>Kyaw Thu – FFSS Yangon Activity (7th July 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇူလိုင် ၈၊ ၂၀၁၁ 
ပဲ့တင်ထပ်သွားသော ကုသိုလ်ကောင်းမှုတခု
ဦးဇော်ထွန်းလင်း၏ ဇနီး ဒေါက်တာ စုစုရီသည် ပျဉ်းမနားမြို့တွင် စတုဒီသာကျွေးမွေး လှူဒါန်းခြင်းနှင့် မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းများသို့ စဉ်ဆက်မပျက် လှူဒါန်းမှုများ ပြုလုပ်နေသော ဒါနရှင်၊ ကုသိုလ်ရှင်တဦး ဖြစ်သည်။

 
၇.၇.၂၀၁၁ (ကြာသပတေး) နေ့တွင် ဒေါက်တာ စုစုရီသည် မွေးမိခင် ဖခင် ဦးခင်ဝင်း + ဒေါ်ရီရီ (မိသားစု) တော်ဝင်အိမ်ရာ ၄၁ ရပ်ကွက်၊ မ/ဒဂုံမြို့နယ်တို့အား အမှူးထား၍ လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးမဖက်လုပ်ဆောင်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းလိုသည့် စိတ်ဆန္ဒအရ မိမိ၏ ၀င်ငွေများထဲမှ လှူဒါန်းရန်အတွက် သီးခြားဖယ်ထားသော ငွေကျပ် ၂၀၀၀၀၀/-(နှစ်သိန်း) နှင့် ညီမျှသော ထမင်း၊ ကြက်သားဟင်း၊ ၀က်သားဟင်း၊ အချဉ်ရည်ဟင်း၊ တို့စရာများတို့ဖြင့် စုံလင်စွာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ ဆေးဝါးလာရောက်ကုသကြသော လူနာများ၊ လူနာရှင်များ စုစုပေါင်း (၂၀၀) ကျော်တို့ကို နေ့လည်စာ အဟာရဒါနအဖြစ် ဒေါက်တာ စုစုရီနှင့် တပည့်များက လာရောက်ကာ ကုသိုလ်ဖြစ် ဧည့်ခံကျွေးမွေးခဲ့သည်။ 
 
ထိုကဲ့သို့ ကျွေးမွေးလှူဒါန်းမှုအပေါ်တွင် အလှူရှင် ဒေါက်တာ စုစုရီသည် ယခုကဲ့သို့ အများအကျိုးကို ကိုယ်ကျိုးမဖက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လှူဒါန်းခဲ့မှုမှာ ပထမဦးဆုံးသော လှူဒါန်းမှုဖြစ်ကြောင်း မိမိသည်လည်း အလွန်ဝမ်းမြောက် ပီတိဖြစ်ခဲ့ရကြောင်း၊ မိမိ၏စိတ်သည်လည်း အလွန်ပျော်ရွှင်မှု ပီတိကို ဖြစ်ပေါ်လာကြောင်းနှင့် မိမိကိုယ်တိုင် ဤအသင်းတွင် အများနည်းတူ လုပ်အားဒါနများ ပေးလှူချင်စိတ်များ ပေါ်ပေါက်လာကြောင်းတို့ကို ထက်သန်စွာ ပြောကြားသွားခဲ့သည်။
ထိုထိုသော ကောင်းမှုကုသိုလ်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၊့ သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)နှင့် (၇) ရက်သားသမီး ဆေးဝါးလာရောက်ကုသသူ အပေါင်းတို့၏ သာဓု … သာဓု … သာဓု ဟုခေါ်ဆိုလိုက်သံသည် ပဲ့တင်ထပ်သွားပါတော့သည်။
ပဋ္ဌာန်းဆက်ကုသိုလ်
မြောက်ဒဂုံမြို့နယ်ရှိ မဟာရာမသီလရှင်ကျောင်းတွင် သမိန်ဒွတ်ရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဆရာတော်ကြီး ဦးလာဘသာမိ သက်တော် (၉၄)နှစ် နှင့် သထုံမြို့နေ ဦးယုကောင်း အသက် (၉၁) နှစ် (အမြင်အာရုံမကောင်းမွန်) နှစ်ဦးတို့ ဆုံတွေ့စဉ်နှစ်ဦးစလုံး၏ စိတ်ဆန္ဒတွင် အလှူဒါနတခု ပြုလုပ်လိုကြောင်း ယင်းအလှူသည် အများအကျိုးကို သယ်ပိုးနေသော သူတို့ထံတွင် လှူဒါန်းလိုကြောင်း ပြောဆိုကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုပြုရန် နှစ်ဦးစလုံး အဖြေတခု ရရှိသွားသည်။ ထို့ကြောင့် ၇.၇.၂၀၁၁ (ကြာသပတေး) နေ့တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆရာတော်ကြီး ဦးလာဘသာမိ၏ သမီးဖြစ်သူ သီလရှင်တပါးမှ ခေါ်ဆောင်လာကာ ဦးလာဘသာမိမှ အလှူငွေ ၁၀၀၀၀၀/- ကျပ်၊ ဦးယုကောင်းမှ အလှူငွေ ၂၀၀၀၀၀/- ကျပ်တို့ကို လှူဒါန်းသွားခဲ့သည်။
ထိုသို့ လှူဒါန်းမှုကိုလာရောက်ပြုလုပ်စဉ် ဆရာတော်ကြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဦးကျော်သူ၏ တပည့်သားသမီးတို့အားလုံး သီလလုံရန်တိုက်တွန်းကာ သီလလုံကာမှ အသက်ရှည်ကျန်းမာပြီး အများအကျိုးကို ဆထက်တန်ဖိုး ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဆိုဆုံးမ၍ ဆုမွန်ကောင်းများ ပေးအပ်သွားခဲ့သည်။ 
 ထို့ပြင် မိမိတို့နှင့် ယခုလို ဆုံတွေ့ခြင်းမှာ ယခင်ဘ၀များကတည်းက တော်စပ်ခဲ့သော ပဋ္ဌာန်းဆက်များကြောင့်ပင်ဖြစ်ကြောင်း၊ မိဘသဖွယ် ရင်းနှီးနွေးထွေးစွာ ပြောဆိုခဲ့သည်နှင့်အညီ ကျွန်တော်၏ စိတ်တွင်လည်း ဆရာတော်ကြီး ဦးလာဘသာမိ မော်တော်ယာဉ်ပေါ်မှ ဆင်းဆင်းခြင်း ကျွန်တော်၏ ဖခင်သဖွယ်၊ ကျွန်တော်၏ အဘိုးသဖွယ် ဆရာတော်ကြီးအား မြင်တွေ့ခံစားမိသည်။ တရံသောအခါက တော်စပ်ခဲ့ဖူးသော မိဘ၊ ဘိုးဘွားများတို့နှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ၀မ်းသာပီတိဖြစ်မိတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts