>US urges Burma to ensure Daw Suu freedoms

>

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာလှုပ်ရှားခွင့်ရရေး အမေရိကန် တောင်းဆို
AFP သတင်းဌာန
ဇွန် ၃၀၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့က တွေ့ရတော့ NLD ရုံးရှေ့ မြင်ကွင်း


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုရန် အမေရိကန်က မြန်မာကို တိုက်တွန်းလိုက်သည်။ ထိုလှုပ်ရှားမှုများ ရပ်တန့်ရန် အာဏာပိုင်တို့က သတိပေးပြီး မကြာမီ ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် ခရီးသွားခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြည့်အ၀ ပါဝင်ခွင့်တို့ကို အာမခံရန်” အမေရိကန်အစိုးရက မြန်မာအာဏာပိုင်တို့ကို တောင်းဆိုသည်ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦး ဖြစ်သည့် Mark Toner က ဆိုသည်။

“သူ အထိအခိုက် မရှိဖို့၊ လုံခြုံဖို့အတွက် ကျနော်တို့ စိုးရိမ်ပူပန်နေရတုန်းပါပဲ” ဟု Mark Toner က သတင်းထောက်များကို ပြောသည်။

“သူနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့ ဆိုတာ မြန်မာအာဏာပိုင်တို့ရဲ့ တာဝန်ပါပဲ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်ရန် ပြင်ဆင်နေချိန်တွင် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများ ရပ်တန့်ရန် မြန်မာအာဏာပိုင်တို့က ပြောလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ရပ်တန့်ရေးကို ပြည်ထဲရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။ ထိုလှုပ်ရှားမှုများက ဥပဒေကို ဆန့်ကျင်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ယမန်နှစ်က လွတ်မြောက်လာပြီးနောက် နိုင်ငံရေးနှင့် ကင်းကင်းနေရန် ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု ချက်ချင်း တုံ့ပြန်လိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts