>1th Junly, 2011 – Q & A With Suu

>

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
ဇူလိုင် ၁၊ ၂၀၁၁
အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်


◊ မေးသူ ။ ။ ကိုလေးမော် (ရန်ကုန်မြို့)
◊ မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား မင်္ဂလာပါ။ ကျနော်ကတော့ ဒဂုံတက္ကသိုလ်မှာတက်နေတဲ့ အဝေးသင်ကျောင်းသားတယောက်ပါ။ ကျနော်တို့ကျောင်းစတက်တဲ့အခါ ဒီအဝေးသင်စာမေးပွဲမဖြေခင် assignment ဆိုတဲ့စာစဉ်တွေကိုဖြေရတဲ့အခါ ကျနော်တို့က အပြင်ကအဖြေ ရှိပြီးသား စာအုပ်တွေကနေတဆင့် ပြန်လည်ကူးယူပြီးတော့ အဲဒီစာစဉ်တွေကိုတင်ပြီးတော့ စာမေးပွဲဖြေရတယ်ပေါ့။ ဒီလိုစာမေးပွဲဖြေတဲ့ရက် နီးကပ်လာတဲ့အခါကြလည်း ဆရာမတွေက အဲဒီဆယ်ရက်အတွင်းမှာ သင်တဲ့သင်ရိုးလေးကိုပဲ ဖြေပြီးတော့ ဒီအဝေးသင်ပညာရေးစနစ်မှာ ကျနော်တို့ တနှစ်ပြီးတနှစ် အဲလိုဖြေပြီးတော့ အောင်မြင်သွားကြတယ်ပေါ့နော်။ ကျနော်သိချင်တာက အဲလိုလေး သင်ကြားပြီးတော့ အောင်သွားတဲ့ပညာရေးဟာ နိုင်ငံတကာနဲ့ယှဉ်ရင် ဘယ်လိုများကွာခြားသလဲပေါ့နော်။ နိုင်ငံတကာရဲ့အဝေးသင်ပညာရေး အဆင့်အတန်းနဲ့ သူ့ဖွဲ့ စည်းပုံက ဘယ်လိုများရှိသလဲလို့။ အဲဒါလေးကိုသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပါစေ။

◊ အဖြေ ။ ။ နိုင်ငံခြားမှာအဝေးသင်တက္ကသိုလ်တွေ တခုနှင့်တခု လုပ်ပုံကိုင်ပုံချင်းက တထပ်ထဲတူ တာတော့မဟုတ်ပါဘူး။ အခုမြန်မာနိုင်ငံကလို ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုကို အားမပေးတဲ့ သင်ပုံသင်နည်းစနစ်တွေကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မရှိပါဘူး။ အဝေးသင်တက္ကသိုလ်ပဲဖြစ်ဖြစ် ပုံမှန်တက္ကသိုလ်ပဲဖြစ်ဖြစ် ကျောင်းသားတွေခေတ်နဲ့အညီ ပညာတွေသင်ယူတဲ့ တချိန်ထဲမှာပဲ ဆင်ခြင်သုံးသပ်နိုင်တဲ့စွမ်းအားတွေ တိုးတက်ရေးကို အလေးထားကြပါတယ်။ အင်မတန်မှလည်း စနစ်ကျတဲ့သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ပုံသင်နည်းတွေကို ပြဋ္ဌာန်းထားပါတယ်။

◊ ◊ ◊


◊ မေးသူ ။ ။ ကိုကျော်ကျော် (ပဲခူးမြို့)
◊ မေးခွန်း ။ ။ အန်တီစုခင်ဗျာ့။ ကျနော်တို့ပဲခူးမြို့နယ် ပဲခူးချောင်းခြားပေါ့နော်။ ဘောနက်ကြီး ရေလွှဲဆည် နွေရာသီစပါးစိုက်ဖို့အတွက် ရေလွှဲဆည်ပိတ်တဲ့နေရာမှာ စနစ်တကျမတည်ဆောက်ခဲ့လို့ နွေရာသီမှာရေလွှဲဆည် ရေလွှတ်လို့ရပေမယ့် မိုးတွင်းရာသီကြတော့ ရေလွှဲဆည်မှာ ရေလွှဲပေါက်မရှိတဲ့အတွက် အခုကျနော်တို့ ဝင်းခင်ရွာ ရေမြုပ်တဲ့ရွာဖြစ်နေပါတယ်။ ဧကထောင်နဲ့ချီပြီးတော့မှ ရေမြုပ်နေပါတယ်။ လူတွေလည်း ကစဥ့်ကရဲနဲ့ ရွာလည်းပျက်သလောက် ဖြစ်သွားပါပြီ။ ဒီကားလမ်းဘေးမှာ နေကြရပါတယ်။ ကျနော်တို့ ဒီလို (၄) လပိုင်းတုန်းက မြို့နယ် အာဏာပိုင်တွေကို ကျနော်တို့ တင်ပြပါတယ်။ တင်ပြတဲ့အခါကြ အာဏာပိုင် တွေကနေ ပြေလည်အောင် မဖြေရှင်းပေးပါဘူး။ ဒီနေ့အချိန်ထိလည်း ကျနော်တို့ ဘာမှအကြောင်းပြန်ကြားခြင်း မရှိပါဘူး။ ဒီပြဿနာတွေပြေလည်အောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အန်တီစုအနေနဲ့ အကြံဉာဏ် ပေးနိုင်မယ်ဆိုရင် ကျနော်တို့ကို အကြံဉာဏ်ပေးစေလိုပါတယ်။ အန်တီစုဘယ်လိုများ ကူညီနိုင်မလဲခင်ဗျာ့။

◊ အဖြေ ။ ။ အခု ဝင်းခင်ကြီးရွာ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ကိစ္စတွေကို အသေးစိပ်စုံစမ်းဖို့ အန်တီတို့ ပဲခူးတိုင်းကအဖွဲ့ဝင်တွေကို တာဝန်ပေးလိုက်ပါ့မယ်။ နောက်ပြီး ဘယ်လိုလုပ်လို့ရှိရင် ပြဿနာတွေ အမြန်ဆုံးဖြေရှင်း နိုင်မယ်ဆိုတာကိုစုံစမ်းပြီး ကိုကျော်ကျော်ကို အသိပေးပါ့မယ်။

◊ ◊ ◊


◊ မေးသူ ။ ။ ကိုဖိုးသာအောင် (တာချီလိတ်မြို့)
◊ မေးခွန်း ။ ။ အမေစုခင်ဗျာ့။ ကျနော်ကတော့ ဖိုးသာအောင်ပါခင်ဗျာ။ ရှမ်းပြည်ဘက်မှာ နေတာပါ။ အခုကျနော်တို့ သိချင်တာလေးက ဒီရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ ကချင်တပ်တွေနဲ့ မြန်မာတပ်တွေအကြားပေါ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် အခု ဒီ ဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေ တရုတ်နယ်စပ်ကို ထွက်ပြေးနေတာ တွေ့ရပါတယ်။ အဲတော့ ဒီစစ်ပွဲတွေဟာ ရေရှည်မယ်လို့ ကျနော်တို့အနေနဲ့ မြင်ရတယ်။ ဒီငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ အတွက် အမေစုတို့အနေနဲ့ မြန်မာတပ်တွေနဲ့ ကချင်တပ်တွေအကြားမှာ ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် အခွင့်အလမ်းတွေများရှိပါသလားဆိုတာ ကျနော်သိချင်ပါတယ်။ နောက်တခုက ဒီတိုင်းရင်းသားလက်နက်ကိုင်ဒေသ တွကို အမေစုတို့ကိုယ်တိုင် ခရီးထွက်ဖို့အစီအစဉ်ရှိပါသလားဆိုတာ သိချင်ပါတယ်ခင်ဗျာ။

◊ အဖြေ ။ ။ အခုပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်လာတာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင်ကပဲ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ပြဿနာတွေကို လက်နက်နည်းနဲ့မဟုတ်ဘဲ နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့လိုကြောင်း အတိအလင်းဖော်ပြထားပါတယ်။ အမေကတော့ လောလောဆယ် တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေကို ခရီးထွက်ဖို့အစီအစဉ်မရှိသေးပါဘူး။

◊ ◊ ◊


မေးသူ။ ။ ဒေါ်ခင်စန်းနွယ် (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်။ ကျမ မခင်စန်းနွယ်ပါ။ ၁၉၉၃ ကနေပြီးတော့ ၁၉၉၉ အထိပေါ့။ ဗဟန်းမြို့နယ်ကနေပြီးတော့ တာဝန် ယူပြီး တော့လာပါတယ်။ အမမှတ်မိမလားတော့မသိဘူး။ အခုပေါ့နော် တိုင်းပြည်အခြေအနေက အရမ်းကိုဆိုးဝါးတဲ့အခြေအနေ ဖြစ်နေပါပြီ။ ပြည်တွင်းစစ်မီးကြီးက စတောက်လားပြီဖြစ်တယ်။ အဲဒီဟာလေးကို အမြန်ဆုံးအေးငြိမ်းအောင် အမအနေနဲ့ပေါ့နော်။ ဘယ်လိုများလုပ်ပေးနိုင်မ လဲ ကျမမေးချင်ပါတယ်။ နောက်တခုကကြတော့ ကျမတို့ပါတီဝင်တွေဟာ အမေရိကားမှာဆိုရင် အခုဆိုရင်ပါတီဝင်တွေ အားလုံးဟာ အနည်းဆုံး (၅၀၀) ကျော် လောက်ရောက်နေပြီလို့ ကျမယူဆတယ်လေ။ ဒါပေမယ့် ကျမတို့ပါတီဝင် အချင်းချင်းဟာ တော်တော်ကို ပြဿနာဖြစ်နေကြတယ်။ အဲဒါလေးကို အမအနေနဲ့ ဘယ်လိုများကျမတို့ NLD ပါတီဝင်တွေကို သြဝါဒလေး၊ ဆုံးမစကားလေး ပြောချင်လဲလို့ အဲဒါလေးကို ကြားချင်ပါတယ်အမရယ်။ အမရေ ဒါပါပဲနော်။

◊ အဖြေ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုင်းသူပြည်သားအားလုံးက တာဝန်သိစိတ်နဲ့ ဝိုင်းဝန်း လုပ်ဖို့လိုပါတယ်။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကတော့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်း ချမ်းဖြေရှင်းဖို့ တိုက်တွန်းထားတဲ့ ကြေငြာချက်ကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအ တွက် ပြည်သူပြည်သားတွေ ကြိုးစားဖို့လိုသလို ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ အကြား သွေးစည်းညီညွတ်မှု ခိုင်မာဖို့အတွက်ကတော့ အဖွဲ့ဝင်တွေကိုယ်တိုင်က ကြိုးစားရမှာဖြစ်ပါတယ်။ ကိုယ်တိုင် ညီညွတ်ချင်တဲ့ဆန္ဒမရှိလို့ကတော့ ညီညွတ်ရေး တရားဟောလည်း အချည်းနှီးဖြစ်မှာပါ။ မညီညွတ် လို့ရှိလို့ရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင် ဝေးသထက်ဝေးပြီး ကိုယ့်တိုင်းပြည်ပိုလို့ပိုလို့ ဒုက္ခရောက်မယ်ဆို တာကိုတော့ သတိရစေချင်ပါတယ်။

◊ ◊ ◊


မေးသူ ။ ။ မမွန်းနဒီ (ထိုင်းနိုင်ငံ)
မေးခွန်း။ ။ ကျမ မွန်းနဒီပါ။ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံကပေါ့နော်။ ကျမတို့အခု ကချင်ပြည် မှာပေါ့နော်။ အဲဒီမှာစစ်ကြောင်းတွေ ထိုးနေတာရှိပါတယ်။ ပြီးလို့ရှိရင် ဒီကေအိုင်အေနဲ့ ဗမာစစ်တပ်ကြားမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေမှာပေါ့နော်။ အမျိုးသမီးတွေကို အဓမ္မကျင့်တဲ့ဟာတွေ။ ပြီးလိုရှိရင် တခြား လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေအများကြီးရှိနေပါတယ်။ ဆိုတဲ့အခါကြတော့ ဒီအန်တီစုတို့အနေနဲ့ NLD အနေနဲ့ ပေါ့နော်။ တဖက်တလမ်းကနေ ကူညီပေးဖို့အတွက်ပေါ့နော်။ ကျမတို့အနေနဲ့ တောင်း ဆိုချင်တာရှိပါတယ်။ ပြီးလို့ရှိရင် ဒီအခုဖြစ်နေတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ဖို့အတွက် ကျမတို့အနေနဲ့ ဘာတွေများပိုပြီးတော့ လုပ်ဆောင်ရမယ် ဆိုတဲ့ဟာကို အန်တီစုတို့အနေနဲ့ အကြံပေးစေချင်ပါတယ်။

◊ အဖြေ ။ ။ ကချင်ပြည်နယ်မှာ စစ်မီးတွေပြန်တောက်နေတာဟာ အန်တီတို့နိုင်ငံအတွက် အင်မတန်မှ ရင်လေးစရာကိစ္စတခုဖြစ်တာမို့ ငြိမ်းချမ်း တဲ့နည်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တိုင်းရင်းသားအားလုံးအကြား သွေးစည်းညီညွတ်မှုရှိဖို့ အန်တီကော NLD ပါ တတ်နိုင်သ၍ တိုက်တွန်းပါတယ်။ ပြည်သူအများစုကလည်း ငြိမ်ချမ်းရေးတန်ဖိုးကို သိနားလည်နိုင်ဖို့ ကြိုးစားဆောင်ရွက်ပါ့မယ်။ စုံစမ်းရေးကော်မရှင်တခု ဖြစ်လာဖို့ဆိုတာကတော့ ကမ္ဘာ့ နိုင်ငံအသီးသီးနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တို့ကို တိုက်တွန်းတောင်းဆိုရမယ့်ကိစ္စဖြစ်ပါတယ်။

◊ ◊ ◊


◊ မေးသူ ။ ။ မစ္စစ်အန်းစိုး (ထိုင်းအမျိုးသမီး၊ အမေရိကန်နိုင်ငံ)
◊ မေးခွန်း ။ ။ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်တွင်းခရီးထွက်မယ်ဆိုတဲ့သတင်းကြောင့် ကျမစိုးရိမ်ပူပန်မိပါ တယ်။ လူထုကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ချစ်တယ်။ သူတို့တွေနဲ့ တွေ့ချင်တယ်ဆိုတာလည်း ကျမနားလည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒီခရီးကိုထွက်ရတာပါလဲရှင့်။ ဒီခရီးစဉ်အတွက်လုံခြုံရေးကိုရော သေသေချာချာစီစဉ်ထားပါရဲ့လားရှင်။

◊ မေးသူ ။ ။ ကိုဟန်ဝင်းထွန်း (ဂျပန်နိုင်ငံ)
◊ မေးခွန်း။ ။အန်တီစု ကျနော်တိုကျိုက ဟန်ဝင်းထွန်းပါခင်ဗျာ။ ကျနော်မေးချင်တဲ့မေးခွန်းတခုကတော့ အန်တီစု နယ်ကိုခရီးထွက်မယ်ဆိုတာ ဘယ်လို အကြောင်းမျိုးကြောင့် ထွက်မှာလည်းဆိုတာကို သိချင်ပါတယ် ခင်ဗျာ။ ဒီပဲယင်းလို နောက်တကြိမ်ဖြစ်မှာကို ဗမာနိုင်ငံသားတွေကော နိုင်ငံခြား သားတွေကောက စိတ်ပူနေကြတဲ့အတွက် ထပ်မေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ကျေးဇူးပြုပြီးတော့ ဖြေပေးစေချင်ပါ တယ်ခင်ဗျာ။

◊ မေးသူ။ ။ ကိုမျိုးသူရိန် (ပြင်သစ်နိုင်ငံ)
◊ မေးခွန်း ။ ။ မင်္ဂလာပါ အန်တီစုရေ။ ကျနော်ကတော့ ဒီဥရောပမှာရောက်ရှိနေတဲ့ မျိုးသူရိန်ပါ။ ကျနော်တို့၏ ဒီရက်ပိုင်းမှာ မန္တလေးမှာကော ဗုံးကွဲမှုတွေ ဖြစ်နေပါတယ်။ ဒီအတွက် အန်တီစုရဲ့အသက်ကို ကျနော်တို့ အများကြီးပဲစိုးရိမ်မိပါတယ်။ ဒါကြောင့်မို့ အန်တီစုအနေနဲ့ နယ်ခရီးစဉ်တွေကို သွားဖို့ရှိပါသလား။ အဲဒါသိ ချင်ပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။

◊ အဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ရမယ်လို့ ယုံကြည်ပါ တယ်။ အန်တီက နိုင်ငံရေးပါတီဝင် တယောက်ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူနဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ ဒါကြောင့် ရန်ကုန်မှာပဲထိုင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ့်အဖွဲ့ရဲ့ လုပ်ငန်းတွေကိုလည်း သင့်တင့်သလို ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ဒီအကြောင်းတွေကြောင့် နယ်ခရီးထွက်ဖို့ စီစဉ်တာပါ။ ဒီပဲယင်းလို ကိစ္စမျိုး ဆိုတာဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတွေမှာဆိုလို့ရှိရင် ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒီနိုင်ငံမှာလည်း အန်တီခဏခဏပြောဖူးသလိုပဲ နိုင်ငံသူနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ရမှာက အစိုးရရဲ့တာဝန်သာဖြစ်ပါတယ်။ သတိလက်လွှက်လုပ်ဆောင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သိပ်ပြီးမစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts