>
မိုးမခ၊ ဇူလိုင် ၁၁၊ ၂၀၁၁
လွန်ခဲ့တဲ့ ၂၀၁၀ မှာ အမေရိကန်ပြည်အစိုးရရဲ့ ၁၀နှစ်တကြိမ် လူဦးရေစာရင်း ကောက်ယူခဲ့ရာမှာ အမေရိကန်ရောက် မြန်မာမိသားစုတွေကိုလည်း လူမျိုးအမည်ပေါက်ဖို့ အချင်းချင်း စည်းရုံးတာတွေ၊ အစိုးရရဲ့ စီမံကိန်းများဆီက အခွင့်ခံပြီး ပြောဆိုပညာပေးတာတွေ အတော်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခု ၂၀၁၁ နှစ်မှာ အဆိုပါ သန်းခေါင်စာရင်းထုတ်ပြန်လိုက်ရာမှာ မြန်မာ (Burmese) လူမျိုးအမည်ပေါက် ဦးရေ ၃ သောင်း၊ ၁ ရာ၊ ၃၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားမှာ Burmese ဦးရေ ၁သောင်း ၇ ထောင် ကျော် နေထိုင်တယ်လို့ အဲသည်မှာ ဖော်ပြထားပါတယ်။
အဲသည်က သန်းခေါင်စာရင်း အချက်အလက်ဘဏ်တိုက်မှာ ရှာယူလို့ရသလောက် Burmese လို့ ရေးထားတဲ့သူစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အယ်ဘားမား ၁၄၆ ဦး
အလတ်စကာ ၃၀ ဦး
ကယ်လီဖိုးနီးယား ၁၇၉၇၈ ဦး
ကော်လိုရာဒို ၁၈၂၂ ဦး
ကွန်နက်တီကပ် ၇၆၃ ဦး
ဒယ်လ၀ဲ ၅၁ ဦး
ဟ၀ိုင်းအီး ၂၈၁ ဦး
ကင်းဆပ် ၁၂၀၄ ဦး
နီဘရပ်စကာ ၂၂၅၀ ဦး
မြောက်ကာရိုးလိုင်းနား ၃၇၇၉ ဦး
ပင်ဆီဗေးနီးယား ၁၈၂၂ ဦး
ဝိုင်းယိုမင်း ၁၀ ဦးနဲ့ စုစုပေါင်း ၃၀၁၃၆ ဦးတို့ ရှိကြောင်း သိရှိရပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က သန်းခေါင်စာရင်းမှာ မြန်မာဦးရေ မှတ်တမ်းဝင်မှုက Other Asian အနေနဲ့ ၀င်ခဲ့တာကြောင့် သည်တခေါက် ၂၀၁၀ မှာတော့ဖြင့် Burmese အမည်ပေါက်အောင်လို့ ၀ိုင်းဝန်းစည်းရုံးခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ် သန်းခေါင်စာရင်းမှာ (၂၀၀၀) မြန်မာဒုက္ခသည် ဦးရေ ၁ သောင်း ၇ ထောင် ရှိတယ်လို့ ဆိုထားပါတယ်။ ယခု ၁၀နှစ်အတွင်းမှာ မြန်မာဒုက္ခသည်ပေါင်း နှစ်စဉ် ၅ ထောင် ကျော် ပျမ်းမျှ အမေရိကန်ပြည်က လက်ခံခဲ့တာကြောင့် အမေရိကန်ပြည်မှာ မြန်မာပြည်သား ဒုက္ခသည် အနည်းဆုံး ၅ သောင်းကျော် ထပ်မံရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါက ၂၀၀၃ ခုနှစ်မှာ အမေရိကန်အစိုးရက လက်ခံလိုက်တဲ့ စာရင်းကို ပြောတာပါ။ ဒါကြောင့် အမေရိကန်အစိုးရက ၂၀၁၀ သန်းကောင်စာရင်းမတိုင်မီမှာ မြန်မာလူဦးရေ ၅ သောင်း ခွဲလောက် ရှိနေတယ်။ ကယ်လီဖိုးနီးယားမှာ ၂ သောင်းကျော်၊ ဖို့ဝန်းမှာ ၃ ထောင် နီးပါး ရှိမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ သို့သော်လည်း တကယ်တမ်း မြန်မာစာရင်းပေါက်တာက ၁ သောင်း ၈ ထောင် နီးပါးဖြစ်တယ်ဆိုတာကို အခု အသစ်ထွက်ပေါ်လာတဲ့ ၂၀၁၀ အမေရိကန်သန်းကောင်စာရင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ကရင်၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း လူမျိုးစုများအပြင် မြန်မာပြည်ဖွား တရုတ်၊ အိန္ဒိယလူမျိုးတွေ စုံလင်တဲ့ မြန်မာပြည်ဖြစ်တာကြောင့် အမေရိကန်သန်းခေါင်းစာရင်းမှာ သီးခြားလူမျိုးစုအမည်တွေနဲ့ စာရင်းဖြည့်တာ၊ အထူးတလည် မဖြည့်သွင်းဘဲ Other Asian လို့ ရေးလိုက်တွေကြောင့် Burmese ဆိုတဲ့ အမည်မှာ ကိန်းဂဏန်းအများအပြား မရရှိခဲ့တာ ဖြစ်တယ်လို့ အကဲခတ်တွေက ခန့်မှန်းပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှု၊ အကြပ်အတည်း၊ ပြည်တွင်းစစ်ပြသနာတွေကြောင့် မြန်မာပြည်ကို ကနဦး Burma, Burmese သတ်မှတ်ချက်ကနေ Myanmar, Myanmar/ Myanmese စတဲ့ စစ်အစိုးရရဲ့ ပြောင်းလဲခေါ်ဝေါ်မှုတွေက ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေကြားမှာ မြန်မာတိုင်းရင်းသား အစုအဝေးအဖြစ် Burmese လို့ တစုတစည်း တညီတညွတ်တည်း ခေါ်ဝေါ်ရေးသားဖို့ အခက်အခဲတွေ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပုံရတယ်လို့ မိုးမခကို အကဲခတ်အချို့က ထင်မြင်ချက်ပေးပါတယ်။
သန်းကောင်စာရင်းကောက်ခံတဲ့ ပညာပေး လုပ်အားပေးလှုပ်ရှားမှုတွေမှာ မြန်မာကွန်မြူနီတီက ပြည်ထောင်စုသားများအသွင်နဲ့ တသားတည်း ၀င်ရောက်လုပ်ကိုင်ကြတာမျိုးထက် ရောက်ရှိနေတဲ့ နေရာ၊ ဒေသ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အစွဲအလန်းတွေနဲ့ လှုံဆော်စည်းရုံးမှုတွေ လုပ်နေကြတာကြောင့် အသံအမျိုးမျိုး ကွဲပြားတာကြောင့် မြန်မာပြည်ထောင်စုတိုင်းရင်းသားတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ပြီး အားသန်ရာ ကိုယ့်ဖာသာကိုယ် ဖြည့်စွက်တာတွေ လုပ်ခဲ့ကြတယ်လို့ မိုးမခအခြေစိုက်တဲ့ ဆန်ဖရန်ဘေးဧရိယာက မြန်မာလူငယ်တဦးက သူ့သဘောကို ပြောပါတယ်။
သန်းကောင်စာရင်းက ၁ဝ နှစ်တကြိမ်ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က မြန်မာပြည်ထောင်စုသားတွေအနေနဲ့ သန်းကောင်စာရင်းကောက်ခံခဲ့ဖူးတဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေကို အဆက်ပြတ်နေကြတာရှိသလို၊ ၁၀နှစ်အတွင်းမှာမှ ပြောင်းရွှေ့နေထိုင်လာသူ မြန်မာတိုင်းရင်းသားတွေကို ပညာပေးစည်းရုံးနိုင်ဖို့ နားလည်ပေးနိုင်ဖို့ အခြေအနေတွေကလည်း လိုအပ်ချက်ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဒါမျိုးတွေဟာ နောက်ထပ် ၁၀ နှစ် အနှစ် ၂၀ အချိန်ယူရမယ်။ နောက် ၁၀ နှစ်အတွင်းမှာလည်း မြန်မာပြည်သားတွေက အမေရိကန်ပြည်ထဲမှာ ပြန့်ကျဲပြီး ပျောက်ကွယ်သွားခြင်း မရှိဘဲ ဆက်လက် စုစည်းတဲ့ အသိုင်းအ၀ိုင်းလူမှုဝန်းကျင်အဖြစ် အားကောင်းထွန်းကားလာအောင် ဆက်လက်ပြီး တစိုက်မတ်မတ် အားထုတ်နေကြဖို့လည်း တာဝန်ရှိတယ်လို့ အမေရိကန်ပြည်မှာ အားအကောင်းဆုံးထဲပါတဲ့ အာရှသားကွန်မြူနီတီတခုဖြစ်တဲ့ ဖိလစ်ပိုင်လူမျိုးတဦးက မိုးမခကို ပြောပါတယ်။ သူတို့ ဖိလစ်ပိုင်မှာ ဘာသာစကားကွဲပြားမှု အများအပြားရှိတဲ့အတွက် အင်္ဂလိပ်စကားကို အဓိကထားပြီး ဆက်သွယ်ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း နိုင်ငံပြင်ပမှာကတော့ သူတို့တွေအားလုံးက ဖိလစ်ပီနိုတွေ ဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။