>Regime taking over Rubber Plantation in Mon State

>

မွန်ပြည်နယ်၌ စစ်တပ်အတွက် ရော်ဘာခြံ ဧက ရာချီ သိမ်းရန်စီစဉ်
အေးမွန်၊ ဇူလိုင် ၁၉၊ ၂၀၁၁
မွန်ပြည်နယ် သံဖြူဇရပ်ဘုရားသုံးဆူလမ်းပေါ်ရှိ သက်ကော ကျေးရွာအနီး ဒေသခံများပိုင် ရော်ဘာခြံမြေများကို အစိုးရစစ်တပ် က သိမ်းယူရန်စီစဉ်နေကြောင်း ဒေသခံများနှင့် မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။ သိမ်းမည့် ခြံဧကကို ၆၀၀ နှင့် ၁၀၀၀ ကြားရှိမည်ဟု ဒေသခံများကခန့်မှန်းကြသော်လည်း အဆိုပါပမာဏထက် ပိုမိုများပြားနိုင်ပြီး ဧက ၃၀၀၀ ၀န်းကျင်အထိပင် ရှိနိုင်သည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးအွန်းမွန်က ဆိုသည်။
ထိုသို့ ခြံမြေများသိမ်းယူရန် စီစဉ်ကို ယခုနှစ်ဆန်းပိုင်းမှ စတင်ခဲ့ပြီး စစ်တပ်အတွက် သိမ်းမည့်အစီအစဉ် ဖြစ်ကြောင်း ယခုလတွင်ပိုမို ထင်ရှားလာသည် ဟုလည်း ၎င်းက ပြောပြသည်။
အခု အဲဒီသိမ်းမယ့် ခြံတွေရှေ့မှာ အနီရောင်ပေါ်မှာ အဖြူရောင်စာလုံးတွေနဲ့ တပ်မြေ’ ဆိုပြီး ဆိုင်းဘုတ်တွေ ထောင်ထားပြီလို့  ဒေသခံတွေက ပြန်ပြောပြတယ်”ဟု ဦးအွန်းမွန်က ဆက်လက်ပြောဆိုသည်။
မြေသိမ်းမည့် သက်ကောကျေးရွာအနီးရှိ ခြံများကို မြေတိုင်းဌာနမှ  မြေလာတိုင်းတာမှုများပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း သိရ သည်။
မြေလာတိုင်းတာတော့ ကျနော်ကိုယ်တိုင်မြင်တယ်၊ ဒါပေမယ့် ဘာလုပ်မယ်ဆိုတာတော့ မပြောဘူး။”ဟု အမည်မဖော်လိုသည့် ဒေသခံ ရော်ဘာခြံရှင်တစ်ဦး က ပြောဆိုသည်။
မွန်ပြည်နယ်တွင် ရော်ဘာခြံစိုက်ပျိုးထုတ်လုပ်ခြင်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေဖြင့်လုပ်ကိုင်ကြပြီး သံဖြူ ဇရပ်မြို့နယ်ဝန်းကျင်ရှိ ရော်ဘာခြံများသည် လက်ရှိတွင် ဈေးအကောင်းဆုံးရရှိနေသော ခြံများဖြစ်သည်။ တစ်ဧကလျင် ကာလပေါက်ဈေး ကျပ် သိန်း ၈၀ မှ ၁၀၀ ၀န်းကျင် ရှိပြီး စတင်စိုက်ပျိုးပြီးချိန်မှ ၇  နှစ်၊ ၈ နှစ် ကြာမှသာလျင် ရော်  ဘာ အစေးများ ထုတ်ယူနိုင်ကြောင်း သိရသည်။
တစ်ချို့ခြံတွေ ဆို နောက် ၂ နှစ်လောက်ဆို ရော်ဘာအစေးထုတ်လို့ ရပြီ၊ အရမ်းနှမြောဖို့ ကောင်းတယ်”ဟု သံ ဖြူဇရပ် မြို့နယ် ပငကျေးရွာမှ ဒေသခံ နိုင်တင်အောင်က ပြောဆိုသည်။
အဆိုပါ ရော်ဘာခြံများနေရာတွင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌အခြေစိုက်နေသည့် အမှတ် ၄၃ တပ်ရင်းမှ လာရောက်တပ်ချထားမည်ဖြစ်သည်ဟု သိရကြောင်း ဦးအွန်းမွန်က ဆိုသည်။  ၁၉၉၅ ခုနှစ်နောက်ပိုင်း သံဖြူဇရပ်ဘုရားသုံးဆူ လမ်းတစ်လျှောက် အစိုးရတပ်များ ချထားမှု ရှိလာပြီး လက်ရှိတွင် အနန်းကွင်း ကျေးရွာနှင့် ရေတံခွန် ရွာတို့တွင် တပ်များ ချထားသည်။
မွန်ပြည်နယ်တွင် ယင်းသို့ တပ်များချထားရန်အတွက် ဒေသခံများ၏ မြေများကိုမကြာခဏ သိမ်းယူလေ့ရှိကြောင်း ၂၀၀၀ ပြည့် နှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်တာကာလအတွင်း မြေဧကပေါင်း ၁၂၀၀၀ ကျော်ကိုစစ်တပ်ကသိမ်းဆည်းခဲ့ကြောင်း မွန် လူ့အခွင့် အရေးဖောင်ဒေးရှင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော်သိမ်းယူထားသည့် မြေများအတွက် ဒေသခံများ ထိုက်သင့်သည့် လျော်ကြေး အလုံအလောက်မရရှိ ကြကြောင်း လည်း အဆိုပါဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts