>Tu Maung Nyo – 28th June Letter to Suu from Regime, My take

>

ဇွန် ၂၈ ရက် အကြောင်းကြားစာအပေါ် ကျနော့်အမြင်
တူမောင်ညို
ဇွန် ၃၀၊ ၂၀၁၁
 ၂၀၁၁ ခုနှစ်၊ ဇွန်လ(၂၈) ရက်၊ နေ့စွဲဖြင့်  ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား “ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်” အကြောင်းကြားစာ ပေးပို့ခဲ့သည်။
သက်ဆိုင်သူများက မည်သို့တုန့်ပြန်ကြလိမ့်မည် ကျနော်မသိပါ။
သတင်းစာတွင်ဖေါ်ပြထားသည့်အချက်များအပေါ်မူတည်၍ ကျနော့်အမြင်ကိုတင်ပြပါမည်။
“(No one can stay beyond the law) ဥပဒေပြင်ပတွင် မည်သူမျှမနေရ ဟူသည့်အတိုင်း ဥပဒေ၏ အောက်တွင် သာနေကြရမည်”  ဟူသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ စကားကိုလက်တွေ့အကောင်အထည်ဖေါ်ခြင်းပင်ဖြစ်သည်။
အချိန်ကာလ
ကချင်ပြည်နယ်၊ ကရင်ပြည်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကလည်း တဖြည်းဖြည်း အရှိန်မြင့် ကျယ်ပြန့်လာနေသည့် အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်စတင်တော့မည့်အချိန် ၊ အစိုးရသစ်သက်တမ်းကလည်း ရက်ပေါင်း ၁၀၀ ပြည့်ရန် ရက်ပိုင်းမျှလိုတော့သည့်အချိန်တွင် ဤ အကြောင်းကြားစာ ပေးပို့လာခြင်းဖြစ်သည်။
အကြောင်းကြားစာ၏လိုရင်းအချုပ်
 NLD လက်ရှိဆောင်ရွက်နေမှု “အားလုံး” ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် နှင့် လူမှုရေး အသင်း ဖွဲ့စည်းမည်ဆိုပါက လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားလာလျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဟူ၍ဖြစ်သည်။
ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သာပါသည်။ ဆက်လက်ဆောင်ရွက်နေလျှင် မည်သို့ အရေးယူဆောင်ရွက်မည်ဟု ဖေါ် ပြထားခြင်းမရှိပါ။
NLD လက်ရှိဆောင်ရွက်နေမှုများသည်
“ဥပဒေအား တမင်ဆန့်ကျင်ဖောက်ဖျက်နေမှုများဖြစ်သည်”၊  
 “နိုင်ငံတော်အစိုးရ ကို ဆန့်ကျင် နေသည့်သဘောလည်းသက်ရောက်နေသည်”
ဟုဖေါ်ပြပါရှိပါသည်။
NLDက တည်ဆဲဥပဒေများ၏ အခေါင်အချုပ်ဖြစ်သော “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)”ကို “တရားမဝင်/ လက်မခံ” ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။
ပကတိအရှိတရား နှင့် မိမိအတ္တဘာဝအင်အား အကြားက ကွက်လပ်ကို တံတားခင်းပေးရမည်မှာ ခေါင်းဆောင်မှုဆိုင်ရာ ကိစ္စပင်ဖြစ်ပါလိမ့်မည်။ 
A  leader must lead.
ခေါင်းဆောင်သည် ခေါင်းဆောင်ရမည်ဖြစ်သည်။ 

ပြုပြင်ရေးနဲ့ တော်လှန်ရေး ရွေးချယ်စရာ

ပကတိအရှိတရားကို ရိုးရိုးစင်းစင်းနာခံကြသူများမှာ ပြုပြင်ရေးသမားများ (ဝါ) ဖန်ခွက်ထဲရေတစ်ဝက်ရှိခြင်းကို နှစ်သက် လက်ခံကြသူများ၏ အဆုံးစွန်သော လုပ်ဟန်ပင်ဖြစ်ပါသည်။ သူတို့သည် ပေးသလောက်၊ ရသလောက်ယူကြမည်သာဖြစ်သည်။
 ထိုသူများသည် ယခုအခါ “လွှတ်တော်”ဆိုသည်များထဲတွင် သူတို့ကိုယ်တိုင်လည်း တိုင်းပြည်နှင့် လူထုအကျိုးရှိမည့်ကိစ္စ များကို ချမှတ် အကောင်အထည်ဖေါ်နိုင်သည့် စွမ်းအားမရှိသလို၊ တိုင်းပြည်နှင့် လူထုအကျိုး ထိခိုက်စေမည့်ကိစ္စတွင်လည်း ကန့်ကွက် တားဆီးနိုင်သည့်အင်အား မရှိကြောင်း လက်တွေ့သိမြင်နေကြရပြီဖြစ်သည်။
ရောဂါဘယကို ကုသပျောက်ကင်းစေနိုင်သည့် အစွမ်းထက်ဆေးဝါးများမှာပင် ဘေးထွက်ဆိုးကျိုး (side effect) ပါရှိမြဲ ဖြစ်ပါသည်။ လူထုကို စည်းရုံးပြီး လူထုစွမ်းအား (people’s power) ဖြင့် ပကတိအရှိတရားဆိုသည်များကို တော်လှန်ကြရာတွင်လည်း အချို့သောအနိဋ္ဌာရုံများကို မလွဲမသွေကြုံတွေ့ရမည်မှာ  ဓမ္မတာသဘောပင်ဖြစ်ပါသည်။
ပြပြင်ရေးသမားများသည် တော်လှန်ရေးကို ကြောက်ကြသည်။ သို့အတွက် တော်လှန်ရေးတွင် ကြုံတွေ့ရတတ်သည့် အချို့သောအနိဋ္ဌာရုံများကို တစ်ဆိတ်တစ်အိတ်လုပ်ကာ ပြည်သူများကို ချောက်လှန့်တတ်ပါသေးသည်။
ယနေ့ကာလ၏ ပကတိအရှိတရားဆိုသည်မှာ စစ်အာဏာရှင်စနစ်က အရပ်သားအစိုးရအသွင်ယူကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ဖြင့် ပြည်သူလူထုအား ဖိနှိပ်အုပ်စိုးနေခြင်းပင်ဖြစ်ပါသည်။
ယင်းသို့သော ပကတိအရှိတရားကို ပြုပြင်ရေးနည်းလမ်းဖြင့် မတွန်းလှန်နိုင်ပါ။ တော်လှန်သောနည်း၊ တော်လှန်ရေးနည်း၊ လူထုနည်း၊ လူထုတော်လှန်ရေးနည်းလမ်းများဖြင့်သာ ဖြတ်သန်းကျော်လွှားနိုင်ပါလိမ့်မည်။
 တစ်ဦးကောင်း တစ်ဖွဲ့ကောင်းဖြင့်လည်း ကျော်လွှားနိုင်လိမ့်မည်မဟုတ်ပါ။ လက်ဝဲ လက်ယာ၊ ပြည်တွင်း ပြည်ပအင်အားစု အသီးသီး၏ လက်တွေ့ကျပြီး အလုပ်ဖြစ်သည့် ညီညွတ်မှုစွမ်းပကားသည် အခရာ ကျသောအခန်းကပါဝင်နေပါသည်။
တော်လှန်သောနည်း/ လူထုနည်းနှင့် လူထုစွမ်းအားကို လက်ရှိအစိုးရသည် အင်မတန်ကြောက်ပါသည်။
 သာမန်ပြည်သူတစ်ဦးပါလို့ သူတို့ ဘယ်လိုပင် ပြောဆိုနေစေကာမူ။ ဒေါ်အောင်ဆန်းစုကြည် ၏ နယ်စည်းရုံးရေးခရီးစဉ်သည် သူတို့အတွက် “ရင်မအေးဖွယ် Issue တစ်ခု” ဖြစ်နေပါသည်။ ထိပ်လန့်နေပါသည်။ သို့အတွက်လည်း “ဒီပဲယင်း ဖြစ်ရပ်” ကဲ့သို့ ရာဇဝတ်မှု/ အကြမ်းဖက်မှုမျိုးဖြင့် ရမ်းကားခဲ့ကြခြင်းဖြစ်သည်။  
ယင်းအတွက် သတိရှိရပါမည်။
လူထုနဲ့ လူထုခေါင်းဆောင် ရေနှင့်ကြာပမာ ဆက်စပ်သွားတဲ့အခါ၊ လူထုကြီးက တော်လှန်တဲ့သဘောတရားကို ဆုပ်ကိုင် လာတဲ့အခါမှာ အင်မတန် အစွမ်းထက်မြက်သော ရုပ်ဝတ္တုအင်အားဖြစ်လာပါသည်။
ထိုစွမ်းအားဖြင့်ပင် လူထုများသည် သမိုင်းခေတ်များကို ဖန်တီးခဲ့ကြပါသည်။ ဖန်တီးနေကြဆဲဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts