Law Eh Soe Overseas Burmese ခေတ်ပြိုင်အတွေ့အကြုံ

Law Eh Soe – Fade Away Dream

အရောင်မှိန်သွားသော အိမ်မက်
လောအယ်စိုး၊ မေ ၁၂၊ ၂၀၁၃
သူတို့ အလွန်ပျော်ရွှင်နေသော မြင်ကွင်းကိုကြည့်၍ နော်မြင့် တစ်ယောက် သက်ပြင်းချမိသည်။ ၎င်းတို့နှစ်ဦးသား ပြောနေကြသော စကားကိုလည်း မိမိ နားမလည်။ 
 ‘ အိုး ” ” ရက်စ်” ‘ နိုး” ဆိုတာတွေ လောက်တော့ သိသည်။
ချစ်သောသူ၏ ခါးကိုတလှည့်  ပခုံးကိုတစ်ခါ ဖက်ယမ်းရင်း ပျော်ရွှင်နေသော သမီးကိုလည်း စိတ်မဆိုး ရက်ပါ။
သူတို့ ပျော်ရွှင်ပါစေ၊ သူတို့ကြည်နူးကြပါစေလို့သာ စိတ်ထဲမှ ကြိတ်ရင်းဆန္နပြုမိပါသည်။ ဘ၀ခရီးဟူသည် အဘယ်သိုသော အရာဖြစ်သည်ကို သူတို့လေးတွေ သိချင်မှသိမည်။ အဘယ်မျှ ကြမ်းတမ်းသော ခရီး ရှည်ကြီး တစ်ခု ဖြစ်မည်ဆိုသည်ကိုလည်း ယခု သူတို့နားလည်ချင်မှ နားလည် ရှာပေလိမ့်မည်။
ထိုမြင်ကွင်းကိုကြည့်ရင်း နော်မြင့်တစ်ယောက် မျက်ရည်များ ရစ်ဝဲကာ မိမိကိုယ်ကို ရှိုက်ကြီးတငင် မငိုမိအောင်သာ အတတ်နိုင်ဆုံး ချုပ်တိမ်းထားခဲ့သည်။
ငါတို့သားအမိတတွေ သွားရမဲ့အဲဒီ အမေရိကန်နိုင်ငံဆိုတာ ဘယ်လိုကြီးပါလဲဟု မေးခွန်းတွေ မေးမိတော့ …
” ဟာ့ … အဲဒီမှာ အစားအသောက်တွေ အရမ်းပေါတယ်။ လူအတော်များများက ချမ်းသာကြပြီး ကားအကောင်းစားတွေ     စီးနိုင်တယ်။ နောက်ပြီး အမေရိကန်က ရဲတွေက ငါတို့နိုင်ငံနဲ့ ယိုးးဒယားက ရဲတွေလို မဆိုးဘူး။ ပိုက်ဆံလည်း မညှစ်ဘူး …”
ဆိုတာကို ဘ၀တူ ဒုက္ခသည်တစခန်းထဲနေ ကိုထောနေမူးက နော်မြင့်ကို ပြောပြ နေခြင်းပါ။          
“ အစိုးရက နင်ကလေးတွေကိုလည်း ကျောင်းထားပေးမှာ၊ ငါတို့ ခဏခဏဖုန်းဆက်ပြီးတော့ အဲဒီက ၀မ်းကွဲညီအစ်ကိုတွေ ပြောပြလာတာကတော့ ကလေးတွေကျောင်းသွား ကျောင်းသွားကျောင်းပြန်  ဘတ်စ်ကား အ၀ါရောင်ကြီးတွေနဲ့ အကြိုအပို့ လုပ်ပေးတယ်လို့ ပြောတယ်။”
 နော်မြင့်အတွက် အဲဒီအချက်က အရေးကြီးဆုံး၊ မိမိ ယခု အသက် လေးဆယ့်ငါးနှစ် ကျော်ကျော် အတွင်း သူငယ်တန်းအထိသာ ကျောင်း နေခဲ့ရဘူးသည်။ တာဝန်မဲ့လွန်းသော ခင်ပွန်းသည်ကိုလည်း မလွမ်းတော့ပါ။ တတိယသားငယ်ကို မွေးပြီးကတည်းက မိမိနှင့်အတူ မိသားစုကိုစွန့်၍ ဘန်ကောက်သို့ သွားပြီး အလုပ်သွားလုပ်မည်ဟု ထွက်သွားလိုက်တာ နောက်ဆုံး မိမိတို့သားအမိ လေးဦး ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ထွက်သွားချိန်ထိ ဘာအဆက်အသွယ်မှ မလုပ်၊ ငွေလည်းမပို့ ။ သေသလား၊ ရှင်သလား ဆိုသည်ကိုလည်း မသိတော့။
ရှစ်နှစ်ကျော်ကြာကြာ အတူပေါင်းသင်း နေထိုင်ကတည်းက၊ သောက်မည်၊စားမည်၊ လောင်းကစား လုပ်မည်၊ မွေးကတည်းက ခြေတဖက်သန်စွမ်းခြင်းမရှိခဲ့သော မိမိကိုယ်ပင် ဈေးရောင်းခိုင်း၊ ရသည့်အမြတ်ရော အရင်းပါ သူမူးလျှင် ဓါးပြတစ်ဦးကဲ့သို့  လုတတ်သည်။
သူ့ကို မတမ်းတမိသော်လည်း၊ ဖခင်မဲ့ကဲ့သို့ဖြစ်နေသော သမီးနဲ့သားတို့ကို ကြည့်ရင်း နော်မြင့် တစ်ယောက် ရင်ထဲမှာ နာကျည်းမိသည်။
မိမိဘ၀သည်  သည်မျှနှင့် ပြီးပါစေတော့၊ သို့သော် လူမမည် ဒီသမီးနှင့်သား တို့ကို အနာဂါတ်ဝင်းပနေဘို့၊ မိမိမြင်ချင်သည်။ မရေရာ မသေချာသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မိမိ သေသေချာချာမသိသော်လည်း  ယခုအချိန်အတွင်း မွေးရပ်မြေ ရွာကို ပြန်ပြီးနေထိုင်ရန်၊ အဆင်မပြေသေးကြောင်းကိုတော့ သိသည်။ တိုင်းပြည်က ငြိမ်းချမ်း၍ အဆင်ပြေစေကာမူ၊ မိမိနှင့် မိသားစုတို့ ဘယ်လိုလုပ်ကိုင်စားသောက်ကြရမည်လဲ … ဆိုသော မေးခွန်းကို မိမိကိုယ်တိုင်ကလည်း  မဖြေတတ်။
အပြင်လောကကြီး ၊ကမ္ဘာလောကကြီး ဘာဖြစ်နေသလဲဆိုတာ ၊ဒုက္ခသည်စခန်းမှာနေသော မိမိတို့ အများစု မသိသော်လည်း နေ့စဉ် စားဖို့၊ သောက်ဖို့၊ ကလေးတွေကျောင်းတက်ဖို့ ၊ ဒီမှာက ဘာမျှပူစရာမလို။ နေမကောင်းရင်လည်း၊ ဆေးခန်း၊ ဆေးရုံ လည်းရှိသည်။
သို့သော် နောင်လာမည့် ဖြစ်သော အနာဂတ်ကာလ၊ နေ့ရက်များအတွက် မိမိလည်း မရွေးချယ် မမှန်းဆတတ်။ တခါတရံ မိမိသည် အနာဂတ်ဆိုသောကာလတစ်ခုနှင့် မည်သို့မျှမပတ်သက်သော လူသားတစ်ဦးပင် ဖြစ်နေပြီလားဟုပင် ထင်မိသည်။ သီးခြားကမ္ဘာကြီးတစ်ခုနှင့် တူနေသော ထိုဒုက္ခသည် စခန်းကို မိမိတို့ မိသားစုတို့ စွန့်ခွာရမည့် အချိန်သည် နီးကပ်လာပြီဟု တာဝန်ရှိသူများက အကြောင်းကြား လာပါသည်။
အေးလေ … စောင့်ရသည့်နှစ်ကလည်း လေးနှစ်နီးပါးလောက် ကြာခဲ့သည် မဟုတ်လား။ ဓာတ်ပုံရိုက်ဆိုလည်း  တစ်မိသားစုလုံး ရိုက်ပြန်ပြီ၊ လူတွေ့စစ်ဆေးခြင်း၊ အင်တာဗျူး ဆိုလည်း ဗျူးကြပြန်။ ယူအင် (UN) ၊ ထိုင်း၊ အမေရိကန်ဆိုသော တွေ့ဆုံမေးမြန်းမှုတွေကလည်း တသီကြီး။ တစ်ခါ  တစ်အုပ်တမကြီး ဒုက္ခသည်များကို ခေါ်၍ မဲဆောက်တွင် ဆေးစစ်ရမည်ဆိုတော့လည်း စစ်ကြပြန်။ သွားဖို့၊ လာဖို့၊ စားသောက်ဖို့၊ စရိတ်စကတွေ မိမိတို့ မထုတ်ရတာတော့  တော်တော့သည်။ ပေးရပြန်ရင်းလည်း အဲဒီငွေကြေးကို ဘယ်ကနေ ဘယ်လို ရှာရမယ်ဆိုတာကိုလည်း မသိတော့။
လူအများဒီမှာ ပြောနေကြာသလို ” ဘုရားသခင် စီစဉ်ပေးတယ် ” လို့ပဲ  မိမိခံယူသည်။
မိမိတို့ မကြာခင် အမေရိကန်နိုင်ငံကို ထွက်ခွာရမည့် ကိစ္စအတွက် မဖြစ်မနေတက်ရမည့် သင်တန်းထဲတွင် လေယာဉ်ပျံစီးခြင်း အတတ်ပညာသင်တန်းကလည်း ပါသည်။
ကောင်းကင်ယံတွင် လူအများကိုသယ်ဆောင်ပြီး၊ ပျံသန်း နေသောယာဉ်ကို လေယာဉ်ပျံဟု၊ မိမိငယ်စဉ်ကတည်းက မြင်ဘူးသည်။ ရွာအတွင်း စပါးစိုက်ရင်း ၊ရွာလမ်းမကြီးတွင် လျှောက်ရင်း မိးခိုးတန်းဖြူဖြူ ကြီးနှင့် ယာဉ်ပျံကြီးကို  မိမိငယ်စဉ်ကတည်းက စီးချင်လိုက်တာဟု စိတ်ကူးယဉ်မိသည်။ ဘာပဲဖြစ်ဖြစ် သားအမိတွေ အဲဒီလေယာဉ်ပျံကြီးကို တကယ်စီးရမည်ဆိုတော့ ရင်တော့ အခုန်သား ၊ စီးရမည့်နေ့အတွက် ကြိတ်၍ ပျော်ကာ စိတ်ကူးမိသည်။ “အဆုံးအစမရှိသော ကောင်းကင်ယံတွင် ခရီးသွားရခြင်းကား ဘယ်လိုပါလိမ့် … ပေါ့”
ဒီလိုနဲ့အထဲမှာ သင်္ဘောကြီးနဲ့တူသော လေယာဉ်ပျံကြီးကို တကယ်ပင် ဆယ့်နှစ်နာရီကြာအောင် စီးခဲ့ရသည်မသိ။ ငြီးငွေ့လောက်အောင် အချိန်ပေးပြီးစီးခဲ့ရသည်။ ထိုင်လည်းမလွတ်လပ် ၊ထရင်လည်း မလွတ်လပ် ၊လေယာဉ်စီးရခြင်း၏ ဒုက္ခကို နော်မြင့်တစ်ယောက် နဖူးတွေ့ ၊ဒူးတွေ့ ခံစားပြီး လေယာဉ်ကို နောက်တခါ စီးချင်စိတ်ပင် မရှိသလောက် ဖြစ်သွားတော့သည်။
သို့သော် မိမိ၏သမီးနဲ့ သားတို့မှာကား ပျော်လို့ ရွှင်လို့၊ သူတို့တွေအတွက်ကတော့ မမြင်ရသေးသော အနာဂတ်ကာလအတွက် ကြိုပြီး စိတ်လှုပ်ရှားနေပုံရသည်။ မျက်လုံးလေးတွေကလည်း အရောင်တွေလို တဖိတ်ဖိတ် တောက်လို့ပေါ့။
အဲဒီ အမေရိကန်နိုင်ငံကြီးကို ရောက်တာတောင်မှ လေယာဉ်ပျံကို နှစ်ခါပြောင်းပြီး မိမိတကယ်နေထိုင်ရမည့် “ဘာဖလိုးမြို့” ဆိုသော မြို့ကို ရောက်သည်။ ကောင်းကင်မှာလည်း နှင်းတွေ ဖွေးဖွေးတွေကျ၊ မြေပြင်တပြင်လုံးမှာလည်း ရေခဲတွေက ဖွေးဖွေးလို့ဖြူလို့ ၊လှလိုက်သည့်မြင်ကွင်း။ အတော့်ကို အေးသည်၊ အရမ်းကို ချမ်းသည်။ ချမ်းလို့ မိသားစုတွေ ရေမချိုးလည်း မရ၊ ရေမချိုးရင် သွေးလည်ပတ်မှု မကောင်းရင် ပိုအေးသည်ဟု ပြောသောကြောင့် ရေကို တနေ့တခါ ချိုးဖြစ်အောင်ချိုးရသည်။
မိမိကဲ့သို့ ဒုက္ခသည်များကို ကူညီထောက်ပံ့သောရုံးတွေက အမေရိကန်နိုင်ငံ၏အကြောင်းကို ရှင်းပြရရင် မိမိအမြဲပဲ စွဲနေသည်က အမေရိကန်ဆိုတာ “ကမ္ဘာသစ် ” တဲ့ ။
ပြီးတော့ “ဘာဖလိုး ” ဆိုတာ “ကျွဲ”   တဲ့။ သိုသော် ဒီမြို့တွင် ကျွဲဆိုရင် အရုပ်များကိုသာ မြင်ဘူးသည်။ ဘာသက်ရှိ ကျွဲတစ်ကောင်မှလည်း ယနေ့အထိ မမြင်ဘူး။ သို့သော် မိမိရင်ထဲတွင်တော့ ကမ္ဘာသစ်နှင့် ကွှဲုတို့နေထိုင်သော အရပ်သည် အမေရိကန်ဖြစ်၏။ ထိုဒေသတွင် မိမိတို့ အခြချနေထိုင်ရမည်။
မိမိ၏သမီးနှင့် သူမ၏ချစ်သူ ပြောနေသောစကားသံများကြောင့် နော်မြင့်တစ်ယောက်  အတိတ်ရဲ့ အတွေးစများ ပြတ်သွားပြီး သင်းအုပ်ဆရာနှင့်အတူပါလာသော၊ စကားပြန်ကို ဒီသူငယ် ဘာများပြောသလဲဟု မေးကြည့်မိသည်။ သမီးလေး၏ မျက်နှာကို ကြည့်တော့လည်း ၊ ဒီသူငယ်လေးပြောသော စကားကို သဘောတွေကျပြိး ပျော်ရွှင်နေလိုက်တာ။
” သြော် … သူပြောနေတာက    သူက မိဘအသစ်တွေ သိသင့်တဲ့ သင်တန်းကိုတက်ပြီး ဖခင် တစ်ယောက်အနေနဲ့ ပြင်ဆင်တော့မယ်လို့ ပြောတာ”  
ဟု စကားပြန်သူက အဓိပ္ပာယ်ပြန်ပေးလိုက်သည်။
သြော် … … သူတို့တတွေကတော့ အိမ်ထောင်သားမွေးပြီး ဘ၀ခရီးကိုဖြတ်ရမှာကို အရမ်း လွယ်ကူတယ်လို့ ထင်နေမလား။ မိမိတို့မိသားစုဘ၀တွင် တာဝန်မဲ့လွန်းသော  ခင်ပွန်းသည်ကို အပြစ်လည်း ပုံပြီး မတင်ချင်တော့ပါ။ ဒီအချိန်မှာလည်း သူတစ်ယောက် လောကကြီး၏ ဘယ်သောင်ယံ ၊ ဘယ်ကမ်းပါးဆီမှာ ရှိနေမှန်းလည်း မသိ။
 ရွာနဲ့ ဒုက္ခသည်စခန်းတွင် နေထိုင်စဉ်ကာလအတွင်း ဖဲရိုက်၊ အရက်သောက်ဖြင့်သာ အချိန်ကုန်ပြီး အကြွေးတွေနဲ့သာ မိမိတို့မိသားစု နပန်းလုံးနေခဲ့ရသည်။ မွေးကတည်းကလည်း ခြေတဖက်မသန်၊ ဒုက္ခိတဖြစ်သော၊ မိမိကိုယ်ကိုမညှာ၊ ဈေးရောင်းခိုင်း၊ ချဲရောင်းခိုင်း။ ထိုနေ့ရက်တို့ကိုလည်း ပြန်ပြီး တကယ် မတွေးချင်တော့ပါ။ 
သူ့အဖေလို တာဝန်မဲ့လွန်းသောနှလုံးသားနှင့် ဘ၀ကိုအလေးအနက်မထားလွန်းသော စိတ်ထားသည်  “ဘုရား … ဘုရား … သမီးကြီးကိုလည်း ဒီအရွယ်မှာ ကူးစက်သွားပြီးလားမသိ …” ဟု စိုးရိမ်မိလိုက်သည်။
“ကျွန်မမှာလည်း   ဒီသားလေး တစ်ယောက်ပဲရှိတာပါ၊ ဒီကလေးက ဘာမှနားလည်မှု မရှိသေးပါဘူး။ ပထမအိမ်ထောင် သူ့အဖေနဲ့ကွဲပြီး  အလိုလိုက်ခဲ့မိလားတော့ မသိဘူး။  ဘ၀နဲ့ ဒုက္ခအခက်အခဲ ဆိုတာကို သူနားမလည်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို အထက်တန်းအောင်သည့်အထိ ကျောင်းဆက်တက်စေချင်ပါတယ်။ ပြီးတော့ ဒီမင်္ဂလာဆောင် လက်ထပ်မဲ့ကိစ္စကို  ကျမတို့ဘက်ကနေ ၊ စီစဉ်ပေးပါမယ်နော်။ မပူပါနဲ့။  သူ … ကျမသားဟာ လောကကြီးအကြောင်း၊ ဘာမှ မသိသေးပါဘူးရှင် …”
 စကားပြန်မှတဆင့် ပြောနေသော စကားကို  နော်မြင့်တစ်ယောက် ဂရုတစိုက် နားထောင်နေရင်း သမီး၏ချစ်သူအမျိုးသားရဲ့ မိခင်၏မျက်နှာကို ကြည့်လိုက်တော့ အို … သူ့မျက်ဝန်းမှာလည်း … မျက်ရည်တွေ ၀ဲလို့ပါလား။
“ကျမအမေက ဒီအမေရိကန်နိုင်ငံကို ရောက်ခါစမှာ အင်္ဂလိပ်စကားလည်းမတတ်၊ ဟိုး…..ပေါတူဂီဂန် နိုင်ငံက လာခဲ့တာပါ။ သူရုန်းကန်ပြီး   ကျမတို့ကို ကျွေးမွေး၊ ကျောင်းထားလာခဲ့တာပါ။ ဒီမှာ ဘွဲ့ရပါတယ်။  ဒါကြောင့် ဒီအမေရိကန်တွေနဲ့ တန်းတူအလုပ်လုပ်နိုင်တာပါ။ ကျမတို့ ငယ်စဉ်က ရုန်းကန်းခဲ့ရတာကို  ဒီသားက ဘယ်သိမှလဲရှင်။ သူအတွက် မွေးကတည်းက အားလုံး အဆင်သင့်ပဲလေ။  သူ့ အဖွားကလည်း သူ့ကို အလိုလိုက်ခဲ့လို့လည်း … ”
စကားပြန်ပေးနေသော  စကားကို နားထောင်းရင်း 
 “သြော် … … ဘ၀မှာ လူတွေက နေရာ၊ ဒေသ၊ အသွေးအရောင်၊ ဘာသာတွေ လူမျိုးးတွေ မတူညီ ကြပေမဲ့လည်း  လောကဓံတရားကို ရင်ဆိုင်ရခြင်းက  အတူတူပါပဲလား ” ဆိုတာကို  နော်မြင့်တစ်ယောက် ရင်မှာ သဘောပေါက်မိသွားသည်။
“သြော်  … လောကဓံ၊ လောကဓံ  ဘာပဲဖြစ်ဖြစ် ရှိရှိသမျှအင်အားနဲ့  အကောင်ဆုံး ရုန်းကန်ပြီး ရင်ဆိုင်ရမှာပဲလေ….။
“ကျွန်မတို့ တစ်မိသားစုလုံးက အစိုးရအထောက်အပံ့ကိုပဲမီပြီး နေထိုင်ရတာကတကြောင်း၊ မွေးကတည်းက  ခြေတစ်ဖက်မသန်၊ ဒုက္ခိတဖြစ်ခဲ့တဲ့ ကျွန်မကလည်း အလုပ်ကလည်း မလုပ်နိုင်၊ အဲဒီအတွက်  ဒီသမီးကိစ္စက တခါပေါ်လာတော့ ဘယ်လိုဘ၀ကို ဆက်ပြီး ရင်ဆိုင်ရမလဲ ဆိုတာ  မစဉ်းစားတတ်အောင်ပါပဲ။ သမီးတွင် ကိုယ်ဝန် (၄) လ ရှိနေပြီဆိုတာကို နှစ်ဖက်သောမိခင်တွေ သိနေပြီး မဟုတ်ပါလား။”
 စကားပြန်မှပြောသော စကားကို သမီးချစ်သူ၏အမေက နားထောင်ပြီး  
“အဲဒီကိစ္စအတွက် မပူပါနဲ့၊ ကျမတာဝန်ယူပြီး ကျမချွေးမလောင်းအတွက်အိမ်ခန်းကို ငှားပေးပါ့မယ်။ လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ကျမတို့က ပေးပါ့မယ့်။”
နော်မြင့် သက်ပြင်းချပြီး ပြုံးမိသည်။ ကျေလည်း ကျေနပ်သွားသည်။ သို့ပေမဲ့ မိမိ၏သမီးဝန်ထုပ် ၀န်ပိုးကြီး သူမပခုံးပေါ်သို့  ရောက်ရှိသွားခြင်းအတွက်တော့  စိတ်မကောင်း ဖြစ်မိသည်က အမှန်ပါ။  သို့သော်… ဒီပြသာနာကို  မိမိလည်း ဘယ်လိုမှ ဖြေရှင်းရင် မတတ်တာက တကယ်အမှန်ပါ။
အမေရိကန်နိုင်ငံကို ရောက်စတုန်းက အခက်အခဲတွေ ၊ အသစ်သော ရုန်းကန်စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း  သမီးကြီးကို တချိန်ချိန်မှာ ဆရာဝန်မကြီးလား၊ ကျောင်းဆရာမကြီးလား၊ ကုမ္ပဏီတစ်ခုခုက  အရာရှိကြီးလား ဆိုပြီး မှန်းဆ ပြီး ရည်မှန်းခဲ့သည်။
ထက်မြက်သော သမီးကြီးကို မိမိဘ၀တွင်  မရည်မှန်းရဲခဲ့သောအိပ်မက် ၊ ရည်မှန်းချက်ကြီး ထားခဲ့သည်ကတော့ အမှန်ပါ။
ဒီမှာ ကျောင်းတက်ပြီး ၆လ လောက်ကြာတော့ အင်္ဂလိပ်စကားကို  အတော်ကျွမ်းကျင်အောင် သူမ ပြောတတ်နေပြီပဲ။ ရောက်စတုန်းကလို ဈေးဝယ်၊ လျှပ်စစ်မီး ခပေး၊ ဂတ်စ်ဖိုးပေး၊ ဆေးဆိုင်မှာ ဆေးသွားထုတ် စသောကိစ္စတွေအတွက် အင်္ဂလိပ်စကားတတ်သောသူတွေကို မျက်နှာအငယ်ခံပြီး ခေါ်စရာမလိုတော့ပါ။       သမီးကြီးကိုပဲ အားကိုးရသွားပေပြီး။ ဆက်ပြီးအနာဂတ်မှာ သမီးကြီးကို မိမိတို့မိသားစုအတွက်  ဆက်လက်ပြီး အားကိုးချင်ခဲ့တာ  အခုတော့လည်း  ဖြစ်သမျှအကြောင်း အကောင်းကြီးပဲလို့ပဲ ယူဆရတော့မှာပေါ့။ အေးလေ … သူလည်း သူ့ဘ၀ကို သူတို့နှစ်ဦးပဲ လွတ်လွတ်လပ်လပ် လျှေက်ချင်နေပြီပဲ။ 
 “ဟုတ်ပါပြီ  ….ကျမတို့ ပြန်တော့မယ်၊ ကျမပေးထားတဲ့ ကိစ္စ ၊ကတိတွေအတွက်  အကောင်းဆုံး ဆောင်ရွက်ပေးပါမယ်။ နောင်လည်း  မကြာမကြာ လာပါ့မယ်”  ဟု သူငယ်၏မိခင်သည် နော်မြင့်ကို ပြောရင်း  အမေရိကန်လိုနှုတ်ဆက်လေ့ရှိသော  မိမိကို ရင်ချင်းကပ်လျှက် အားရပါးရပွေ့ဖက်ပြီး၊ မိမိ၏ပါးပြင်ကိုလည်း နမ်းသွားသည်။
ကြီးပြင်းလာတာချင်း မတူ ၊လူမျိုးကလည်း မတူ၊ ပြောသော ဘာသာစကားကလည်း မတူ၊ ဘ၀ကို မြင်သော အမြင်တွေကလည်း တူကြမည်မဟုတ်။  သို့သော် မကြာမီ  ထိုအိမ်ထောင်စုနှစ်ခုတို့သည်  ဆွေမျိုးများ ဖြစ်ကြတော့မည်။
 သူတို့တစ်တွေက စပိန်ဘာသာစကားပြောသည် ၊ မိမိတို့က ကရင်ဘာသာစကား ပြောမည်။ မတော်ချင်တော့လည်း ဒီအချိန်မှာ မရတော့။
တလေးတစားနှင့် မိမိကို ၄င်း၏သားနှင့် မိမိ၏သမီးကိစ္စကို လာတိုင်ပင်သည်ကိုပင် ကျေးဇူး တင်ရအုံးမည်။ နော်မြင့်တစ်ယောက် သူတို့သားအမိကို အိမ်တံခါးအထိ လိုက်ပို့ ပေးရင်း ၄င်းတို့ကား ထွက်သွားချိန်တွင် လက်ပြနှုတ်ဆက်ကာ  အမှတ်တမဲ့ဖြင့်  ကောင်းကင်ယံကြီး ကို ကြည့်လိုက်မိတော့ …
အို … တိမ်လွှာတွေ၊ ကောင်းကင်ယံမှာ ညင်ညင်သာသာလေး မြောနေလို့ပါလား။
(ဧပြီ ၂၅၊ ၂၀၁၃)
(Illustration credit – http://indyeahforever.wordpress.com/ )
(စာရိုက်ပေးသူ ကိုကျော်မြင့်ကို ကျေးဇူးတင်ပါကြောင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts