>Letters from Michigan – 75


>

မစ်ရှီဂန်ကပေးတဲ့စာ(၇၅)
အောင်ဝေး
ဇူလိုင် ၂၊ ၂၀၁၁


မိတ်ဆွေကြီး ကိုဒေါင်း…
ကျန်းခံ့သာလို့ မာပါစ…။ အရင်တပတ်က၊ မဆလ စစ်အစိုးရ လက်ထက် ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အကြောင်း ကျနော် ပြောခဲ့တယ်။ အခုတခါ ဆလိုင်းတင်မောင်ဦးကို အရင်းခံပြီး၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲမှာ ကျောင်းသားတွေရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်မှုတွေ အကြောင်းကို ပြော ကြည့်ချင်လာပါတယ်။

ဒီအကြောင်း စရမယ် ဆိုရင်… ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်ကနေ စပြောမှ ပြည့်စုံတော့မှာ မဟုတ်လား။ ၁၉၃၈ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့၊ တတိယ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးရဲ့ အထင်ကရနေ့။ ဒီနေ့မှာ နယ်ချဲ့စစ်ပုလိပ်တွေရဲ့ လက်ချက်နဲ့ ကိုအောင်ကျော် အပြင်းအထန် ဒဏ်ရာရပြီး၊ နောက်နှစ်ရက် အကြာမှာကွယ်လွန်ခဲ့ရတာ မဟုတ်လား။ အဲဒီနေ့ ဒီဇင်ဘာ(၂၀)ရက်နေ့ဟာ မြန်မာနိုင်ငံကျောင်းသားနေ့ရယ်လို့ သမိုင်းတွင်ခဲ့တာ မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းက စပြီး၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုလှရွှေတို့အပြင်၊ ကျနော်တို့ဆရာ ဒဂုန်တာရာ အပါအ၀င် ၁၃၀၀ပြည့် အရေးတော်ပုံကာလက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ ကျနော်တို့ ကျောင်းသားတိုက်ပွဲသမိုင်းရဲ့ အစဉ်အလာကောင်းကို မျိုးစေ့ချပေးခဲ့တာ လို့ပဲ ပြောရလိမ့်မယ်။
ဒီအစဉ်အလာဟာ လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်မှာ ကောင်းစွာ ရှင်သန် ဖွံ့ဖြိုးခဲ့ပါရဲ့ ကိုဒေါင်း။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေးကောင်စီ စစ်တပ်က အာဏာ သိမ်းပြီး၊ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းခွဲ ဖျက်ဆီးလိုက်တဲ့ ဇူလိုင်လ(၇)ရက်။ ဒီနေ့ ဒီရက်ဟာဖြင့် မြန်မာ့သမိုင်းမှာ ကျောင်းသားထုကြီးရဲ့ စစ်အာဏာရှင်စနစ်အပေါ်မှာ တသက် ကမ္ဘာမကျေ၊ ရာဇ၀င် မကျေ၊ ဥဒါန်းမကြေနိုင်တဲ့ စိန်ခေါ်မှု စတဲ့နေ့၊ တိုက်ပွဲ စတဲ့နေ့ဖြစ်ခဲ့တာပဲ မဟုတ်လား။

ဒီနေ့ခွပ်ဒေါင်းစိတ်ဓာတ် ဆိုတာ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ပဲ မဟုတ်လား။
၁၉၆၂ စစ်တပ်က အာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီ လမ်းကြောင်းက၊ ၁၉၅၈ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရကနေ ဆင်းသက်လာတာပါပဲ။ အိမ်စောင့်အစိုးရ လက်ထက်မှာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားခေါင်းဆောင်တွေ အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်ခံကြရပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုခင်မောင်အုန်းနဲ့ ရဲဘော်တချို့ ၊ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့အတူ ၁၉၅၉-၆၀ ပထမအကြိမ် ကိုကိုးကျွန်း အပို့ခံရတဲ့အထဲမှာ ပါခဲ့ပါတယ်။

၁၉၆၂ ဆဲဗင်းဂျူလိုင် အရေးအခင်းအပြီးမှာ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗကသ ဥက္ကဋ္ဌ ကိုသက်တို့၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေးတို့ တောခိုသွားကြရပါတယ်။ သူတို့တွေ တောထဲမှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရပါတယ်။ ကိုဗဆွေလေး ဆိုရင်၊ ကျုံပျော် ခလရ (၃၆) စစ်တပ်နဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ပန်းတောကြီးတိုက်ပွဲမှာ ကျဆုံးခဲ့တာ လို့ ဆိုပါတယ်။

ကိုဒေါင်းကြီး… တော်လှန်ရေးကောင်စီ လက်ထက်၊ ၁၉၆၉-၇၀ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေကို ဒုတိယအကြိမ် ကိုကိုးကျွန်း ပို့တဲ့အထဲမှာလည်း ကျောင်းသား ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ ကိုကိုးကျွန်းမှာ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံ တိုက်ပွဲ အဆင့်ဆင့် ဆင်နွှဲတဲ့အခါ၊ နောက်ဆုံး တော်လှန်ရေးကောင်စီအစိုးရက ကိုကိုးကျွန်း အကျဉ်းစခန်းကို ဖျက်သိမ်းပေးလိုက်ရတဲ့ ရက်ပေါင်း (၅၀) ကျော် အစာငတ်ခံတိုက်ပွဲမှာ အကျဉ်းသားတချို့ အသက်ပေးလှူခဲ့ကြရပါတယ်။ ဒီအထဲမှာ ကျောင်းသားတွေဖြစ်ကြတဲ့ ပြည်မြို့ က ကိုချစ်ဆွေတို့၊ မြင်းခြံကိုလေးမောင်တို့ ပါပါတယ်။

တော်လှန်ရေးကောင်စီတဖြစ်လဲ၊ မဆလ စစ်အစိုးရလက်ထက် ၁၉၇၄-၇၅-၇၆ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာလည်း၊ ကျောင်းသားတွေ အမြောက်အမြား ဖမ်းဆီးခံကြရ၊ နှိပ်စက် ညှဉ်းပန်းခံကြရ၊ ဒီအထဲမှာ ကိုဆလိုင်းတင်မောင်ဦးက ကြိုးပေးခံခဲ့ရတာပါ။

စစ်အာဏာရှင်စနစ်ရဲ့ပိုပြီးကြမ်းတမ်း၊ ပိုပြီး ရက်စက်တဲ့ ဖိနှိပ်မှုအောက်မှာ၊ ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသားတိုက်ပွဲဒီရေက တက်လိုက် ကျလိုက်၊ နိမ့်လိုက် မြင့်လိုက်တော့ ရှိခဲ့ပါတယ်။ ၁၉၇၆ မတ်လမှိုင်းရာပြည့် အရေးအခင်း နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှု ငြိမ်သက်သွားသယောင် ထင်ရပေမဲ့၊ ၁၉၈၀ တ၀ိုက်က မြေအောက်လှုပ်ရှားမှုတွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားတွေ အင်နဲ့အားနဲ့ ပါဝင်ခဲ့တယ် ဆိုတာတွေ့ ရမှာပါ။

အဲဒီနောက်တော့ ၁၉၈၈ မှာ ကမ္ဘာ့သမိုင်းဝင်၊ အထင်ကရ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ထွန်းလာခဲ့တာပဲ မဟုတ်လား။ ကိုဖုန်းမော်ဟာ ဒုတိယ ကိုအောင်ကျော်လို့ တင်စားရမယ် ကိုဒေါင်း။

မြန်မာ့နိုင်ငံရေးဟာ၊ ကိုလိုနီခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တကသ အစ၊ တော်လှန်ရေးကောင်စီခေတ် ကိုသက်တို့၊ ကိုဗဆွေလေးတို့ ဗကသ၊ တကသ အလယ်၊ မဆလခေတ် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ရှစ်ဆယ့်ရှစ် ဗကသ အဆုံး၊ အားလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင်၊ မြန်မာ့နိုင်ငံရေးဟာ ကျောင်းသားနိုင်ငံရေးလို့တောင် မော်ကွန်း ထိုးရတော့မယ် ကိုဒေါင်း။

ပြီးတော့ ဒီလမ်းကြောင်းက ရပ်တန့်မသွားတဲ့၊ ဆက်ပြီး ရှင်သန် စီးဆင်းနေတဲ့ လမ်းကြောင်း ဖြစ် တယ် ဆိုတာကို၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပေါ်ထွက်လာခဲ့တဲ့ ကျော်ကိုကိုတို့၊ ဒီငြိမ်းလင်းတို့၊စည်သူမောင်တို့ရဲ့ ၂၀၀၇ ဗကသ က သက်သေပြနေတာပဲ မဟုတ်လား ကိုဒေါင်း။
မြန်မာ့နိုင်ငံရေးဟာ ကျောင်းသားနိုင်ငံရေး လို့ ပြောလိုက်တာနဲ့ တပြိုင်နက်တည်းမှာ၊ ဒီနေ့လက်ငင်း နိုင်ငံရေးဟာ အကျဉ်းထောင် နိုင်ငံရေးလည်း ဖြစ်တယ် ဆိုတာ ထည့်ပြောဖို့ လိုအပ်လိမ့်မယ် ကိုဒေါင်းကြီး။

နအဖ စစ်အစိုးရလက်ထက်မှာ ကျောင်းသားခေါင်းဆောင်တွေအမြောက်အမြား ဖမ်းဆီးခံကြရပြီး၊ ဝေးလံ ခေါင်ဖျားလှတဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံနေခဲ့ကြရပါတယ်။

ထောင်ဒဏ် (၁၀၄) နှစ် ချမှတ်ခံထားရတဲ့ မန္တလေး ကျောင်းသားခေါင်းဆောင် ကိုဗိုလ်မင်းယုကို အပါအ၀င်၊ ကိုမင်းကိုနိုင်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ထဲက(၃၆)ယောက်၊ ကျော်ကိုကိုတို့ ၂၀၀၇ မျိုးဆက်ထဲက အယောက်(၃၀)၊ သူတို့အားလုံး ဒီနေ့တက်လာတဲ့ အရပ်သား အစိုးရ လက်ထက်မှာလည်း၊ မလွတ်မြောက်ကြသေးပါဘူး။

ဒီတော့ ကိုဒေါင်းရေ…ကျောင်းသားတွေ အခုလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပေးဆပ်နေတာတွေကို ထောက်ထားပြီး၊ ကျနော်တို့ အားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ရှေ့ ဆက် ချီတက်ကြပါစို့လို့ တိုက်တွန်းလိုက်ပရစေဗျာ … ။

အားလုံးကို လေးစား တန်ဖိုးထားတဲ့…
အောင်ဝေး
ဇွန် ၂၁ – ၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts