>Kyaw Thu – FFSS Yangon Activity (3rd July 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇူလိုင် ၄၊ ၂၀၁၁
တစ်ချက်ခုတ် သုံးချက်ပြတ်
မြန်မာပြည်တွင်းရှိ အနုပညာရှင်များ (ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်) စသည့် ပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ မိမိတို့၏ အနုပညာရပ် အသီးသီးတို့ကို ပြည်ပရောက် မြန်မာလူမျိုးများအား ဖျော်ဖြေမှုများကို ယခု ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပိုမိုများပြားလာသည်ကို သတိထားမိသည်။

ထိုကဲ့သို့ သွားရောက်ဖျော်ဖြေရာတွင် မိမိတို့ တတ်စွမ်းသော အနုပညာများနှင့် မိမိတို့ ဝမ်းစာအတွက် အဓိကထားပြီး မိမိတို့ မရောက်ဘူးသော နိုင်ငံများသို့ သွားရောက်လေ့လာခြင်းဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသည့်စကားအတိုင်း သွားရောက်ခြင်းများသာ ရှိခဲ့သည်။
ယခု ဆောင်းဦးလှိုင်၏ ပြည်ပဖျော်ဖြေရေးခရီးစဉ်မှာကား တစ်ချက်ခုတ် သုံးချက်ပြတ် ဟူသော စကားဟု ဆိုရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူ/သားတို့အား သွားရောက်ဖျော်ဖြေပွဲခရီးစဉ်တွင် ကိုဆောင်းဦးလှိုင်သည် ပြည်တွင်းရှိ မြန်မာပြည်သူလူထုတို့အား ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် အလှူငွေများကို ကောက်ခံခဲ့ကာ မိမိတတ်စွမ်းသော အနုပညာဖြင့် ပြည်ပရောက် မြန်မာပြည်သူ/သားများအား ဖျော်ဖြေခဲ့ကာ ပြည်ပနိုင်ငံ၏ ပတ်ဝန်းကျင်အနေအထား လူနေမှု အဆင့်အတန်း စသည်တို့ကို လေ့လာနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပြည်ပရောက် မြန်မာပြည်သူ/သားများက လည်း ကိုဆောင်းဦးလှိုင် စင်မြင့်ပေါ်မှ အလှူခံသည့်ကိစ္စရပ်များကို မပြောခင်ကတည်းက သဒ္ဓါတရား ထက်သန်စွာဖြင့် ကိုဆောင်းဦးလှိုင်မှတဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေများ ထည့်ဝင်၍ လှူဒါန်းခဲ့ကြသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ဂီတ လူမှုရေး သူရဲကောင်းများ၏ ဖျော်ဖြေမှုပွဲအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်ဦးလှိုင်အား လက်ဆောင်အဖြစ်ပေးထားသော ဥက္ကဋ္ဌ ဦးကျော်သူ၏ ရုပ်ပုံပါ GIVERS အမည်ရှိ တီရှပ်ကို အင်တာနက်မှ လေလံတင်ရောင်းချခဲ့ရာ US$ 350 ရရှိခဲ့ကြောင်းလည်း ကိုဆောင်းဦးလှိုင်မှ ပြောကြားခဲ့သည်။
ယင်း အလှူငွေအပ်နှံပွဲအား ၃.၇.၂၀၁၁ တနင်္ဂနွေနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၌ နေ့လည် ၁၂း၃၀ နာရီတွင် စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့သည်။ ဦးစွာ ကြွရောက်လာကြသည့် စာနယ်ဇင်းနှင့် ဧည့်ပရိသတ်များအား ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ ပြည်ပနိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားရာတွင် အချို့သော ပညာရှင်များသည် ပြည်ပနိုင်ငံတွင် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ ကောက်ခံခြင်းကို အကြောက်တရားရှိနေကြောင်း၊ ထို့ကြောင့် သူသည် စင်မြင့်ပေါ်မှနေ၍ အလှူခံခြင်း ကိစ္စရပ်ကို မလုပ်ခဲ့ကြောင်း၊ လာရောက်လှူဒါန်းကြသော ပြည်ပရောက် မြန်မာပြည်သူ/သားများသည် ဦးကျော်သူနှင့် သူ၏လက်တွဲဆောင်ရွက်မှုများကို သိရှိပြီးဖြစ်သည်နှင့်အညီ စာအိတ်များထဲတွင် အလှူငွေများ ထည့်သွင်း၍ လှူဒါန်းကြကြောင်း ပြောကြားခဲ့ကာ သူ၏သားနှင့် သမီးတို့၏ ပညာရေးပြီးဆုံးသွားသည့် အချိန်ကာလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ညာလက်ရုံးအဖြစ် လက်တွဲပြီး အများပြည်သူတို့ကို ပေးဆပ်မှုများ လုပ်ကိုင်လိုကြောင်း ပြောကြားသွားကာ အလှူငွေ US$ 5250 နှင့် မြန်မာကျပ်ငွေ ၄၉၃၀၀၀/- တို့ကို လွဲပြောင်းအပ်နှံ လှူဒါန်းခဲ့သည်။ ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဆောင်းဦးလှိုင်ပြောကြားသော အကြောက်တရားများသည် မိမိတို့ပြည်တွင်းတွင် အတော်ကိုကူးစက်နေကြောင်း၊ အချို့သော အလှူရှင်များသည် ကိုယ်တိုင်လာရောက် မလှူရဲ၍ လူကြုံနှင့် လာရောက် လှူဒါန်းမှုများရှိကြောင်း၊ အချို့သော မိသားစုဝင်များသည်လည်း မိမိတို့၏ သားသမီးတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသမားများ လုပ်ကိုင်သည်ကို ကြောက်ရွံ့နေကြောင်း၊ မိမိတို့ အသင်းအဖွဲ့သည် နိုင်ငံရေးပါတီထောင်ထားသော အသင်းအဖွဲ့ မဟုတ်ကြောင်း၊ နိုင်ငံတော်အာဏာကို ရယူလိုသည့်ဆန္ဒဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ လူမှုရေးသက်သက် အများပြည်သူအတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ပေးဆပ်ကူညီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ လူမှုရေး လုပ်ငန်းရပ်များတွင် အနုပညာရှင်တို့၏ အင်အားများစွာလိုအပ်ကြောင်း၊ ကိုဆောင်းဦးလှိုင်၏ ဆန္ဒဖြစ်သော ညာလက်ရုံးအဖြစ် အများပြည်သူတို့ကို ကူညီဖေးမမှုကိုအမြန်ဆုံး ကျွန်တော်တို့နှင့် လက်တွဲခွင့်ရရှိပါစေဟု ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် စာနယ်ဇင်းသမားများကိုယ်စား အလင်းတန်းဂျာနယ်၊ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲ ချမ်းသာမရွေး ကူညီဖေးမနေမှုတို့သည် ကိုယ်တွေ့ခံစားဖူးသူများက ပိုမို၍ သိရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ဖူးကြောင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကျေးဇူးတရားများကို အမှတ်ရနေကြောင်း၊ ကျေးဇူးတရားဟုဆိုရာ၌ တကြိမ်တခါ ကြုံဖူးယုံနှင့် အစဉ်ထာဝရ တင်ရှိနေရမည် ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှုများကို အကြွင်းမဲ့ယုံကြည်ကြောင်းတို့အပြင် ကိုဆောင်းဦးလှိုင်အားလည်း တေးသီချင်းများ ဆက်လက် စဉ်ဆက်မပြတ် ပြန်လည်သီဆိုစေလိုကြောင်း၊ ဂီတပညာရပ်ကို ဖော်ကျူးရင်း လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူတို့ကို ကူညီဖေးမ ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။
ယင်း ဇူလိုင် ၃ ရက်နေ့သည်ကား လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာလောက ၃ ခု၏ ပေါင်းစည်းမှုအင်အား တရပ်ပင် ဖြစ်တော့သည်။
ကြီးတော်ရဲ့နွားကျောင်းသူများ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစာပေဟောပြောပွဲ တရပ်ကို ၃.၇.၂၀၁၁ တနင်္ဂနွေနေ့ မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံရုံးချုပ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူငယ်/ရွယ်များ၊ လူမှုရေးသမားများအတွက် စာပေအသိဉာဏ် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ကာ စာရေးဆရာ မောင်သာချိုမှ “လူနဲ့ ကြီးတော်ရဲ့နွား” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။ ဆရာ မောင်သာချို၏ ဟောပြောချက်များတွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားသည် မိမိပိုင်ဆိုင်သော နန်းတော်၊ မိမိပိုင်ဆိုင်သော မယား၊ မိမိပိုင်ဆိုင်သော သား၊ မိမိပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများ အားလုံးတို့ကို စွန့်လွတ်ကာ ကိုယ်ကျိုးစွန့်၍ လောကကောင်းကျိုးအတွက် ကျင့်ကြံအားထုတ်ခဲ့ပြီး သစ္စာလေးပါး မြတ်တရားအား တွေ့ရှိခဲ့ကာ အများပြည်သူ လူသားများအတွက် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုပြီး ငြိမ်းချမ်းမှုချမ်းသာရှိရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိအောင် သွားရာလမ်းကြောင်းကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ လူသားချင်း စာနာစိတ်ထားရှိခဲ့သော မာသာထရီဆာသည်လည်း မိမိမွေးရပ်မြေအား စွန့်လွတ်၍ တိုင်းတပါးတွင် သွားရောက်ကာ အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့ရာတွင် လူသားပေါင်း တသန်းကျော်၏ ဒုက္ခများကို ကယ်တင်ခဲ့သော လူသားတသန်းကျော်၏ ကယ်တင်ရှင် ကျေးဇူးရှင်တဦး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်၊ အနစ်နာခံပုံ၊ တပ်မတော်နှင့် ပြည်သူတသားတည်း နေထိုင်ကျင့်ကြံပုံ၊ မိမိ၏ ဗိုလ်ချုပ်ဟူသော ဂုဏ်အရှိန်ကို အခွင့်အရေး လုံးဝမယူဘဲနှင့် အများပြည်သူအတွက် အနစ်နာခံ ပေးဆပ်မှုတို့သည်ကား မိမိ၏ နွားကို မကျောင်းဘဲ၊ ကြီးတော်၏နွားအား သွားရောက်ကျောင်းပေးခဲ့သော လူမှုရေးသမားစစ်စစ်များ၏ ကျင့်ကြံ အားထုတ်ပေးခဲ့မှုများ စသည့် လူမှုရေးနှင့်ပတ်သက်သော အကြောင်းအချက်များအား သက်သေ သာဓက များစွာဖြင့် ဟောပြောခဲ့ပါသည်။
ယင်းကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မြန်မာစာပေဟောပြောပွဲများကို လစဉ်လတိုင်း လူမှုရေးသမားများ၊ မျိုးဆက်သစ်လူငယ်/ရွယ်များအား ရည်စူး၍ ကျင်းပပေးသွားမည်ဖြစ်ပါသည်။
ဆန္ဒတခုကို ဖြည့်ဆည်းခြင်း
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ရှိစဉ်က မိခင်ကြီး ဒေါ်ခင်ကြည်၏ မိတ်ဆွေသူငယ်ချင်းတစ်ဦးဖြစ်သူ ဒေါ်တင်တင်သည် ဒေါ်ခင်ကြည် ကျန်းမာရေးချို့တဲ့စဉ် ကာလတလျှောက်လုံး အနီးကပ်ပြုစုစောင့်ရှောက် ပေးခဲ့သူတဦးဖြစ်သည်။ ဒေါ်တင်တင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နှင့် ခင်မင်ရင်းနှီးမှုမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိ၊ စီးပွားရေးနှင့်လည်း ပတ်သက်ခြင်းမရှိ လူမှုရေးသက်သက်ဖြင့်သာ ခင်မင်ကူညီ ပတ်သက်ခဲ့သူ တဦးဖြစ်သည်။
ယခုအချိန် ဒေါ်တင်တင်သည် လေဖြတ်ဝေဒနာခံစားနေကာ အစားအသောက်တို့ ပါးစပ်မှလည်း စားခြင်း၊ သောက်ခြင်းတို့ကို မပြုလုပ်နိုင်ချေ။ ၂.၇.၂၀၁၁ စနေနေ့တွင် ဒေါ်တင်တင်အား သူ၏ မိသားစုဝင် သားသမီးများက မိခင်ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတခုကို ပြုလုပ်ပေးခဲ့သည်။ ယင်းဆန္ဒမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)ထံသို့ အလှူငွေ ထည့်ဝင်လိုသော ဆန္ဒပင် ဖြစ်သည်။
ထို့ကြောင့် ၂.၇.၂၀၁၁ စနေနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပါရမီလမ်းရှိ မိခင် ဒေါ်တင်တင်၏ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ သွားရောက်၍ အလှူငွေ US$ 500 လှူဒါန်းမှုကို လက်ခံအားပေး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မိခင်ကြီး ဒေါ်တင်တင်၏ အလုပ်ချင်ဆုံးသော ဆန္ဒတခုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သောကြောင့် မိခင်ကြီး ဒေါ်တင်တင် ကျန်းမာချမ်းသာ ဝမ်းသာစွာဖြင့် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ခဲ့ပါတော့သည်။
ဘာသာမရွေး ကူညီဖေးမပေး
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မရွေးတို့ကို (အခမဲ့) ကူညီကုသပေးလျှက်ရှိရာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် စသော ဘာသာပေါင်းစုံတို့၏ ကျန်းမာရေးကိစ္စရပ်အား (အခမဲ့) ကူညီဖေးမ ကုသပေးရာတွင် နေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အား ကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀) ခန့်တို့သည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများပွားများကာ လူသားချင်းစာနာစိတ်နှင့် ကုသပေးခဲ့သည်။
၂.၇.၂၀၁၁ စနေနေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါးကုသသည့် လူနာတဦးဖြစ်သူ အဒွတ်ဆလံ (ခ) ထွန်းထွန်း နယ်လှည့်သာသနာပြု ဆရာ (အစ္စလာမ်ဘာသာရေးကျောင်း – လှိုင်သာယာ) သည် တကိုယ်လုံး ဖောရောင်နေခြင်း၊ အိပ်မရဖြစ်နေခြင်းတို့ ခံစားနေရသောကြောင့် လှိုင်သာယာမြို့နေ ဒေါ်သန်းသန်းမြင့်မှ တဆင့် သုခ ကုသိုလ်ဖြစ်ဆေးခန်းသို့ ဖုန်းဆက် အကူအညီတောင်းခံသည့်အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးတို့မှ စမ်းသပ်စစ်ဆေးပေးခြင်း၊ USG ရိုက်ပေးခြင်းတို့ကို အရေးပေါ်ပြုလုပ်ခဲ့ရာ ဆေးရုံသို့ တက်ရောက်၍ အရေးပေါ်ဝမ်းဗိုက်တွင်းမှ အရည်များကို ဖောက်ထုတ်ပစ်ရန် လိုအပ်ကြောင်း သိခဲ့ရပါ၍ နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းပိုင် သီတဂူဆရာတော်ကြီးမှ လှူဒါန်းထားသော အရေးပေါ် လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်သောဆေးဝါးနှင့် ကုန်ကျမှုအချို့အား ကူညီပေးဆပ်ခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်လူတန်းစားတို့မဆို အချင်းချင်း လူသားချင်းစာနာစိတ်မွေးဖွားကြကာ လူ့အခွင့်အရေး အပြည့်အဝရရှိမည်ဖြစ်ပါက ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ထားလိုက်ပါတော့သည်။
အယူသီးမှုတိုက်ဖျက်ရေး (၂)
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား အများပြည်သူ အလှူရှင်တို့ သိရှိမုဒိတာပွားစေရန် ဟူသော ရည်ရွယ်ချက်တခုတည်းနှင့် အလှူရှင်များအား (ကန့်သတ်) အနေဖြင့် ပြန်လည်၍ လက်ဆောင်ပေးအပ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “တနေ့တာ ပေးဆပ်မှုများ” နှင့် “ဂီတလူမှုရေးသူရဲကောင်းများ Vol:1” ဟူသော DVD အချပ်များကို ဖန်တီး ပေးဆပ်ခဲ့ပြီးဖြစ်သည်။
ယင်းအခွေများတွင် ဂီတလောကမှ လူမှုရေးစိတ်ဓာတ်ရှိသော ဂီတပညာရှင်များတို့သည် တတတ်တအား ပါဝင်ကူညီသီဆိုခဲ့ပြီးဖြစ်သည်။ ပထမဆုံးသော “တနေ့တာပေးဆပ်မှု” DVD အခွေတွင် ဂီတပညာရှင် အနဂ္ဃနှင့် Hip Hop အဆိုတော် ၁၀ ဦးတို့က အယူသီးမှု တိုက်ဖျက်ရေး ခံစားမှုသံစဉ် “လက်ကမ်းလိုက်” ဟူသောသီချင်းတပုဒ်ကို ပေးဆပ်သီဆိုပေးပြီးဖြစ်ရာ ယခုထပ်မံ ဖန်တီးမည့် ဂီတလူမှုရေး သူရဲကောင်းများ Vol:2 အတွက် အဆိုတော် အနဂ္ဃမှ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒုတိယ ခြေလှမ်းအဖြစ် ထပ်မံ၍ ရေးစပ်သီဆိုထားသော အယူသီးမှုတိုက်ဖျက်ရေး သီချင်းသစ်အား Home Studio တခု၌ စိတ်ဓာတ်ထက်သန် ပြင်းပြစွာဖြင့် သီချင်းသွင်းရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း အလှူရှင်များ၊ လူမှုရေးသမားများ၊ လူမှုရေးဂီတပညာရှင်များအား သတင်းကောင်းပါးလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts