>Washington DC Metro Burmese Community submit open letter to Bamaw Sayadaw

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဝါရှင်တန်မက်ထရိုမြန်မာမိသားစုများက ဗန်းမော်ဆရာတော်ကြီးထံ အိတ်ဖွင့်ပေးစာပို့
မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၁
မြန်မာပြည်က အမေရိကန်ပြည်ကို သာသနာပြုခရီးရောက်ရှိနေတဲ့ မဟာသံဃာ့နာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌဆရာတော်၊ ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသထံကို ၀ါရှင်တန်မက်ထရိုဒေသရောက် မြန်မာကွန်ုမြူနီတီက အိပ်ဖွင့်ပေးစာ ပေးပို့တယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာမိသားစုများရဲ့ ပန်ကြားစာကို ဆရာတော်ကြီး ဖို့ဝိန်းမြို့သို့ ဇူလိုင် ၂ က ၄ ရက်အတွင်း ရောက်ရှိပြီး တရားဓမ္မဟောကြားစဉ်မှာ ဆက်ကပ်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့တာကြောင့် ယခု အများပြည်သူထံသို့ အိတ်ဖွင့်ပေးစာအဖြစ်နဲ့ ထုတ်ပြန်လိုက်တယ်လို့ ပြောပါတယ်။ ဆရာတော်ကြီး အမေရိကန်ပြည်တွင်းမှာ ဒေသစာရီခရီးထွက်နေတဲ့ ရောက်ရှိရာဒေသမှာ ဆန္ဒသဘောထားချင်းတူတဲ့ မြန်မာပြည်သူတွေကတဆင့် ကိုယ်စားဆက်ကပ်ပေးကြဖို့ကိုလည်း ၀ါရှင်တန်မက်ထရိုမြန်မာကွန်မြူနီတီက မေတ္တာရပ်ခံထားပါတယ်။
  လွန်ခဲ့တဲ့ တပတ် ဇူလိုင် ၁၀ ရက်က ဆရာတော်ကြီး ဆန်ဖရန်ဘေးဧရိယာကို ရောက်ရှိစဉ် ဘုန်းတော်ကြီးကျောင်းသစ်ဖွင့်ပွဲတခုမှာ သာသနဥသျှောင်နဲ့ သံဃာ့တပ်ပေါင်းစုအဖွဲ့ ၂ရပ်က သံဃာတော်များရဲ့ စာအုပ်တအုပ်နဲ့ ပန်ကြားလွှာတစောင်ကို ကိုယ်စားဆက်ကပ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲသည်က ပန်ကြားလွှာမှာ နိုင်ငံတော်အစိုးရသစ်ကို မြန်မာပြည်ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းကျသံဃာတော်များ လွတ်မြောက်ရေး နဲ့ သဘောထားကွဲလွဲမှုများ ပြေလည်စေဖို့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တိုက်တွန်းပေးပါရန် လျှောက်ထား တောင်းပန်ထားပါတယ်။
ဝါရှင်တန်မက်ထရိုက အိတ်ဖွင့်ပေးစာက အောက်ပါအတိုင်းဖြစ်ပါတယ်။
သို့ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
ဗန်းမော်ဆရာတော်ကြီး
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ၊  
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ နှင့် တိပိဋကနိကာယကျောင်းတိုက် စာချနာယကချုပ်
 ဆရာတော်ကြီးဘုရား..
တပည်တော်၊ တပည့်တော်မတို့ ဦးတင်ပါတယ်ဘုရား.. ဆရာတော်ဘုရားကြီး အမေရိကန်ပြည်ကို ကျန်းမာစွာနဲ့ အောင်အောင်မြင်မြင် သာသနာပြုခရီး ကြွရောက်လာတဲ့အတွက် အဝေးရောက် မြန်မာပြည်သား တပည့်တော်များအတွက် အားတက်ရပါတယ်.. အခုဆိုရင် ဆရာတော်ဘုရားရောက်ရှိနေတဲ့အချိန်တိုကလေးအတွင်းမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အမေရိကန်နိုင်ငံရဲ့ တိုင်းသူပြည်သားတွေ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ပြီး တရားသဖြင့် ကြီးပွား အောင်မြင် နိုင်ကြပုံကို သတိပြုမိလိမ့်မှာပါ ဘုရား..
ဆရာတော်ကြီး ဘုရား.. တပည်တော်တို့ မိခင်တိုင်းပြည်မှာ ပြည်သူအများစုဟာ  စစ်အစိုးရအဆက်ဆက် လက်ထက် အတွင်း  ပိုပြီး ဆင်းရဲ ဒုက္ခရောက်လာကြတာကို ဆရာတော်ကြီးလည်း သိထားပြီးသားဖြစ်မှာပါဘုရား။ အဲဒီလို ဒုက္ခတွေကို သာမန်ပြည်သူတွေနဲ့အတူ နိစ္စဓူဝ ထိတွေ့မြင်သိနေရတဲ့ သံယာတော်အရှင်သူမြတ်တို့အနေနဲ့ သနားသောအားဖြင့် မေတ္တာပို့ လမ်းလျှောက်တာကနေစပြီး ၂၀၀၇မှာ ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ရပါတယ်။ အရှင်ဘုရား.. စစ်အစိုးရမှ ရက်ရက်စက်စက်ဖြိုခွင်းမှုကြောင့် ဆရာတော် သံယာတော် အရှင်သူမြတ်များ အပါအဝင် လူရာပေါင်းများစွာ ညှင်းပမ်း နှိပ်စက် ထောင်သွင်း အကျဉ်းချတာတွေ ခံနေကြရပါတယ်ဘရား။ အခုအထိဆိုရင် နိုင်ငံရေး အကျဉ်းသားများကူညီစောင့် ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)စာရင်းအရ မယ်သီလရှင်နှင့်ဆရာတော် သံယာတော် ၂၀၅ပါး တို့ဟာ အခုချိန်အထိ မတရား ထောင်းသွင်းအကျဉ်းချခံထားရပါတယ်။ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒ၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလ အပါအဝင် ဆရာတော်ကြီးများစွာတို့ဟာလည်း  ဒီစစ်အစိုးရရဲ့ ငရဲခန်းထောင်တွေအတွင်းမှာ နှိပ်စက်ခြင်းခံခဲ့ကြရပါတယ်ဘုရား..
ထောင်ကနေ နှစ်စေ့လို့လွတ်မြောက်လာတဲ့မဂ္ဂင်ဆရာတော်ကြီးကို ဒါယိကာတယောက်က ထောင်အကြောင်းမေးတော့ ဆရာတော်ကြီးက “ငရဲတောင် ဒီလောက်ဆိုးမယ်မထင်ပါဘူးကွာ..လို့”  မိန့်တော်မူပါတယ်..
အခုလို ငရဲထက်ဆိုးတဲ့ ဒီအကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းချခြင်းခံနေရတဲ့ ဆရာတော်ကြီးရဲ့ တပည့် သံယာတော်များ လွတ်မြောက်ဖို့အတွက် ဆရာတော်ကြီးမှ ဦးဆောင်ဆရာတော်ကြီးတပါးအနေနဲ့ ကူညီဆောင်ရွက် ပေးပါရန် တပည့်တော် တပည့်တော်မများ အားလုံးက ရိုသေစွာလျှောက်ထားပါတယ်အရှင်ဘုရား..
အခုလိုဆရာတော်ဘုရား အမေရိကန်နိုင်ငံကို သာသနာပြုခရီးကြွရောက်ခိုက် တပည့်တော် တပည့်တော်မ တို့အတွက် ကျေးဇူးကြီးမားစွာနဲ့ အရှင်ဘုရားအားဖူးမြှော်ခွင့်ရခိုက်မှာ ဘုရားရှင်တော်မြတ်ရဲ့သာသနာတော်ကို ကာကွယ် စောင့်ရှောက်သောအားဖြင့်သော်လည်းကောင်း၊ ထောင်ထဲမှာ အတိဒုက္ခရောက်နေကြသော သံယာတော် အရှင်သူမြတ်များအား သနားညှာတာသောအားဖြင့်သော်လည်းကောင်း၊ ဗုဒ္ဓဘုရားရဲ့ သားတော် သမီးတော်တို့ လွတ်မြောက်ရေးအတွက် ကူညီပါရန် ရိုသေလေးမြတ်စွာ လက်စုံမိုး၍ ရှိခိုး လျှောက်ထား အပ်ပါသည်ဘုရား…
  စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကိုမျှော်ကိုးလျက်
Washington metropolitan Burmese Community
ဆက်သွယ်ရန်..ဖုန်း
 ကိုဖိုးသက်(၅၇၁) ၉၂၆-၉၇၃၁
ကိုနေလင်း(၃၀၁) ၇၅၈-၀၆၂၆
ကိုရင်ထွေး(၃၀၁) ၅၂၀-၄၁၆၀
( ဓာတ်ပုံ – ဗန်းမော်ဆရာတော်ကြီး၊ ဆန်ဖရန်ဘေးဧရိယာ၊ ကျောင်းသစ်ဖွင့်ပွဲ၊ ဇူလိုင် ၁၀၊ ၂၀၁၁ က တွေ့ရစဉ်၊ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts