမ်းအတိုင်း ကျနော်တို့ ပြန်ထွက်ခဲ့ပါတယ်။
ရွှေတိဂုံဘုရား ဆောင်းတန်းကနေဆင်းပြီး အုတ်လမ်းမှတ်တိုင်ဘက် လမ်းလျှောက်လာခဲ့ကြပြီး NLD ရုံးချုပ် ဘက် ထွက်ခဲ့ကြပါတယ်။ ရေဒီယိုတွေထဲကနေ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ အဖွဲ့ချုပ်လူငယ်တွေ နဲ့အတူ အာဇာနည်ကုန်းကို သွားရောက်ဂါရ၀ပြုမယ်လို့ ကြိုသိထားတဲ့အတွက် ကျနော်တို့ ၃ ယောက် စိတ်တူ ကိုယ်တူနဲ့ ရုံးချုပ်ရှေ့ကို ရောက်လာခဲ့ကြပါတယ်။ ရုံးချုပ်ရှေ့မှာရော၊ ဒီဘက် ကားလမ်း ပလက်ဖောင်းပေါ်မှာပါ လူတွေ တအုပ်တမကြီးကို ဘွားကနဲမြင်လိုက်ရတော့ ကြက်သီးတောင် ထမိပါတယ်။
အဖွဲ့ချုပ်မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပနေတာကို စိတ်ဝင်တစား လာရောက်နားထောင်နေကြတာဖြစ်ပြီး ကျနော့်အထင် အဖွဲ့ ချုပ်ဝင်မဟုတ်တဲ့ ရိုးရိုးပြည်သူတွေရဲ့အင်အားလည်း မသေးလှဘူး… လို့ ယူဆမိပါတယ်။ ဦးတင်ဦးရဲ့နိဂုံးချုပ်စကားကိုကြားလိုက်ရပြီး ကား (၃) စီးနဲ့ သတ်မှတ်စာရင်းပေးထားတဲ့လူတွေ အာဇာနည်ကုန်း ကို သွားကြမယ့်အစီအစဉ်ဖြစ်ပါတယ်။ ပန်းခရမ်းပြာ ကိုရဲလွင်ကြီးကိုလည်း ဖြတ်ကနဲတွေ့ လိုက်ရပါသေးတယ်။
ဒေါ်စုထွက်လာတော့ ရုံးချုပ်ရှေ့ကလူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ အော်ဟစ်ဆု တောင်းကြပါတယ်။ အဖွဲ့ချုပ်ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်နဲ့ သဘာပတိမိန့်ခွန်းစာရွက်ကို ၅၀၀ ကျပ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ကျနော်အိမ်ကထည့်လာတဲ့ ရှိစုမဲ့စု ငွေ ၅၀၀ ကျပ်လည်း ကိစ္စချောသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်တက်သွားပြီး ရုံးချုပ်အစီအစဉ်နဲ့ ဆလွန်းတစ်စီး၊ မှန်လုံတောင်းအေ့တစ်စီး၊ ပစ်ကပ်တစ်စီး အဖွဲ့ချုပ်ရှေ့က ထွက်ခွာသွားခဲ့ပါတယ်။ ဒေါ်စုက ရှေ့ဆုံး ဆလွန်းကားအဖြူလေးထဲမှာ တက် ရောက်လိုက်ပါသွားတဲ့အခါ အဲဒီမှာရှိနေတဲ့လူအုပ်ကြီးလည်း ကား ၃ စီး နောက်ကနေ အာဇာနည်ကုန်းဘက်ကို ၅ ယောက်တစ်တန်း တန်းပြီး စီစီရီရီ သပ်သပ်ရပ်ရပ် လိုက်ပါသွားခဲ့ကြပါတယ်။ တချို့ မိသားစုအလိုက်၊ တချို့ မိန်းကလေးတွေ တအုပ်၊ တချို့ ဦးဇင်းတွေတစ်စု၊ တချို့ အဘိုးကြီးတွေတဖွဲ့ကြားမှာ ကျနော်တို့ ၃ ယောက် လည်း ဒုတိယမြောက် ရောယှက်လိုက်ပါခဲ့ပြန်ပါတယ်။
ကျနော် ဒီတစ်ခါ သတိထားမိတာက “အင်အား” ကိစ္စဘဲဖြစ်ပါတယ်။ ပထမတခေါက် အာဇာနည်ကုန်းကို သွား ရောက်တဲ့အခါ လုံခြုံရေးတွေရဲ့ဆက်ဆံပုံနဲ့ ဒေါ်စုနောက်က လူအင်အားများများနဲ့လိုက်သွားတဲ့အခါ လုံခြုံရေး တွေရဲ့ဆက်ဆံပုံ အနည်းငယ်ကွာခြားတာကို ပက်ပင်းကြုံလိုက်ရပါတယ်။ ဒုတိယမြောက်ရောက်တဲ့အခါ ပါသွား တဲ့ပစ္စည်းတွေကို အပ်ထားခဲ့လို့မရတော့ဘဲ ပြန်လှည့်ထွက်ခိုင်းပြီး ဂိတ်ဝမှာလုံခြုံရေး ဦးရေနည်းသွားတာ တွေ့ရ တဲ့အပြင် ကင်မရာမန်း သတင်းထောက်တွေ ပြည့်နှက်နေပြီး စစ်ဆေးတာကိုလည်း သိပ်ကြပ်ကြပ်မတ်မတ် မလုပ်တော့ပါဘူး။ အာဇာနည်ကုန်းဝင်းပေါ်မှာတော့ ပုံမှန်အတိုင်း စစ်တယ်ဆိုပေမယ့် မြန်မြန်ဆန်ဆန်နဲ့ လွှတ်ပေး တာတွေ့ ရပါတယ်။
ဗိုလ်ချုပ်အုတ်ဂူရှေ့ မှာ ဒေါ်စုတို့ ကား (၃) စီး ဂါရ၀ပြုနေလို့ ဗိမာန်အတက်လှေခါးမှာ ကျနော်တို့နဲ့အတူ လူ တရာလောက် စောင့်နေရပါတယ်။ ဒေါ်စုတို့ကားတွေထွက်သွားမှ အပေါ်ကိုတက်ခွင့်ရပါတယ်။ ဒီတခါတော့ အင် အားက များလှပြီး အာဇာနည်ကြီးတွေကို အလေးပြုတဲ့အပြင် ထိုင်ကန်တော့ခဲ့ပါသေးတယ်။ ကျနော်က ချက်ချင်း ပြန်မဆင်းသေးဘဲ လွမ်းသူ့ပန်းခွေတွေ ထပ်တိုးလာသလားလို့ သိချင်တာနဲ့ချထားတဲ့ ပန်းခွေတွေ အစအဆုံးကို တ်ခေါက်ပြန်စစ်လိုက်ပါတယ်။ ထူးထူးခြားခြားတွေ့လိုက်ရတဲ့ မြင်ကွင်းက ကျနော့်ကို ကြက်သေသေ စေခဲ့ပါ တယ်။ ပန်းခွေလှလှကြီး ၂ ခု အသစ်ရောက်လာတာ ထပ်တွေ့ရပြီး လွမ်းသူ့ပန်းခွေကြီးရဲ့အလယ်မှာ ဘာစာမှ ရေးမထားဘဲ အဖြူရောင်တိပ်နဲ့ ကြက်ခြေခတ်ဖုံးအုပ်ထားတာ တွေ့လိုက်ရလို့ပါ။ ကျွန်တော်ကြည့်နေတုန်း အနားက အဒေါ်ကြီးတဦးကလည်း “ဟဲ့.. NLD ရဲ့ ပန်းခွေလည်း မတွေ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းခွေ လည်း မတွေ့ရဘူးနော်” လို့ သူ့မိတ်ဆွေကို လှမ်းပြောသံကြားလိုက်ရပါတယ်။ ထုံးစံအတိုင်း သူတို့ထွက်ခိုင်းတဲ့ အပေါက်က ကျနော်တို့ ပြန်ထွက်လာခဲ့ပြီး ဘတ်စ်ကားစီးလို့ မြေနီကုန်းဘက် ပြန်ခဲ့ပါတော့တယ်။
၆၄ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို နှစ်ခါနှစ်ခေါက် အလေး ပြုဖြစ်ခဲ့တာ ကျနော့်အတွက် အမှတ်တရပါ။ ပိုပြီး အထူးတလှယ် အမှတ်ရနေတာက ဘာမှရေးမထားတဲ့ လွမ်းသူ့ ပန်းခွေကြီး နှစ်ခုပါဘဲ။
ကျနော့်အမြင်ကိုပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်နဲ့ လွမ်းသူ့ပန်းခွေကို မတွေ့ရတာ အင်မတန် ထူးခြားပါတယ်။ ဒေါ်စုအနေနဲ့ သူ့ဖခင်အတွက် လွမ်းသူ့ပန်းခွေချ ချင်ပါလိမ့်မယ်။ တလောက ဆရာပါရဂူရဲ့ နာရေးမှာတောင် ဒေါ်စုရဲ့ပန်းခြင်းကို ကျနော် တွေ့လိုက်ရပါသေးတယ်။ ဗိုလ်ချုပ်ရဲ့နှစ်ပတ်လည်မှာ ဗိုလ်ချုပ် သမီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အဖေအတွက် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြုချင်မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။
နာမည်ရေးထိုးမထားတဲ့ အင်မတန်လှပတဲ့ လွမ်းသူ့ပန်းခွေကြီးနှစ်ခုကို ဘယ်သူပို့ထားတာပါလဲ။ ပန်းခွေကြီး နှစ်ခုရဲ့  နောက်ကြောင်းကိုလည်း သိချင်ပါသေးတယ်။
ကျနော့်မှာလည်း အဖြေတခု အဆင်သင့်ရှိထားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts