>Books by U Win Tin to be reprinted inside Burma – sources told

>

ဦးဝင်းတင်၏ စာအုပ်ဟောင်းများ ပြည်တွင်းတွင် ပြန်လည်ထုတ်ဝေကြမည်ဟု ဆို
မိုးမခ၊ ဇူလိုင် ၁၂၊ ၂၀၁၁
          အသစ်ပေါ်ထွန်းလာသော စာပေစိစစ်ရေးမူဝါဒများ ထုတ်ပြန်ပြီးနောက်ပိုင်း အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဦးဝင်းတင်၏ ယခင်ထုတ်ဝေပြီးစာအုပ်များ ပြန်လည် ပုံနှိပ်ခွင့်ရကြောင်း ပြည်တွင်းကလာသော သတင်းများက ဆိုသည်။ မည်သည့်စာအုပ်များ ပြန်လည်ပုံနှိပ်ခွင့်ရသည်ကို အတိအကျ မသိရသော်လည်း စာအုပ်ထုတ်ဝေသူများက ဆရာကြီးဦးဝင်းတင်ထံက အပြိုင်အဆိုင် ခွင့်ပြုချက်များ တောင်းပြီး စာအုပ်ခေါင်းစဉ်အသီးသီးကို ရယူသွားပြီး ဖြစ်သည်ဟု သိရသည်။
          ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသား ခဲ့ပြီး၊ ‘ကွိ’၊ ‘ဥတ္တရ အလင်း’ စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ ‘ကမ္ဘာနီတွင် တဒင်္ဂ’ အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ ‘အလှ ရှာပုံတော်’ ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ ‘ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)’ ဖြစ်သည်။ ထို့အပြင် ဆရာဦးဝင်းတင်က ပြည်တွင်းစာနယ်ဇင်းများတွင် ၁၉၈၈ မတိုင်မီက ဆောင်းပါးအမြောက်အများ ရေးခဲ့ဖူးသဖြင့် ထိုဆောင်းပါးများကိုလည်း စုစည်းပြီး ထုတ်ဝေကြမည့် အလားအလာရှိနိုင်သည်ဟု တချို့က ထင်မြင်ချက်ပေးသည်။
          ကြံ့ဖွံ့အစိုးရသည် သတင်းနှင့် စာပေလွတ်လပ်ခွင့်များ ပေးကြောင်း သတင်းအကြိမ်ကြိမ်လွှင့်လေ့ရှိပြီး ပြည်ပရောက် စာပေအနုပညာရှင်တို့၏ လက်ရာဟောင်းများ၊ အတိတ်ရုပ်ပုံလွှာများကို ထည့်သွင်းဖော်ပြခွင့်လည်း အကြိမ်ကြိမ် ခွင့်ပြုလေ့ရှိသည်။ ယခု စစ်အစိုးရ၏ မျက်မုန်းကျိုးအခံရဆုံး၊ ထောင်ထဲတွင် အနှစ် ၂၀ နီးပါး ဖမ်းဆီင်္းချုပ်နှောင်နှိပ်စက်ခြင်း ခံရခဲ့သော သတင်းစာဆရာ၊ အတိုက်အခံခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်၏ အတိတ်ကရေးခဲ့သည့် စာများကို ပြန်လည်ထုတ်ဝေခွင့်ပေးလိုက်သည်မှာ ထူးခြားသည့် ခြေလှမ်းဟု ဆိုနိုင်သည်။ ထိုသတင်းကို ကာယကံရှင် ဦးဝင်းတင်နှင့် တိုက်ရိုက်မေးမြန်းခွင့် မိုးမခက မရသေးပေ။
          ဘာသာပြန်စာအုပ်ဖြစ်တဲ့ ကွိ စာအုပ် အရင်ထွက်လာမယ် ထင်တယ် ဟု စာအုပ်ထုတ်ဝေသူတဦးက မှတ်ချက်ပေးသည်။ သည်မှာ အရင်က မူရင်းကို ဖတ်ကြည့်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts