>Tu Maung Nyo – Shaky Future of NLD & Beyond

>

ရတက်မအေးရတဲ့ NLD အရေး
တူမောင်ညို
ဇူလိုင် ၁၇၊ ၂၀၁၁
ကျနော့်မိတ်ဆွေကို ကျနော်က NLD ရပ်တည်ရေး၊ ဝန်းရံရေး၊ ကုလသမဂ္ဂတင်ပြရေး၊ မှတ်ပုံတင်ရေးစတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့အမြင်၊ သူ့သဘောထားတွေမေးမြန်းခဲ့ပါတယ်။
သူဖြေဆိုခဲ့တာတွေကို စာဖတ်သူမိတ်ဆွေများလည်း ပါဝင်ဆွေးနွေးနိုင်ဖို့ဝေငှလိုက်ပါတယ်။
(ကျနော်) NLD ရပ်တည်ရေးနဲ့ပတ်သက်ပြီး ခင်ဗျားအမြင်ပြောပါဦးဗျ။
(မိတ်ဆွေ) ပထမဆုံးအချက်အနေနဲ့ ပြောရရင် ဒီကနေ့ ဒီအချိန်မှာ NLD ရပ်တည်ရေးအတွက် ပြောဆိုတာ လှုပ်ရှားလုပ်ကိုင်တာ မှန်သမျှဟာ (စိတ်ဆန္ဒရှိသည်ဖြစ်စေ/မရှိသည် ဖြစ်စေ)  ထိပ်တိုက်ရင်ဆိုင်ရေး ဖြစ်တယ်။ NLD ရပ်တည်ရေး အတွက် ထိထိရောက်ရောက် ပြောဆိုလုပ်ကိုင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ တည်ဆဲဥပဒေဆိုတာတွေကို မဆန့်ကျင်ပဲမဖြစ်နိုင်ဘူးဗျ။
             ဒုတိယအချက်က NLD၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်တွေဖြစ်တယ်။ ဒါတွေကို (နဝတ-နအဖ) စစ်အစိုးရက နည်းလမ်းပေါင်းစုံသုံးပြီး ဖျက်သိမ်းဖို့လုပ်ခဲ့တယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရကလည်း ဖျက်သိမ်းဖို့ လုပ်နေဆဲဖြစ်တယ်။ လုပ်နေတာဖြစ်တယ်။
            NLD နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသိအမှတ်မပြုရေး၊ နိုင်ငံရေးနယ်ပယ်က မောင်းထုတ်ရေးကို သူတို့ အစဉ်တစိုက်လုပ်ခဲ့ကြတယ်။ အခုထိ လုပ်နေ ဆဲဖြစ်တယ်။
             ဒီတော့ ဖျက်သိမ်းရေးနဲ့ အသိအမှတ်မပြုရေး၊ ဝိုင်းပယ်ရေး လုပ်နေကြသူတွေနဲ့ NLD ရပ်တည်ရေး၊ တည်ရှိရေး လုပ်နေသူတွေဟာ ထိပ်တိုက်မတွေ့လိုပါဘူးလို့ ဘယ်လိုပဲပြောဆိုနေပါစေ ထိပ်တိုက်တွေ့ကို တွေ့နေ ရတယ်ဗျ။
           ကျနော့်အမြင်ကတော့ လူထုတိုက်ပွဲထဲကနေ မွေးဖွားလာခဲ့တဲ့ NLD ဟာ ဆက်လက်ရပ်တည် ရှင်သန်ရေးအတွက်လည်း လူထုတိုက်ပွဲနဲ့ပဲ အသက်ဆက်ရလိမ့်မယ်ဗျ။ တခြားနည်းလမ်း မရှိတော့ဘူးဗျ။ 
(ကျနော်) NLD ဝန်းရံရေးနဲ့ပတ်သက်လို့ရောဗျ။
(မိတ်ဆွေ) အပြန်အလှန်ဝန်းရံကြတာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် မြင်းကမလှုပ်ပဲ၊ ခုံကချည်းလှုပ်နေလို့ လည်း မဖြစ်သေးဘူး မဟုတ်လားဗျ။
 နောက်တစ်ခုက “ဟေး လာ မောင်ရို့” လို့ မခေါ်ပဲ၊ မတိုင်ပဲ ကျနော်တို့ဘက်က “ ဝါး ” ချင်နေလို့ရ တာ မဟုတ်ဘူးလေဗျာ။
(ကျနော်) NLD ရပ်တည်ရေးကိစ္စက ကုလသမဂ္ဂကို တင်ပြမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားထင်မြင်ချက်နဲ့ သဘောထားက ဘယ်လိုလဲဗျ။ 
(မိတ်ဆွေ)  အားမနာစတမ်း၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကုလသမဂ္ဂ က ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးဗျ။
(ကျနော်) ခင်ဗျားမို့လို့ မဦးမချွတ်ပြောရက်လိုက်တာ။ လုပ်နိုင်တဲ့နည်းတွေနဲ့ လုပ်ကြကိုင်ကြရမှာ မဟုတ်ဘူးလား ဗျ။
(မိတ်ဆွေ) အရှိကိုအရှိအတိုင်း၊ ကျနော်မြင်သလိုပြောတာပါ။ ထိခိုက်ပါစေနစ်နာပါစေရယ် ဆိုတဲ့ သဘော တစိုး တစိမှမပါရှိပါဘူး။ ကျနော့်သဘောထားကဒီလိုဗျ။
            NLD အနေနဲ့ တိုင်းပြည်နဲ့လူထုကို လက်တွေ့ကျတဲ့ မျှော်လင့်ချက်ကို မပေးနိုင်ရင်တောင်မှ ဇာတ်မျောရမယ့် မျှော်လင့်ချက် (လက်တွေ့မကျတဲ့ မျှော်လင့်ချက်) တော့ မပေးသင့်ဘူး ထင်ပါတယ်။
            နောက်တစ်ခုက ဒီကနေ့နိုင်ငံတကာအခင်းအကျင်း၊ မြန်မာပြည်တည်ရှိနေတဲ့ ပထဝီဝင်အနေအထား စတာတွေနဲ့ ဆက်စပ်ကြည့်လိုက်ရင်NLD ရပ်တည်ရေးကိစ္စ ကုလသမဂ္ဂက ကိုင်တွယ်ဖို့ဆိုတာဟာ ထိထိရောက်ရောက် ပါဝင်ဖြေရှင်းပေးနိုင်ဖို့ ဆိုတာဟာ “လာမယ်ကြာမယ်”ဆိုတဲ့ စကားလိုပဲ ဖြစ်နေလိမ့်မယ်ဗျ။ ကိုဖီအာနန် ကနေ ဘန်ကီမွန်း လက်ထက်ရောက်လာခဲ့ပြီဗျ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ အထူးကိုယ်စားလှယ်တွေသာ တစ်ယောက်ပြီး တစ်ယောက် လာခဲ့ကြတယ် ပြန်ခဲ့ကြတယ်။ ထင်သာမြင်သာရှိတဲ့ ဖြေရှင်းဆောင်ရွက်ချက် ဘာတွေများ ရှိခဲ့လို့လဲ။
            နိုင်ငံတကာအခင်းအကျင်းဘက်ကိုကြည့်ပါ။ ဆက်ဒန်ဟူစိန်နဲ့ အိုစမာဘင်လာဒင်ကို အမေရိကန်က တာဝန်ယူ အပြတ်ရှင်းနိုင်သလို၊ မွန်မာကဒါဖီ ကိုလည်း ပြင်သစ်က တာဝန်ယူဖြေရှင်းနေပါတယ်။ ဗိုလ်သန်းရွှေ နဲ့ သမ္မတ ဦးသိန်းစိန် တို့ကို ဘယ်သူက တာဝန်ခံဖြေရှင်းမှာလဲ။ အဲဒီလိုဖြေရှင်းလိုက်တဲ့အခါမှာလည်း အီရတ် မှာ၊ အာဖဂန်မှာ၊ ပါကစ္စတန်မှာ အများက မျှော်မှန်းနေကြတဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီရှိမှုတွေဟာ ခိုင်မာတဲ့အာမခံချက်နဲ့ ထွန်းသစ်လာနေပြီလား။ ဗုံးသံအမြောက်သံတွေသာ မိုးနှယ်ခြိမ်းနေပြီး သွေးနဲ့ မျက်ရည် တွေကတော့ မြစ်ရေတွေလို စီးဆင်းနေဆဲပဲလေဗျ။
           မြန်မာပြည်တည်ရှိနေတဲ့ ပထဝီဝင်အနေအထားဘက်က ကြည့်ပြန်တော့လည်း တရုတ်ပြည်ရဲ့ သြဇာစက်ဝန်း နယ်ပယ်ထဲမှာ မဟုတ်လားဗျ။ ဒီတော့ဗျာ ကျနော်တို့တိုင်းပြည်ပြဿနာ၊ NLD တည်ရှိရေးပြဿနာ ဟာ နိုင်ငံကြီးတွေအတွက် သံတမန်ရေးဟန်ရေးပြစရာ၊ ကြွားလုံးထုတ်စရာအဖြစ်နဲ့သာ ဇာတ်မျောနေတော့မှာပေါ့ ဗျာ။ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်တွေတင်တဲ့အခါ တရုတ်တို့၊ ရုရှားတို့က ဘယ်လိုရပ်တည် ဘယ်လို မဲပေးခဲ့ကြသလဲ ဆိုတာလည်း ကျနော်တို့ ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။
            ဒါကြောင့် ကုလသမဂ္ဂ က ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောရတာပါ။
        တရားမျှတမှုကို ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ရှာဖွေမယ်ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ သတိပြုမှတ်သားစရာ ကောင်းတဲ့ စကားလေးကို ဒီနေရာမှာ ကိုးကားပါရစေ။
          “ သံတမန်နည်းနဲ့အတော်ကို ခရီးရောက်နိုင်ပါတယ်။ အဲဒီသံတမန်နည်းနောက်မှာ မျှတမှုနဲ့ လက်နက် အင်အားပါရင် ပိုမိုခရီးရောက်နိုင်ပါတယ်” တဲ့
             ( You can do a lot with  diplomacy, but of course you can do a lot more with diplomacy backed up by fairness and force. )
          NLD ဘက်က တရားမျှတမှုနဲ့ကျိုးကြောင်းဆီလျော်မှုဟာ ပြည့်စုံခိုင်လုံပါတယ်။ အင်အားဆိုနဲ့ပတ် သက်ရင်တော့ လက်နက်အင်အားဆိုတာထက် ပြည်သူ့စွမ်းအား (People’s Power) တောင် ဖွဲ့ဖွဲ့စည်းစည်း မရှိသေးဘူးလို့ပြောရင် အပြောလွန်ရာများကျသွားမလားဗျာ။
(ကျနော်) NLD တရားဝင်ရပ်တည်နိုင်ရေးအတွက် မှတ်ပုံတင်မယ့် အလားအလာနဲ့ ပတ်သက်လို့ရော ခင်ဗျား ဘယ်လိုခန့်မှန်းသလို၊ ဘယ်လိုထင်သလဲ။
(မိတ်ဆွေ) နိုင်ငံရေးပါတီအဖြစ်တော့ (လုံးဝ) မှတ်ပုံတင်လိမ့်မယ်မဟုတ်ဘူးဗျ။ ဒီကိစ္စကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်ယူဆထားတယ်။ ဒါက NLD တစ်လျှောက်လုံး ရပ်တည်ကိုင်စွဲလာတဲ့ ရပ်တည်ချက်နဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တယ်ဗျ။ ဒါကိုစွန့်လွှတ်ပြီး မှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲလို့ ယူဆတယ်။
             လူမှုရေးလုပ်ငန်းတွေ (ဥပမာ – PLWHA စောင့်ရှောက်ရေးဂေဟာ/ အမေ့အိမ်ပညာဒါနကျောင်း စတဲ့) နဲ့ပတ်သက်တာတွေကိုတော့ မှတ်ပုံတင်မယ်ဆိုရင် တင်နိုင်တဲ့ အလားအလာတော့ရှိတယ်လို့ ကျနော် ခန့်မှန်း မိတယ်။ တင်လိမ့်မယ်လို့ ကျနော် တထစ်ချပြောတာမဟုတ်ဘူးနော်။ တင်ချင်ရင်တင်နိုင်တဲ့ အလားအလာရှိ တယ်လို့ပြောတာပါ။ မှတ်ပုံမတင်ဘူးဆိုရင်တော့ ဒီလူမှုရေးကိစ္စတွေလည်းမှာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူတွေအကြားမှာ အနှေးနဲ့ အမြန်ဆိုသလို ထိပ်တိုက်တွေ့ကြရဦးမှာပဲဗျ။
            အားလုံးကိုချုပ်ပြောရမယ်ဆိုရင် NLD တရားဝင်တည်ရှိရေး၊ လူထုနဲ့ထိတွေ့ရေး၊ လူထုအစိတ်အပိုင်းအချို့ရဲ့ လိုအပ်မှုတွေကို ကူညီဖြည့်ဆီးရေး၊ လူငယ်များကို စည်းရုံးပညာပေးရေး၊ မိမိပါတီဝင်များနဲ့ ပါတီလုပ်ငန်းများ ဆောင်ရေး၊ ယုတ်စွအဆုံး လူမှုကူညီရေးလုပ်ငန်းများကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်ဆောင်ရွက်လာမယ်၊ လှုပ်ရှားလာမယ်ဆိုရင်တော့ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ထိပ်တိုက်တွေ့မှုဟာ ဘယ်လိုမှ ရှောင်လွှဲနိုင်ဖွယ်ရာ အကြောင်းမရှိတော့ ပါဘူး။
          ခေတ်မီတိုးတက်လာနေတဲ့ ဆေးသိပ္ပံပညာနဲ့ သေခြင်းတရားကိုရင်ဆိုင်ရာမှာ ယာယီအားဖြင့် အချိန် ဆွဲကောင်းဆွဲထားနိုင်မှာဖြစ်ပေမယ့် NLD ဟာ လူထုအကျိုး လူထုလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်လာတဲ့အခါမှာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ရင်ဆိုင်ရမယ့် ထိပ်တိုက်တွေ့မှုကတော့ ဘယ်လိုမှ အချိန် မဆွဲနိုင်ဘဲ မုချထိပ်တိုက်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။
            ထိပ်တိုက်မတွေ့လိုဘူး ဆိုရင်တော့ အိမ်မှာ ငြိမ်ငြိမ်ကလေး ထိုင်နေဖို့ပဲရှိတယ်။
 ဒါတောင် ဒီတိုင်းထိုင်နေလို့မရဘူးဗျ။
တင်ထားခဲ့တဲ့  ဆိုင်းဘုတ်နဲ့အလံတော့ ဖြုတ်ချပေးရဦးမှာ ဖြစ်တယ်။
       ကျနော့်ကိုချည်း ခင်ဗျားက မေးခွန်းတွေမေးနေတယ်။ ကျနော်ကလည်းခင်ဗျားကို မေးခွန်းတစ်ခု ပြန် မေးပါရစေ။
          “မတရားရဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ”ဆိုတဲ့ လှုပ်ရှားမှုကို NLD က ဘာလို့မလုပ်တာလဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts