>Than Win Hlaing – Dialogue

>

အရပ်သားအရေခြုံ အစိုးရသစ်နှင့် ဒိုင်ယာလော့
သန်းဝင်းလှိုင်
ဇူလိုင် ၅၊ ၂၀၁၁
ယနေ့မြန်မာနိုင်ငံတော်ကို ပေါက်ကွဲတော့မယ့် ဗုံးတလုံးလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။ မှန်ပါတယ်။ တိုင်းပြည်ရဲ့ အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ပြောခဲ့တာဖြစ်ပါတယ်ဗျာ။ 

မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ရောဂါ၊ ပြည်သူတွေ ကုန်းကောက်စရာမရှိအောင် မွဲပြာကျမှု၊ ကလေးစစ်သားပြဿနာ၊ လူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါး အဆမတန် ထုတ်လုပ်နေမှု၊ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေမှု၊ ရွှေ့ပြောင်း အလုပ်သမားများအရေး၊ အမျိုးသမီးများ အတင်းအဓမ္မကျင့်ကြံခံရမှု၊ ပြည်ပသို့ရောင်းစားခံရမှု၊ လယ်သမားများရဲ့ လယ်ယာမြေများ မတရားအသိမ်းခံရမှု၊ ရွာသူရွာသားများ အဓမ္မပေါ်တာဆွဲခံရမှု စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် အချက်တွေဟာ မြန်မာနိုင်ငံမှာ ရုတ်တရက် ထပေါက်ကွဲတော့မယ့် အခြေအနေတွေပါပဲ ခင်ဗျ။
ဒါ့ကြောင့် တိုင်းပြည်ပျက်ကပ်ဆိုက်မယ့် အခြေအနေတွေကို ဖြေရှင်းဖို့အတွက် တခုတည်းသောထွက်ပေါက်ကတော့ လက်ရှိအစိုးရနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရေး (ဝါ) ဒိုင်ယာလော့ (Dialogue) ပါပဲ။
တကယ်တော့ ‘ဒိုင်ယာလော့’ ဆိုတာ အကြောင်းအရာတခု၊ ပြဿနာတရပ်ကို ချစ်ကြည်ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ တဖက်နဲ့တဖက် အတွေးအခေါ်၊ အယူအဆ၊ သဘောထား အမြင်တွေကို ဖလှယ်ပြီး ဆွေးနွေးတဲ့နေရာ ဖြစ်ပါတယ်။ ဒိုင်ယာလော့လုပ်ရတဲ့ ရည်ရွယ်ချက်ကိုက ကွဲလွဲမှု၊ သဘောတူညီမှုမရှိတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေရှာဖို့ပါပဲ။ Webster’s New World အဘိဓာန်အဆိုအရ dialogue ကို interchange of ideas by open discussion လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကြောင့် မြန်မာလို “အပြန်အလှန် နားလည်မှုနဲ့ အဆင်ပြေလိုက်ဖက်ညီမှုတွေကို ပွင့်လင်းစွာ ရှာဖွေဖလှယ်ဖို့” သုံးထားတာပါ။
တနည်းပြောရရင် ဒိုင်ယာလော့ဆိုတာ အောင်မြင်တဲ့ ဆက်ဆံရေး တည်ဆောက်မှုရဲ့ လမ်းကြောင်းပါ။ နောက်ပြီး ဒိုင်ယာလော့ဆိုတာ လူတွေ တန်ဖိုးထားတဲ့ အကြောင်းအရာတွေကနေ အခြေခံထားတာဖြစ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ လူအနည်းငယ်သာ နားလည်နိုင်၊ ပြုလုပ် နိုင်တဲ့ လျှို့ဝှက်နက်နဲတဲ့ ကိစ္စတရပ်တော့ မဟုတ်ပါဘူး။ ပြီးတော့ သာမန်စကားဝိုင်း သို့မဟုတ် ဆွေးနွေးပွဲတရပ်လည်း မဟုတ်ပါဘူး။ စကားရည်လုပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲလည်း မဟုတ်ပါဘူး။ ဒိုင်ယာလော့မှာပါတဲ့သူတိုင်းဟာသာ တူညီမျှရကြရပါမယ်။ နောက်ပြီး ခြိမ်းခြောက်မှုတွေလည်း ကင်းရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ လူနှစ်ဦးနှစ်ဖက်ထက်ပိုပြီး ဆွေးနွေးနိုင်ပါတယ်။ ဒိုင်ယာလော့မှာ ပါဝင်သူတွေရဲ့ အနက်ရှိုင်းဆုံး အတွေးအခေါ်၊ အယူအဆတွေကို ပေါ်ထွက်လာစေဖို့အတွက် ပြောဆိုဆောင်ရွက်တာပါ။
ဒိုင်ယာလော့မှာ တယောက်ယောက်က နိုင်တယ်၊ ရှုံးတယ်ဆိုတာ မရှိပါဘူး။ ပါဝင်သူ အားလုံး ရှုံးရင်လည်းရှုံး (သို့မဟုတ်) နိုင်ရင်လည်းနိုင် ဖြစ်ရပါတယ်။ ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရနဲ့ စကားပြောဖို့ တောင်းဆိုနေတာဟာ ဒိုင်ယာလော့ကဆင့် တိုင်းပြည်ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရုံတင် မဟုတ်ပါဘူး။ လက်ရှိ အာဏာဆုပ်ကိုင်ထားတဲ့သူတွေ အပါအ၀င် နှစ်ဖက်စလုံး အနိုင်ရစေချင်တဲ့ အခြေအနေကို ဖန်တီးချင်လို့ ဒိုင်ယာလော့ကို လုပ်နေတာပါ။ 
ဒါကြောင့် ပြဿနာတွေကို အတူတကွဖြေရှင်းဖို့ မတူကွဲပြားမှုတွေကို သဟဇာတဖြစ်စေဖို့၊ ငြိမ်းချမ်းရေးကို ရှေးရှုဖို့အတွက် ဒိုင်ယာလော့ကို လူတိုင်း အပြန်အလှန် လေးစားတန်ဖိုးထားရမှာ ဖြစ်ပါတယ်။
တဖက်နဲ့တဖက် အပြန်အလှန် လေးစားနားလည်မှု၊ ယုံကြည်မှုရှိမှ အပေးအယူလုပ်လို့ ရပါလိမ့်မယ်။ တဦးနဲ့တဦး “နာစရာရှိလည်း လွမ်းစရာနဲ့ဖြေ” ဆိုသလို၊ အတိတ်က နာကျည်းမှုတွေ၊ မုန်းတီးစရာတွေကို ချေးခြောက် ရေမနူးဘဲ အနာဂတ်ကိုဦးတည်မယ့် ပွင့်လင်းရိုးသားစွာ အဖြေရှာချင်စိတ်ရှိကြောင်းလည်း ပြသရပါတယ်။ အရေးကြီးဆုံးကတော့ လက်ရှိ နိုင်ငံရေးပြဿနာတွေကို စုပေါင်းဆွေးနွေး အဖြေရှာပြီး ဒိုင်ယာလော့မှာ ပါဝင်သူတွေအားလုံး အနိုင်ရနိုင်မယ့် အခြေအနေ Win-Win Situation ကို ဖန်တီးနိုင်တယ်ဆိုတာ လက်ခံဖို့ပါပဲ။ ဒါတွေကတော့ ဒိုင်ယာလော့ရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေပါပဲ။
ဒါပေမယ့် စစ်အစိုးရ ခေါင်းဆောင်တွေဟာ အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒိုင်ယာလော့ (သို့) တွေ့ဆုံဆွေးနွေးရေးကိစ္စကို ကိုယ့်သေတွင်းကိုယ်တူးရမယ့် အလုပ်၊ ကိုယ့်လည်းပင်း ကြိုးကိုယ်စွပ်ရမယ့် ‘ကြိုးစင်’ လို့ သဘောထားပြီး၊ သူတို့အတွက် ဆုံးရှုံးမှုတရပ်လို့ ရှုမြင်နေပါတယ်။ စစ်အာဏာရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်တိုက်မှားခဲ့တဲ့ အမှားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လာဘ်စားမှုတွေ၊ အာဏာ အလွဲသုံးစားမှုတွေအပေါ် အပြစ်ပေးအရေးယူခံရမှာကို ကြောက်နေသလို၊ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့အရည်အချင်း၊ လုပ်ငန်း တာဝန်ထမ်းဆောင်မှုတွေနဲ့ နှိုင်းစာလိုက်ရင် အဆပေါင်းမြောက်မြားစွာ ပိုမိုရရှိနေတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဘိန်းစွဲနေသလို တက်မက်စွဲလန်းနေကြပြီး အဲဒါတွေကို စွန့်လွှတ်ဖို့ဆိုတာ အိပ်မက်ထဲမှာတောင် မစဉ်းတဲ့ကိစ္စဖြစ်နေပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အာဏာတန်းစီဇယားမှာ နံပါတ် ၁၀ အပြင်ဘက်မှာသာ ရှိတဲ့ရာထူးတခုပါ။
နောက်ခံသမိုင်းကြောင်းလေးပြန်ကြည့်ရင် ကွင်းကွင်းကွက်ကွက်ပေါ်နေပါတယ်ဗျာ။ တတိုင်းပြည်လုံး အုံကြွဆန္ဒပြနေတဲ့ ပြည်သူလူထုတွေကို ချွေးသိပ်ဖို့အတွက် စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ စစ်အစိုးရဟာ ရွေးကောက်ပွဲမှာ မဆလပါတီ အဖြစ်လည်း တစည ပါတီနိုင်ရင်နိုင်၊ မနိုင်ရင် အင်အားနည်းတဲ့ ညွန့်ပေါင်းအစိုးရတရပ် ပေါ်ပေါက်လာလိမ့်မယ် ရည်မှန်းထားပုံရပါတယ်။ ဒီလိုဖြစ်လာရင် သူတို့အနေနဲ့ အားနည်းတဲ့ အရပ်သား ညွန့်ပေါင်းအစိုးရသစ်အပေါ်မှာ ကြိုးကိုင်ချယ်လှယ်လွမ်းမိုးမှုကို ဆက်ပြီးထိန်းထားနိုင်မယ်လို့ ယူဆထားပါတယ်။ မှိုလိုပေါက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အဓိကအတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီအပေါ်မှာ ချုပ်ကိုင်ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ တစည အပေါ် တဖက်သတ် ကူညီမှုတွေအပေါ်မူတည်ပြီး စစ်တပ်ရဲ့အောင်မြင်မှုဟာ အသေအချာ အပိုင်တွက်ထားခဲ့ပုံ ရပါတယ်။ နို့ပေမယ့် … အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲရလဒ်ဟာ မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်ပြီး ပါတီ ၉၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၂၂၀၉ ဦးနဲ့ တသီးပုဂ္ဂလ ၈၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ရာ NLD က ၈၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရလာတဲ့အခါ စစ်အစိုးရဟာ NLD ကို အသိအမှတ်ပြုဖို့ ငြင်းဆန်လိုက်တော့တာပါပဲ။
နောင်နှစ်အနည်းငယ်ကြာတဲ့အခါ စစ်အစိုးရဟာ အာဏာကိုလွှဲပြောင်းပေးဖို့ နေနေသာသာ အာဏာကို အသေဆုပ်ကိုင်ထားဖို့အတွက် စစ်အစိုးရသက်ဆိုးရှည်ပြီး ပြည်သူကို စစ် ကျွန်ပြုမဲ့ ‘နာဂစ်ဖွဲ့စည်းပုံ’ ကို စစ်အစိုးရအလိုကျ ရွေးထားတဲ့ လက်ညှိုးထောင် ခေါင်းညိမ့် ပုဂ္ဂိုလ်တွေနဲ့ အမြန်စိတ်တိုင်းကျရေး ဆွဲတော့တာပါပဲ။ ပြီးတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ လုံးဝပါဝင်လို့မရရှိအောင် ပြည်သူ့တို့၏သဘောထားဆန္ဒများကို တောင်းခံခြင်းမရှိဘဲ စစ်အာဏာရှင်တို့စိတ်ကြိုက် တရားမျှတမှု လုံးဝမရှိတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။ ရွေးကောက်ပွဲဥပဒေဆိုတာ လူတယောက်တည်းကို စဉ်းစားပြီး ရေးလို့ရတာမဟုတ်ပေမယ့် လက်ရှိစစ်အစိုးရကတော့ သူ့ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဝင်နိုင်အောင် တမင်ရည်ရွယ်ရေးဆွဲထားတာ ထင်ရှားပါတယ်။ ဒါကြောင့် NLD ဟာ မတ်လ ၃၀ ရက်နေ့မှာပဲ နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဟာ တရားမျှတမှု လုံးဝမရှိတာကြောင့် နိုင်ငံရးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခြင်းမပြုရန် အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိတဲ့ NLD ကို နအဖ ကော်မရှင်ဟာ ဖျက်သိမ်းလိုက်ပြီးနောက် လူထုအော့နှလုံးနာနေတဲ့ ကြံ့ဖွတ်အသင်းကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲကာ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် အတိုက်အခံပါတီများကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်ရင်း နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ ကြိုတင်မဲ၊ အတင်းအဓမ္မ ဓားပြတိုက်မဲ စတဲ့ မဲပေါင်းစုံနဲ့ ကြံ့ဖွတ်ပါတီဟာ အနိုင်ယူသွားခဲ့ပါတယ်ဗျာ။ အကယ်၍ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီအကြောင်းကြောင်းကြောင့် ရှုံးခဲ့ရင် စစ်အာဏာသိမ်းဖို့ကိုလည်း အမျိုးသားလုံခြုံရေးကော်စီကို အဆင်သင့်လျှို့ဝှက်ဖွဲ့ထားပြီး ဖြစ်ပါတယ်ဗျာ။
စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ တရားဝင်မှု မဝင်မှု၊ လူထုနဲ့ကမ္ဘာက ထောက်ခံမှု မထောက်ခံမှု၊ အသိအမှတ်ပြုတာမပြုတာ လုံးဝ ဂရုမစိုက်တာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ မြောက်ကိုးရီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုးရီးယား စတဲ့နိုင်ငံတွေဟာ မြန်မာ့သယံဇာတတွေကို အရချိုင်ချင်နေတာကြောင့် စစ်အစိုးရလုပ်သမျှ မသိကျိုးကျွံပြုနေပါတယ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတာ လူသားတိုင်းရဲ့ဘ၀မှာ အလိုချင်ဆုံး၊ အတောင့်တဆုံး အရာတွေဖြစ်ပါတယ်။ တရားဥပေဒေနှင့်ပတ်သက်ပြီး ဆိုရိုးစကားတခုရှိပါတယ်။ အပြစ်ရှိသူ ၁၀၀ လွတ်သွားလျှင် ကိစ္စမရှိပေမယ့် အပြစ်မရှိသူတယောက်ကို မှားယွင်း အပြစ်မပေးမိဖို့ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ မသေချာလျှင် ဒါမှမဟုတ် အပြစ်ကျူးလွန်ကြောင်း ခိုင်လုံမှုမရှိလျှင် (ဝါ) အပြစ်ကျူးလွန်တာ ဟုတ်ပါလေစဟု အနည်းငယ်မျှ သသံယရှိလျှင် အဲ့ ဒီသသံယအကျိုးကို တရားခံက ခံစားရပါတယ်။ မသေချာဘဲနဲ့ ဘယ်သူ့ကိုမှ အပြစ်ပေး၍မရပါ။ ဒါဟာ လောကကို စောင့်ရှောက်နေတဲ့ တရားလည်းဖြစ်ပါတယ်။ အမှန်ကတော့ ဘယ်သူ တဦးတယောက်ကိုမျှ မတရားသဖြင့် ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ လူသားတိုင်း စောင့်ရှောက်ရမယ့် လောကပါလ တရားတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ မိမိယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားနေသူပေါင်း ၂၀၀၀ ကျော်ကို စစ်အစိုးရအာဏာပိုင်တွေဟာ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးကာ နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းနေပြီး နှစ်ရှည်ထောင်ဒဏ်တွင် မတရားချထားတာ ကမ္ဘာအသိပါပဲ။
ပြီးတော့ စစ်တပ်ဟာ တိုင်းရင်းသားပြဿနာတွေနဲ့ပတ်သက်ပြီး အမျိုးမျိုးကစားခဲ့ပါတယ်။ နိုင်ငံရေးပြဿနာပေါင်းစုံကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းကို စစ်ယန္တရားနဲ့ ပိတ်ဆို့ထားပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ တိုင်းရင်းသားပေါင်းစုံ တောင်းဆိုနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်မူကိစ္စကို ဖြေရှင်းရမယ့်အစား ဝါဒဖြန့် လက်နက်အဖြစ် အသုံးချခဲ့တာ နှစ် ၅၀ နီးပါးရှိပါပြီ။ တနည်းပြောရလျှင် စစ်အာဏာရှင်တွေဟာ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်ပြီး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လျစ်လျူရှုထားပါတယ်။ ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ ဝန်ကြီးချုပ်ဦးနုရဲ့ ပထစ အစိုးရနှင့် တိုင်းရင်းသားအားလုံးနီးပါး ပါဝင်ဆောင်ရွက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စကို အကြောင်းပြုပြီး ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။ ဖက်ဒရယ်စနစ်ကို လက်မခံချင်တာကြောင့် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၇၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ် ၇ ခုကို ဖန်တီးခဲ့တာဟာ တိုင်းရင်းသားတွေကို တဖက်လှည့်နဲ့ ဖက်ဒရယ်အတုအယောင်ကို ပေးခဲ့တာပါ။ 
မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းတလျှောက်မှာပါရရှိခဲ့တဲ့ အတွေ့အကြုံတွေအရ မည်သည့်ပြဿနာမျိုးအတွက်မဆို ရေရှည်ကြံ့ခိုင်တောင့်တင်းတဲ့ အဖြေတခုရရှိဖို့ဆိုရင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ (ဝါ) ဒိုင်ယာလော့အဆင့်ကို မလွဲမသွေ ဖြတ်သန်းရမယ်ဆိုတာ နိုင်ငံရေးလို အလွန်သိမ်မွေ့နက်နဲတဲ့နယ်ပယ်မှာ ကျင်လည်လုပ်ရှားနေသူတွေ မဆိုထားနဲ့ သာမန်လူတွေတောင် သိထားကြတဲ့ကိစ္စတခုပါ။ ဒါဆိုရင် စစ်ဗိုလ်တွေဟာ တွေ့ဆုံဆွေးနွေးရေးကို ဘာကြောင့် ကွေ့ပတ်ရှောင်ရှား လိမ်ညာနေတာလဲ။ အဖြေက ရှင်းပါတယ်။ ကြောက်လန့်မှုကို အရိပ်ပမာ စွဲကပ်နေလို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း (Freedom from Fear) စာအုပ်ထဲမှာ “စစ်ဗိုလ်တွေဟာ အာဏာကြောင့် မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့်သာ ဖောက်ပြန်နေကြတယ်” လို့ ရေးသားထားပါတယ်။ အမှန်ကတော့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုကို ဦးဆောင်ဦးရွက် လမ်းညွန်ပြုရမည့်အစား လူထုကို စိုးရွံ့ ကြောက်ရွံ့နေတာက ၎င်းတို့ရဲ့ မတော်မတရား ထင်ရာစိုင်း လုပ်ခဲ့တာတွေကို တန်ပြန်ခံရမှာ ကြောက်နေလို့ပဲ ဖြစ်ပါတယ်ဗျာ။ အကြမ်းဖက်မှုရဲ့ အဆိုးဆုံးရန်သူဟာ အကြမ်းဖက်မှုပင် ဖြစ်တာကြောင့် ယင်းကို တိုက်ဖျက်ရာမှာ ကြောက်ရွံ့မှု ကင်းမဲ့ခြင်းဟာ အထက်မြက်ဆုံး လက်နက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမလုပ်ခဲ့သမျှကို မိမိရဲ့ လိပ်ပြာခုံရုံးမှာ အစစ်ဆေးခံရဲတာမို့ အာဏာမဲ့နေသော်လည်း သတ္တိစွမ်းအားတွေ အပြည့်ရှိနေတာပဲ မဟုတ်လား။
သမ္မတပြုတ် ဒေါက်တာမောင်မောင် ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ “အာဏာဟာ လူကို ဖျက်ဆီးတတ်တယ်။ အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ဖျက်ဆီးတတ်တယ်” ဆိုတာကို ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အုပ်စု အာဏာရလာတာ နှစ် ၄၀ ကျော်ပါပြီ။ ဒီကာလအတွင်း စစ်အုပ်စုဟာ နိုင်ငံတော်ကို မာရှယ်လောဆိုတဲ့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ မာရှယ်လောဆိုတာ အခြားနိုင်ငံတွေက မာရှယ်လောတွေနဲ့ မတူပါဘူး။ ဗိုလ်စောမောင်ရဲ့ ဖွင့်ဆိုချက်က မြန်မာနိုင်ငံက မာရှယ်လောကို အပီပြင်ဆုံးဖြစ်အောင် အခုလို ဖွင့်ဆိုပေးခဲ့ပါတယ်။ သူက “မာရှယ်လောဆိုတာ ဗိုလ်ချုပ်ကြီးရဲ့ သဘောဆန္ဒအတိုင်းပါပဲ” (General’s Will) ပါပဲတဲ့။ တကယ်လည်း ဗိုလ်စောမောင်ရော သူ့ကိုဆက်ခံတဲ့ ဗိုလ်သန်းရွှေ တို့ဟာ နိုင်ငံတော်ကို ၎င်းတို့တဦးတည်းသောသဘောနဲ့ ထင်သလို အုပ်ချုပ်ခဲ့တာပါပဲ။ တိုင်းပြည်ရဲ့သယံဇာတတွေကိုလည်း အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘာတခုမှ ထည့်မတွက်ဘဲ ထင်သလို ထုတ်ရောင်းခဲ့ပါတယ်။ 
အာဏာရှင်တွေထဲမှာ ကမ္ဘာကျော် အာဏာရှင်တဦးဖြစ်တဲ့ ဗိုလ်သန်းရွှေဟာ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း “ငါ့မြင်း ငါစိုင်း၊ ငါ့လှေ ငါထိုး” လုပ်ခဲ့တာ အသိပါပဲ။ အဲ့ဒီလိုလုပ်ခဲ့လို့လည်း မြန်မာနိုင်ငံဟာ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ပါလီမန်အစိုးရခေတ်တွေ မဆိုထားနဲ့ သွားလေသူ မဆလခေတ်မှာတောင် မပေါ်ခဲ့ဖူးတဲ့ ကျော်မကောင်း ကြားမကောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အာဏာအလွဲသုံးစားမှုတွေ မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ပြည်ရောင်းစားနေတာတွေ၊ ကလေးစစ်သားကိစ္စတွေ လူထုတရပ်လုံး စီးပွားရေးမွဲပြာ ကျမှုပေါ်ထွက်ခဲ့တာတွေကို အားလုံးအသိပါပဲ။ အဲ့ဒီဖြစ်ရပ်တွေထဲမှာ “ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး” နဲ့ “ရွှေဝါရောင် သံဃာ့အရင်းအခင်း” တွေကတော့ ထင်ရှားတဲ့ ဖြစ်ရပ်တွေပါပဲ။ 
လူဆိုတာ တခြားလူတွေအားလုံးကို လိမ်လည်လို့ရချင်ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်တော့မှ လိမ်လို့မရဘူးဆိုတဲ့ စကားရှိပါတယ်။ ဗိုလ်သန်းရွှေဟာ သူယူထားတဲ့ အကြွင်းမဲ့ အာဏာရဲ့မောင်းနှင်မှုကြောင့် ကမ္ဘာကျော်လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတွေကို ကျူးလွန်ခဲ့ပေမယ့် ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ သူမွေးထားတဲ့ မှင်စာတပည့်ကျော်တွေဟာ တဖြည်းဖြည်းနဲ့ အစွယ်တဖွေးဖွေးသရဲ သဘက်ဘီလူးတွေ ဖြစ်လာတာမို့ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို တန်ပြန်ပြီး အပြတ်ရှင်းတော့မှာ သိလာတာမို့ ကြီးကျယ် စိုးရိမ်ထိတ်လန့်နေမှာ အမှန်ပါပဲ။ ဒါကြောင့် အာဏာရှိစဉ်က ထင်ရာစိုင်းပြုလုပ်ခဲ့တဲ့ အာဏာရှင်တွေဟာ ၎င်းတို့မကွယ်လွန်မီ အာဏာလက်လွတ်ဖြစ်သွားတဲ့အခါ ဒုက္ခအမျိုးမျိုးတွေတွေ့ တချို့ဆိုလျှင် အသက်ပါ ပေးရတဲ့အထိ ဖြစ်ခဲ့တာတွေကို ဗိုလ်သန်းရွှေ အသေအချာ တွေးမိမှာပဲ။ ရိုမေးနီးယားက ချောင်ဆက်စကူး အစ၊ ချီလီက ပီနိုချေး၊ ပနားမာက နိုရီကာ၊ အီရတ်က ဟူစိန်၊ ကမ္ဘောဒီးယား က ပိုပေါ့၊ အင်ဒိုနီးရှားက ဆူဟာတိုတို့အလယ် နောက်ဆုံး တူနီးရှားသမ္မတ ဘင်အာလီ၊ အီဂျစ် သမ္မတ မူဘာရက်၊ ယီမင်သမ္မတ ဆာလေးတို့ အပါအဝင် သူ့ရဲ့ကန့်ကူလက်လှည့် ဆရာကြီး ဦးနေဝင်းအဆုံး အာဏာရှင်ဟောင်းတွေရဲ့ ဘဝဇာတ်သိမ်းမလှပပုံတွေကို သူ သိနေမှာပါပဲ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဇာတ်သိမ်းခန်းတွေက “ဗိုလ်သန်းရွှေ ခင်ဗျားလည်း အာဏာလက်လွှတ်လိုက်တာနဲ့ ကျုပ်တို့သွားရမယ့်လမ်းကို လိုက်လာခဲ့ရမယ်” လို့ သူ့ကို သတိပေးနေတယ်လို့ သူ အခိုင်အမာယူဆနေမှာ အမှန်ပါပဲ။ 
ဒါကြောင့် သူ့ရဲ့ဆုတ်ကိုင်ထားတဲ့ အကြွင်းမဲ့အာဏာကို အောက်က တပည့်လက်သားတွေကို ဖြန့်ဝေပေးဖို့အတွက် သူစိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်ဖွဲ့စည်းပုံရဲ့ အတုအယောင် ရွေးကောက်ပွဲကို အမြန်ပြုလုပ်ပြီး ပြည်သူလူထုနဲ့ ကမ္ဘာကို နိုင်ငံရေး မျက်လှည့်ပြလိုက်တာပါပဲ။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ပေါ်ပေါက်လာမယ့် အစိုးရသစ် ရာထူးအဆင့်ဆင့်မှာ ထမ်းရွက်ကြမယ့်သူတွေကို ဗိုလ်သန်းရွှေဟာ စိတ်ကြိုက်တွက်ဆပြီး ရွေးချယ်ခဲ့ပါတယ်။ 
အခု အတုယောင်ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်နဲ့ အစိုးသစ်ပေါ်ပေါက်လာပါပြီ။ သမ္မတသစ် သိန်းစိန်ဟာ နိုင်ငံရေးဆန်တဲ့ မိန့်ခွန်းချွေပြီးချိန်မှာ ပြည်သူလူထုအတွင်း ရုတ်ခြည်း တုံ့ပြန်မှု အုပ်စုသုံးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။ ပြောတဲ့အတိုင်း လုပ်ပေးရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အပြောနဲ့လုပ်ရပ် တထပ်ထည်း ကျမကျ စောင့်ကြည့်ရဦးမယ်ဆိုတဲ့ အုပ်စု၊ အင်း အပြောကတော့ ရွှေမန်း၊ အကကတော့ ချိုမိုင်မိုင်ဖြစ်နေတာမို့ … ရိုးနေပါပြီဆိုတဲ့ အစိုးရ ဘာပြောပြော ဘာတခုမှ မယုံကြည်တဲ့ သမိုင်းသင်ခန်းစာများနှင့် အုပ်စုနဲ့၊ အစိုးရကို မိမိတို့ အကျိုးစီးပွားလို့ငှာ မြှောက်ပင့်ပြီး အစိုးရခိုင်းသမျှ လိုက်လုပ်နေတဲ့ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ အုပ်စုတွေပဲ ဖြစ်ပါတယ်ဗျာ။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ရှင်းပါတယ်။ အခုကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲကို “ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိတာ မဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေဆိုတာ ရှိပါတယ်။”
“ရွေးကောက်ပွဲကျင်းပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုပါတယ်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေပြန်ပြီးသိမ်းသွားသလိုပဲ ဧည့်သည်တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူလူထုတရပ်လုံးကို လိမ်လည်လှည့်ဖြားစော်ကားရာရောက်တယ်။”
“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာ မဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ထပ် ရွေးကောက်ပွဲအသစ်ကျင်းပတာကို NLD က လုံးဝလက်မခံပါဘူး။ အမြဲကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာမလွှဲလို့ မဟုတ်ပါဘူး။ ပြည်သူလူထုကို မလေးစားလို့ စော်ကားလို့ပါပဲ။” ဟူ၍ ပြောကြားခဲ့ပါတယ်။ 
အခုလောလောဆယ် ပေါ်ထွက်လာတဲ့အစိုးရသစ်ဟာ သက်တမ်းတစ်လသာ ရှိသေးတယ် ဆိုသော်လည်း ယခင် နအဖ စစ်ဗိုလ်ချုပ် အာဏာရှင်များသာ ဘောဘီချွတ်ပြီး ဆက်ခံထားတာကြောင့် သက်တန်းနုတယ်လို့ မဆိုနိုင်ပါဘူး။ အစိုးရသစ်သစ်တန်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျည်းသားကိစ္စတွေ စတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဘာတခုမှ အကောင်အထည်မဖော်ပေးဘဲ ယခင် နအဖ စစ်အာဏာရှင်လက်ထက်အတိုင်းပင် ပြုမူဆောင်ရွက်နေပါတယ်ဗျာ။ ပြီးတော့ တိုင်းပြည်ထူထောင်ရေးနဲ့ နိုင်ငံတော်ရဲ့ သယံဇာတ ထုခွဲရောင်းချရေးတွေကိုလည်း ပြည်သူ့ဆန္ဒကို ဖယ်ထုတ်ထားပြီး စစ်အုပ်စုနှင့် ယင်းတို့ရဲ့ အပေါင်းအပါလူတစုကသာ လက်ဝါးကြီးအုပ်ထားတဲ့ ပေါ်လစီ (Exclusionary Policies) ကို ကျင့်သုံးလျက်ရှိနေပါတယ်။ အဲ့ဒီပေါ်လစီအရပဲ ဒီမိုကရေစီရေးလုပ်ရှားမှုတွေမှာ ပါတဲ့သူတွေနဲ့ ပါတီတွေအားလုံးကို ဖယ်ရှားပစ်မှာဖြစ်ပါတယ်။ အဲ့ဒီပေါ်လစီအရပဲ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးမှာ မဟုတ်ပါဘူး။ အရပ်သား အရေခြုံထားတဲ့ စစ်အာဏာရှင်စနစ် ကိုသာ ခိုင်မာတော့ တင်းရေးထက် သက်ဆိုးရှည်ရေးကိုသာ ဆက်လက်အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ 
တိုင်းရင်းသားအရေးကိစ္စများကိုလည်း စစ်အုပ်စုဟာ လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းနဲ့သာ ဆက်လက် အကောင်အထည်ဖော်ပြီး လူထုတရပ်လုံးကို စစ်ကျွန်ပြုရေးအတွက်သာ ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
ယခု တိုင်းရင်းသားလက်နုက်ကိုင် တပ်ဖွဲ့များအား အတင်းအဓမ္မ လက်နက်ဖြုတ်သိမ်းရန် အတွက် နယ်ခြားစောင့်အသွင် ပြောင်းခိုင်းရန် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ် ၆၀ ကျော် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (K.I.A)၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (SSA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (BKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ငြင်းဆန်ခဲ့သဖြင့် စစ်အစိုးရဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ အားလုံးအသိပင်ဖြစ်ပါတယ်။ ပြီးတော့ စစ်အစိုးရဟာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသရှိ အပြစ်မဲ့အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးချနေသလို ရှေ့တန်းစစ်ဆင်ရေးတွေအတွက် ဒေသခံပြည်သူများကို ရိက္ခာသည်ယူရန် ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း ဒေသခံ အမျိုးသမီးများကို အတင်းအဓမ္မ ကျင့်ကြံခြင်း စတာတွေကို ပြုလုပ်လျက်ရှိပါတယ်။ 
လက်ရှိအခြေအနေမှာ အရပ်သားအရေခြုံ စစ်အစိုးရဟာ တိုင်းပြည်ကို အသွင်တမျိုးနဲ့ ပါတီစုံ ဆိုင်းပုဒ်တပ်ပြီး ဆက်လက်အုပ်ချုပ်နေပါတယ်။ အစိုးရသစ်ဟာ လက်နက်တပ်အင်အားနဲ့ နိုင်ငံတော် သဘာဝသယံဇာတ အရင်းအမြစ်ရောင်းချရာမှ ရရှိထားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ကုဋေကုဋာကို ပိုင်ဆိုင်ထားပါတယ်။ 
ဒါ့ကြောင့် စစ်အာဏာရှင်အုပ်စုတွေနဲ့ သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုနှစ်ခုကြား ချိန်ခွင်လျှာဟာ မညီမမျှဖြစ်နေတာမို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတခု ပေါ်ပေါက်လာရေးဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့သမိုင်းမှာ အင်အားကောင်းနေတဲ့ အဓမ္မဝါဒီတွေဟာ အင်အားနည်းသူတွေနဲ့ ဘယ်သောအခါမှ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်လေ့မရှိပါဘူး။
တကယ်တော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ပေါ်ပေါက်လာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာက အင်အားစုနှစ်ခုကြား အားချင်းညီမျှတဲ့ အခြေအနေ (Equilibrium) တရပ် ဖြစ်အောင် အင်အားနည်းတဲ့ဘက်က အင်အားရှိအောင် မဖြစ်မနေကြိုးစားရမှာပဲ ဒါကလွဲပြီး ရွေးစရာမှတပါး။ အခြား မရှိပါ။ စိတ်ကူးယဉ်လို့မရသလို တကြော်ကြော်အော်နေလို့လည်း မရပါဘူး။ တဖက်က ပေးမှယူမယ်ဆိုရင်လည်း ဒီတသက် ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး။ တိုက်ယူရမှ ရပါလိမ့်မယ်။ 
ဒါကြောင့် ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းလာဖို့အတွက် ဒီမိုကရေစီအင်အားစုတွေဟာ နိုင်ငံတကာရဲ့ အားပေးကူညီမှုတွေ၊ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို အပြည့်အဝ ရယူပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်းပြီး စွန်လွှတ်စွန့်စားကာ အသက်ချွေးများ ရင်းနှီးပေးဆပ်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျသွားရေးကို ဆန့်ကျင်တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ ယနေ့အချိန်အခါဟာ ကျနော်တို့ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသောအချိန်အခါမို့ စစ်အာဏာရှင်တွေ လုပ်သမျှကို ဒီအတိုင်း ခေါင်းငုံ့မခံဘဲ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် မိမိတို့ရဲ့ သမိုင်းပေး တာဝန်ကို တာဝန်ရှိရှိ တာဝန်သိသိ ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
၂၅ – ၆ -၂၀၁၁
သရုပ်ဖော် ပုံကို ဒီက ယူပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts