>New Regime in Burma and Possibility for Dialogue

>

အရပ်သားအရေခြုံ စစ်အစိုးရသစ်နှင့် ဒိုင်ယာလော့ဖြစ်နိုင်ချေ ရှိလို့လား
သန်းဝင်းလှိုင်
ဇွန် ၂၈၊ ၂၀၁၁
တိုင်းပြည်ကိုယ်တိုင်က ဗုံးတလုံး
ယနေ့မြန်မာနိုင်ငံတော်ကို ပေါက်ကွဲတော့မဲ့ဗုံးတလုံးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တွေက ဆိုကြပါတယ်။ မှန်ပါတယ်။ တိုင်းပြည်ရဲ့အဘက်ဘက်က ယိုယွင်းနေတဲ့နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး ပြောခဲ့တာဖြစ်ပါ တယ်ဗျာ။ မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ရောဂါ၊ ပြည်သူတွေကုန်းကောက်စရာမရှိအောင် မွဲပြာကျမှု၊ ကလေးစစ်သားပြဿနာ၊ လူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါး အဆမတန် ထုတ်လုပ်နေမှု၊ ပြည်တွင်းစစ်မီးဆက်လက်တောက်လောင်နေမှု၊ ရွှေ့ပြောင်းအလုပ်သမားများအရေး၊ အမျိုး သမီးအများအတင်းအဓမ္မကျင့်ကြံခံရမှု၊ ပြည်ပသို့ရောင်းစားခံရမှု၊ လယ်သမားများရဲ့လယ်ယာ မြေများမတရားအသိမ်းခံရမှု၊ ရွာသူရွာသားများ အဓမ္မပေါ်တာဆွဲခံရမှုစတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်အချက်တွေဟာ မြန်မာနိုင်ငံမှာ ရုတ်တရာက်ထပေါက်ကွဲတော့မဲ့ အခြေ အနေတွေပါပဲခင်ဗျ။
ဒါ့ကြောင့်တိုင်းပြည်ပျက်ကပ်ဆိုက်မယ့်အခြေအနေတွေကို ဖြေရှင်းဖို့အတွက် တခု တည်းသောထွက်ပေါက်ကတော့ လက်ရှိအစိုးရနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ အမြန်ဆုံးတွေဆုံဆွေးနွေးရေး(၀ါ)ဒိုင်ယာလော့ (Dialogue) ပါပဲ။
တကယ်တော့ ‘ဒိုင်ယာလော့’ ဆိုတာ အကြောင်းအရာတခု၊ ပြဿနာတရပ်ကို ချစ် ကြည်ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ တဖက်နဲ့တဖက် အတွေးအခေါ်၊ အယူအဆ၊ သဘောထား အမြင်တွေကို ဖလှယ်ပြီး ဆွေးနွေးတဲ့နေရာဖြစ်ပါတယ်။ ဒိုင်ယာလော့လုပ်ရတဲ့ရည်ရွယ်ချက်ကို က ကွဲလွဲမှု၊ သဘောတူညီမှုမရှိတဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဖြေရှာဖို့ပါပဲ။

Webster’s New World အဘိဓါန်အဆိုအရ dialogue ကို interchange of ideas by open discussion လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာကြောင့် မြန်မာလို “အပြန်အလှန်နားလည်မှုနဲ့ အဆင် ပြေလိုက်ဖက်ညီမှုတွေကို ပွင့်လင်းစွာရှာဖွေဖလှယ်ဖို့” သုံးထားတာပါ။
တနည်းပြောရရင် ဒိုင်ယာလော့ဆိုတာ အောင်မြင်တဲ့ဆက်ဆံရေးတည်ဆောက်မှုရဲ့ လမ်းကြောင်းပါ။ နောက်ပြီး ဒိုင်ယာလော့ဆိုတာ လူတွေတန်ဖိုးထားတဲ့အကြောင်းအရာတွေက နေအခြေခံထားတာဖြစ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ လူအနည်ငယ်သာနားလည်နိုင်၊ ပြုလုပ် နိုင်တဲ့ လျှို့ဝှက်နက်နဲတဲ့ ကိစ္စတရပ်တော့မဟုတ်ပါဘူး။ ပြီးတော့ သာမန်စကားဝိုင်းသို့မဟုတ် ဆွေးနွေးပွဲတရပ်လည်းမဟုတ်ပါဘူး။ စကားရည်လုပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲလည်းမဟုတ် ပါဘူး။ ဒိုင်ယာလော့မှာပါတဲ့သူတိုင်းဟာသာ တူညီမျှ ရကြရပါမယ်။နောက်ပြီး ခြိမ်းခြောက် မှုတွေလည်း ကင်းရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ လူနှစ်ဦးနှစ်ဖက်ထက်ပိုပြီး ဆွေးနွေး နိုင်ပါတယ်။ ဒိုင်ယာလော့မှာ ပါဝင်သူတွေရဲ့အနက်ရှိုင်းဆုံး အတွေးအခေါ်၊ အယူအဆတွေကို ပေါ်ထွက်လာစေဖို့ အတွက်ပြောဆိုဆောင်ရွက်တာပါ။
ဒိုင်ယာလော့မှာ တယောက်ယောက်က နိုင်တယ်၊ ရှုံးတယ်ဆိုတာ မရှိပါဘူး။ ပါဝင်သူ အားလုံးရှုံးရင်လည်းရှုံး (သို့မဟုတ်) နိုင်ရင်လည်းနိုင် ဖြစ်ရပါတယ်။ ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရနဲ့စကားပြောဖို့တောင်းဆိုနေတာဟာ ဒိုင်ယာလော့ကဆင့် တိုင်းပြည်ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရုံတင်မဟုတ်ပါဘူး။ လက်ရှိအာဏာ ဆုပ် ကိုင်ထားတဲ့သူတွေအပါအ၀င် နှစ်ဖက်စလုံးအနိုင်ရစေချင်တဲ့ အခြေအနေကို ဖန်တီး ချင်လို့ ဒိုင်ယာ လော့ကို လုပ်နေတာပါ။
ဒါကြောင့် ပြဿနာတွေကို အတူတကွဖြေရှင်းဖို့ မတူကွဲပြားမှုတွေကို သဟဇာတဖြစ် စေဖို့၊ ငြိမ်းချမ်းရေးကို ရှေးရှုဖို့အတွက် ဒိုင်ယာလော့ကို လူတိုင်းအပြန်အလှန်လေးစားတန်ဖိုး ထားရမှာဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းလိုစိတ် လုံးဝမရှိသူများ
တဖက်နဲ့တဖက် အပြန်အလှန်လေးစားနားလည်မှု၊ ယုံကြည်မှုရှိမှအပေးအယူလုပ်လို့ရ ပါလိမ့်မယ်။ တဦးနဲ့တဦး “နာစရာရှိလည်း လွမ်းစရာနဲ့ဖြေ” ဆိုသလို၊ အတိတ်ကနာကျည်းမှု တွေ၊ မုန်းတီးစရာတွေကို ချေးခြောက်ရေမနူးဘဲ အနာဂတ်ကို ဦးတည်မဲ့ပွင့်လင်းရိုးသားစွာ အ ဖြေရှာချင်စိတ်ရှိကြောင်းလည်း ပြသရပါတယ်။ အရေးကြီးဆုံးကတော့ လက်ရှိနိုင်ငံရေးပြဿ နာတွေကို စုပေါင်းဆွေးနွေးအဖြေရှာပြီး ဒိုင်ယာလော့မှာပါဝင်သူတွေအားလုံးအနိုင်ရနိုင်မဲ့ အ ခြေအနေ Win-Win Situation ကို ဖန်တီးနိုင်တယ်ဆိုတာ လက်ခံဖို့ပါပဲ။ ဒါတွေကတော့ ဒိုင် ယာလော့ရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေပါပဲ။
ဒါပေမယ့် စစ်အစိုးရခေါင်းဆောင်တွေဟာ အကြီးအကျယ်စိုးရိမ်မှုတွေရှိနေပါတယ်။ ဒိုင်ယာလော့ (သို့) တွေ့ဆုံဆွေးနွေးရေးကိစ္စကို ကိုယ့်သေတွင်းကိုယ်တူးရမယ့်အလုပ်၊ ကိုယ့် လည်းပင်းကြိုးကို စွပ်ရမယ့် ‘ကြိုးစင်’ လို့သဘောထားပြီး၊ သူတို့အတွက်ဆုံးရှုံးမှုတရပ်လို့ ရှုမြင် နေပါတယ်။
စစ်အာဏာရှင်တွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ဆက်တိုက်မှားခဲ့တဲ့အ မှားတွေကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေ၊ လာဘ်စားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ အပေါ် အ ပြစ်ပေးအရေးယူခံရမှာကို ကြောက်နေသလို၊ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့အရည်အချင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွေနဲ့ နှိုင်းစာလိုက်ရင် အဆပေါင်းမြောက်မြားစွာ ပိုမိုရရှိနေတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဘိန်းစွဲနေသလို တက်မက်စွဲလန်းနေကြပြီး အဲဒါ တွေကို စွန့်လွှတ်ဖို့ဆိုတာ အိပ်မက်ထဲမှာတောင် မစဉ်းတဲ့ကိစ္စဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံ တွေမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အာဏာတန်းစီဇယားမှာ နံပါတ် ၁၀ အပြင်ဘက်မှာသာ ရှိတဲ့ရာထူးတခုပါ။
ကောက်ကျစ်မှု အကြိမ်ကြိမ် ကျူးလွန်ဖို့ ၀န်မလေးသူများ
နောက်ခံသမိုင်းကြောင်းလေးပြန်ကြည့်ရင် ကွင်းကွင်းကွက်ကွက်ပေါ်နေပါတယ်ဗျာ။ တတိုင်းပြည်လုံးအုံကြွဆန္ဒပြနေတဲ့ပြည်သူလူထုတွေကို ချွေးသိပ်ဖို့အတွက် စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။
စစ်အစိုးရဟာ ရွေးကောက်ပွဲမှာ မဆလပါတီ အဖြစ်လည်း တစည ပါတီနိုင်ရင်နိုင်၊ မနိုင်ရင် အင်အားနည်းတဲ့ညွန့်ပေါင်းအစိုးရတရပ် ပေါ် ပေါက်လာလိမ့်မယ် ရည်မှန်းထားပုံရပါတယ်။ ဒီလိုဖြစ်လာရင် သူတို့အနေနဲ့ အားနည်းတဲ့ အရပ်သားညွန့်ပေါင်းအစိုးရသစ်အပေါ်မှာ ကြိုးကိုင်ချယ်လှယ်လွမ်းမိုးမှုကို ဆက်ပြီးထိန်းထားနိုင် မယ်လို့ယူဆထားပါတယ်။
မှိုလိုပေါက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အဓိကအတိုက်အခံပါတီဖြစ် တဲ့ NLD ပါတီအပေါ်မှာ ချုပ်ကိုင်ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ တစညအပေါ်တ ဖက်သတ်ကူညီမှုတွေအပေါ်မူတည်ပြီး စစ်တပ်ရဲ့အောင်မြင်မှုဟာ အသေအချာ အပိုင်တွက် ထားခဲ့ပုံရပါတယ်။
နို့ပေမယ့်…. အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲရလဒ်ဟာ မျှော်လင် ထားတာနဲ့ လုံးဝဆန့်ကျင်ပြီး ပါတီ ၉၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၂၂၀၉ ဦးနဲ့ တသီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက်ယှည်ပြိုင်ရာ NLD က ၈၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရလာတဲ့အခါ စစ်အစိုးရဟာ NLD ကို အသိအမှတ်ပြုဖို့ ငြင်းဆန်လိုက်တော့တာပါပဲ။
နောင်နှစ်အနည်းငယ်ကြာတဲ့အခါ စစ်အစိုးရဟာ အာဏာကိုလွှဲပြောင်းပေးဖို့ နေနေ သာသာ အာဏာကို အသေဆုပ်ကိုင်ထားဖို့အတွက် စစ်အစိုးရသက်ဆိုးရှည်ပြီး ပြည်သူကို စစ် ကျွန်ပြုမဲ့ ‘နာဂစ်ဖွဲ့စည်းပုံ’ ကို စစ်အစိုးရအလိုကျ ရွေးထားတဲ့ လက်ညှိုးထောင်ခေါင်းညိမ့် ပုဂ္ဂိုလ်တွေနဲ့ အမြန်စိတ်တိုင်းကျရေး ဆွဲတော့တာပါပဲ။
ပြီးတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ လုံးဝပါဝင်လို့မရရှိအောင် ပြည်သူ့တို့၏သဘောထားဆန္ဒများကို တောင်းခံခြင်းမရှိဘဲ စစ်အာဏာရှင်တို့စိတ်ကြိုက် တရားမျှတမှုလုံးဝမရှိတဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ၂၀၁၀ ပြည့်နှစ်မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
ရွေးကောက်ပွဲဥပဒေဆိုတာ လူတယောက်တည်းကို စဉ်းစားပြီး ရေးလို့ရတာမဟုတ်ပေမယ့် လက်ရှိစစ်အစိုးရကတော့ သူ့ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင် အောင်မတင်ရည်ရွယ်ရေးဆွဲထားတာထင်ရှားပါတယ်။ ဒါကြောင့် NLD ဟာ မတ်လ ၃၀ ရက် နေ့မှာပဲ နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဟာ တရားမျှတမှုလုံးဝမရှိ တာကြောင့် နိုင်ငံရးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခြင်းမပြုရန် အများသဘောတူကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိတဲ့ NLD ကို နအဖကော်မရှင် ဟာ ဖျက်သိမ်းလိုက်ပြီးနောက် လူထုအော့နှလုံးနာနေတဲ့ ကြံ့ဖွတ်အသင်းကို နိုင်ငံရေးပါတီအ ဖြစ် ပြောင်းလဲကာရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် အတိုက်အခံပါတီများကို နည်းမျိုးစုံ နဲ့ နှိပ်ကွပ်ရင်း နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ ကြိုတင်မဲ၊ အတင်းအဓမ္မ ဓါး ပြတိုက်မဲ စတဲ့မဲပေါင်းစုံနဲ့ ကြံ့ဖွတ်ပါတီဟာ အနိုင်ယူသွားခဲ့ပါတယ်ဗျာ။
အကယ်၍ ရွေး ကောက်ပွဲမှာ ကြံ့ဖွတ်ပါတီအကြောင်းကြောင်းကြောင့် ရှုံးခဲ့ရင် စစ်အာဏာသိမ်းဖို့ကိုလည်း အမျိုးသားလုံခြုံရေးကော်စီကို အဆင်သင့်လျှို့ဝှက်ဖွဲ့ထားပြီး ဖြစ်ပါတယ်ဗျာ။
ကျောရအောင်ကြံနေသည့် စစ်အစိုးရမိတ်ဆွေများ
စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ တရားဝင်မှုမ၀င်မှု၊ လူထုနဲ့ကမ္ဘာက ထောက်ခံမှု မထောက်ခံမှု၊ အသိအမှတ်ပြုတာမပြုတာလုံးဝ ဂရုမစိုက်တာတော့မဟုတ်ပါဘူး။ အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ မြောက်ကိုးရီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုးရီးယား စတဲ့နိုင်ငံတွေဟာ မြန်မာ့သယံဇာ တတွေကို အရချိုင်ချင်နေတာကြောင့် စစ်အစိုးရလုပ်သမျှ မသိကျိုးကျွံပြုနေပါတယ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတာ လူသားတိုင်းရဲ့ဘ၀မှာ အလိုချင်ဆုံး၊ အတောင့် တဆုံး အရာတွေဖြစ်ပါတယ်။ တရားဥပေဒေနှင့်ပတ်သက်ပြီး ဆိုရိုးစကားတစ်ခုရှိပါတယ်။ အပြစ်ရှိသူ ၁၀၀ လွတ်သွားလျှင် ကိစ္စမရှိပေမယ့် အပြစ်မရှိသူတယောက်ကို မှားယွင်းအပြစ်မ ပေးမိဖို့ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ မသေချာလျှင် ဒါမှမဟုတ် အပြစ်ကျူးလွန်ကြောင်း ခိုင်လုံ မှုမရှိလျှင် (၀ါ) အပြစ်ကျူးလွန်တာ ဟုတ်ပါလေစဟု အနည်းငယ်မျှ သသံယရှိလျှင် အဲ့ ဒီသသံယအကျိုးကို တရားခံက ခံစားရပါတယ်။ မသေချာဘဲနဲ့ ဘယ်သူ့ကိုမှ အပြစ်ပေး၍မရ ပါ။ ဒါဟာ လောကကို စောင့်ရှောက်နေတဲ့ တရားလည်းဖြစ်ပါတယ်။ အမှန်ကတော့ ဘယ်သူ တဦးတယောက်ကိုမျှ မတရားသဖြင့် ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရဆိုတာ လူ့အဖွဲ့ အစည်းအတွင်းမှာ လူသားတိုင်း စောင့်ရှောက်ရမယ့် လောကပါလ တရားတွေပဲဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ မိမိယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားနေသူပေါင်း ၂၀၀၀ ကျော်ကို စစ်အစိုးရအာဏာပိုင်တွေဟာ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးကာ နည်းမျိုးစုံနဲ့ နှိပ်စက်ညှင်းပမ်း နေပြီး နှစ်ရှည်ထောင်ဒဏ်တွင် မတရား ချထားတာ ကမ္ဘာအသိပါပဲ။
တိုင်းရင်းသားတွေ မြေစာပင်ဖြစ်ရတဲ့ စစ်အာဏာရှင်သံသရာ
ပြီးတော့ စစ်တပ်ဟာ တိုင်းရင်းသားပြဿနာတွေနဲ့ပတ်သက်ပြီး အမျိုးမျိုးကစားခဲ့ပါ တယ်။ နိုင်ငံရေးပြဿနာပေါင်းစုံကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အမျိုးသားပြန်လည် ရေကြားစေ့ရင်းလမ်းကြောင်းကို စစ်ယန္တရားနဲ့ပိတ်ဆို့ထားပါတယ်။ စစ်အာဏာရှင်အဆက် ဆက်ဟာ တိုင်းရင်းသားပေါင်းစုံ တောင်းဆိုနေတဲ့စစ်မှန်တဲ့ ဖက်ဒရယ်မူကိစ္စကို ဖြေရှင်းရမယ့် အစား ၀ါဒဖြန့်လက်နက်အဖြစ် အသုံးချခဲ့တာ နှစ် ၅၀ နီးပါးရှိပါပြီ။ တနည်းပြောရလျှင် စစ်အာ ဏာရှင်တွေဟာ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်ပြီး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို လျစ်လျူရှုထားပါတယ်။ ဗိုလ်နေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကော်စီဟာ ၀န်ကြီးချုပ် ဦးနုရဲ့ပထစအစိုးရနှင့်တိုင်းရင်းသားအားလုံးနီးပါး ပါဝင်ဆောင်ရွက်နေတဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ကိစ္စကို အကြောင်းပြုပြီး ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာ သိမ်းခဲ့တာပါ။ ဖက်ဒရယ်စနစ်ကို လက်မခံချင်တာကြောင့် မဆလ တစ်ပါတီအာဏာရှင်စနစ် ကိုထူထောင်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၇၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် ၇ ခုကို ဖန်တီးခဲ့တာဟာ တိုင်းရင်းသားတွေကို တစ်ဖက်လှည့်နဲ့ ဖက်ဒရယ်အတုအ ယောင်ကို ပေးခဲ့တာပါ။
မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းတစ်လျှောက်မှာပါ ရရှိခဲ့တဲ့ အတွေ့အကြုံတွေအရ မည်သည့်ပြဿနာမျိုးအတွက်မဆို ရေရှည်ကြံ့ခိုင်တောင့်တင်းတဲ့ အဖြေတခုရရှိဖို့ဆိုရင် စစ်မှန် တဲ့ တွေ့ဆုံဆွေးနွေးပွဲ(၀) ဒိုင်ယာလော့ အဆင့်ကို မလွဲမသွေဖြတ်သန်းရမယ်ဆိုတာ နိုင်ငံရေး လို အလွန်သိမ်မွေ့နက်နဲတဲ့ နယ်ပယ်မှာ ကျင်လည်လုပ်ရှားနေသူတွေ မဆိုထားနဲ့ သာမန်လူ တွေတောင် သိထားကြတဲ့ ကိစ္စတခုပါ။ ဒါဆိုရင် စစ်ဗိုလ်တွေဟာ တွေ့ဆုံဆွေးနွေးရေးကို ဘာ ကြောင့် ကွေ့ပတ်ရှောင်ရှားလိမ်ညာနေတာလဲ။ အဖြေက ရှင်းပါတယ်။ ကြောက်လန့်မှုကို အရိပ်ပမာ စွဲကပ်နေလို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေး ခြင်း (Freedom from Fear) စာအုပ်ထဲမှာ “စစ်ဗိုလ်တွေဟာ အာဏာကြောင့် မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့်သာ ဖောက်ပြန်နေကြတယ်” လို့ ရေးသားထားပါတယ်။ အမှန်ကတော့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုကို ဦးဆောင်ဦးရွက်လမ်းညွန်ုပြုရမည့်အစား လူထုကို စိုးရွံ့ ကြောက်ရွံ့နေတာက ၎င်းတို့ရဲ့မတော်မတရားထင်ရာစိုင်း လုပ်ခဲ့တာတွေကို တန်ပြန်ခံရမှာ ကြောက်နေလို့ပဲဖြစ်ပါတယ်ဗျာ။ အကြမ်းဖက်မှုရဲ့ အဆိုးဆုံးရန်သူဟာ အကြမ်းဖက်မှုပင်ဖြစ် တာကြောင့် ယင်းကို တိုက်ဖျက်ရာမှာ ကြောက်ရွံ့မှု ကင်းမဲ့ခြင်းဟာ အထက်မြက်ဆုံး လက် နက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမလုပ်ခဲ့သမျှကို မိမိရဲ့ လိပ် ပြာခုံရုံးမှာ အစစ်ဆေးခံရဲတာမို့ အာဏာမဲ့နေသော်လည်း သတ္တိစွမ်းအားတွေ အပြည့်ရှိနေတာ ပဲမဟုတ်လား။
စစ်အာဏာရှင်တို့ရဲ့ ရာဇ၀တ်မှုများ
သမ္မတပြုတ်ဒေါက်တာမောင်မောင်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ “ အာဏာဟာ လူကိုဖျက် ဆီးတတ်တယ်။ အကြွင်းမဲ့အာဏာဟာ လူကိုကြွင်းမဲ့ ဖျက်ဆီးတတ်တယ်” ဆိုတာကို ပြောခဲ့ဖူး ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုအာဏာရလာတာနှစ် ၄၀ ကျော်ပါပြီင်္။ ဒီကာလအ တွင်း စစ်အုပ်စုဟာ နိုင်ငံတော်ကို မာရှယ်လောဆိုတဲ့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ မာရှယ်လောဆိုတာ အခြားနိုင်ငံတွေက မာရှယ်လောတွေနဲ့ မတူပါဘူး။ ဗိုလ် စောမောင်ရဲ့ ဖွင့်ဆိုချက်က မြန်မာနိုင်ငံက မာရှယ်လောကို အပီပြင်ဆုံး ဖြစ်အောင် အခုလိုဖွင့် ဆိုပေးခဲ့ပါတယ်။ သူက “မာရှယ်လောဆိုတာ ဗိုလ်ချုပ်ကြီးရဲ့ သဘောဆန္ဒအတိုင်းပါပဲ” (General’s Will) ပါပဲတဲ့။ တကယ်လည်း ဗိုလ်စောမောင်ရော သူ့ကိုဆက်ခံတဲ့ ဗိုလ်သန်းရွေ တို့ဟာ နိုင်ငံတော်ကို ၎င်းတို့တစ်ဦးတည်းသောသဘောနဲ့ ထင်သလိုအုပ်ချုပ်ခဲ့တာပါပဲ။ တိုင်း ပြည်ရဲ့သယံဇာတတွေကိုလည်း အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘာတစ်ခုမှ ထည့်မ တွက်ဘဲ ထင်သလို ထုတ်ရောင်းခဲ့ပါတယ်။
အာဏာရှင်တွေထဲမှာ ကမ္ဘာကျော်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်သန်းရွှေဟာ အာဏာ ရှင်တို့ရဲ့ ထုံးစံအတိုင်း “ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး” လုပ်ခဲ့တာ အသိပါပဲ။ အဲ့ဒီလိုလုပ်ခဲ့လို့ လည်း မြန်မာနိုင်ငံဟာ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ပါလီမန်အစိုးရခေတ်တွေ မဆို ထားနဲ့ သွားလေသူ မဆလခေတ်မှာတောင် မပေါ်ခဲ့ဖူးတဲ့ ကျော်မကောင်း ကြားမကောင်း လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အာဏာအလွဲသုံးစားမှုတွေ မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ပြည်ရောင်းစားနေတာတွေ၊ ကလေးစစ်သားကိစ္စတွေ လူထုတရပ်လုံး စီးပွားရေးမွဲပြာ ကျမှုပေါ်ထွက်ခဲ့တာတွေကို အားလုံးအသိပါပဲ။ အဲ့ဒီဖြစ်ရပ်တွေထဲမှာ “ဒီပဲယင်းလုပ်ကြံသတ် ဖြတ်မှုကြီး” နဲ့ “ရွှေဝါရောင်သံဃာ့အရင်းအခင်း” တွေကတော့ ထင်ရှားတဲ့ ဖြစ်ရပ်တွေပါပဲ။
လူဆိုတာ တစ်ခြားလူတွေအားလုံးကို လိမ်လည်လို့ရချင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် တော့ ဘယ်တော့မှ လိမ်လို့မရဘူးဆိုတဲ့ စကားရှိပါတယ်။ ဗိုလ်သန်းရွှေဟာ သူယူထားတဲ့ အ ကြွင်းမဲ့အာဏာရဲ့ မောင်းနှင်မှုကြောင့် ကမ္ဘာကျော်လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတွေကို ကျူးလွန်ခဲ့ပေမယ့် ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ သူမွေးထားတဲ့မှင်စာတပည့်ကျော်တွေဟာ တဖြည်းဖြည်းနဲ့ အစွယ်တဖွေးဖွေးသရဲ သဘက်ဘီလူးတွေ ဖြစ်လာတာမို့ တစ်နေ့နေ့တစ်ချိန် ချိန်မှာ သူ့ကို တန်ပြန်ပြီး အပြတ်ရှင်းတော့မှာ သိလာတာမို့ ကြီးကျယ်စိုးရိမ်ထိပ်လန့်နေမှာ အ မှန်ပါပဲ။ ဒါကြောင့် အာဏာရှိစဉ်က ထင်ရာစိုင်းပြုလုပ်ခဲ့တဲ့ အာဏာရှင်တွေဟာ ၎င်းတို့မကွယ် လွန်မီ အာဏာလက်လွတ်ဖြစ်သွားတဲ့အခါ ဒုက္ခအမျိုးမျိုးတွေတွေ့ တစ်ချို့ဆိုလျှင် အသက်ပါ ပေးရတဲ့အထိ ဖြစ်ခဲ့တာတွေကို ဗိုလ်သန်းရွှေအသေအချာတွေးမိမှာပဲ။
ရိုမေးနီးယားက ချောင်ဆက်စကူးအစ၊ ချီလီက ပီနိုချေး၊ ပနားမာက နိုရီကာ၊ အီရတ်က ဟူစိန်၊ ကမ္ဘောဒီးယား က ပိုပေါ့၊ အင်ဒိုနီးရှားက ဆူဟာတိုတို့အလယ်နောက်ဆုံး တူနီးရှားသမ္မတဘင်အာလီ၊ အီဂျစ် သမ္မတ မူဘာရက်၊ ယီမင်သမ္မတ ဆာလေးတို့အပါအ၀င် သူ့ရဲ့ကန့်ကူလက်လှည့်ဆရာကြီး ဦးနေ၀င်းအဆုံး အာဏာရှင်ဟောင်းတွေရဲ့ ဘ၀ဇာတ်သိမ်းမလှပပုံတွေကို သူသိနေမှာပါပဲ။ အဲ ဒီပုဂ္ဂိုလ်တွေရဲ့ ဇာတ်သိမ်းခန်းတွေက “ဗိုလ်သန်းရွှေခင်ဗျားလည်း အာဏာလက်လွတ်လိုက် တာနဲ့ ကျုပ်တို့သွားရမယ့်လမ်းကို လိုက်လာခဲ့ရမယ်” လို့ သူ့ကို သတိပေးနေတယ်လို့ သူအ ခိုင်အမာယူဆနေမှာအမှန်ပါပဲ။
ဒါကြောင့် သူ့ရဲ့ဆုတ်ကိုင်ထားတဲ့ အကြွင်းမဲ့အာဏာကို အောက်ကတပည့်လက်သား တွေကို ဖြန့်ဝေပေးဖို့အတွက် သူစိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်ဖွဲ့စည်းပုံရဲ့ အတုအယောင် ရွေးကောက်ပွဲကို အမြန်ပြုလုပ်ပြီး ပြည်သူလူထုနဲ့ ကမ္ဘာကို နိုင်ငံရေးမျက်လှည့်ပြလိုက်တာပါ ပဲ။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ပေါ်ပေါက်လာမယ့် အစိုးရသစ်ရာထူးအဆင့်ဆင့်မှာ ထမ်း ရွက်ကြမယ့်သူတွေကို ဗိုလ်သန်းရွှေဟာ စိတ်ကြိုက်တွက်ဆပြီး ရွှေးချယ်ခဲ့ပါတယ်။
စစ်အာဏာရှင်သက်ဇိုးရှည်စေလိုသူ အပေါင်းအပါနဲ့ နောက်လိုက်တို့ ခေတ်
အခု အတုယောင်ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်နဲ့ အစိုးသစ်ပေါ်ပေါက်လာပါပြီ။ သ မ္မတသစ်သိန်းစိန်ဟာနိုင်ငံရေးဆန်တဲ့ မိန့်ခွန်းချွေပြီးချိန်မှာ ပြည်သူလူထုအတွင်း ရုပ်ခြည်းတုံ့ ပြန်မှုအုပ်စုသုံးမျိုးပေါ်ထွက်လာခဲ့ပါတယ်။ ပြောတဲ့အတိုင်း လုပ်ပေးရင်တော့ကောင်းပါတယ်။ ဒါပေမယ့် အပြောနဲ့လုပ်ရပ်တစ်ထပ်ထည်း ကျမကျ စောင့်ကြည့်ရဦးမယ်ဆိုတဲ့ အုပ်စု၊ အင်း အပြောကတော့ ရွှေမန်း၊ အကကတော့ ချိုမှိုင်မှိုင်ဖြစ်နေတာမို့ …. ရိုးနေပါပြီဆိုတဲ့ အစိုးရဘာ ပြောပြော ဘာတခုမှမယုံကြည်တဲ့ သမိုင်းသင်ခန်းစာများနှင့် အုပ်စုနဲ့၊ အစိုးရကို မိမိတို့အကျိုး စီးပွားလို့ငှာ မြောက်ပင့်ပြီး အစိုးရခိုင်းသမျှလိုက်လုပ်နေတဲ့ “ဘယ်သူသေသေငတေမာရင် ပြီးရော” ဆိုတဲ့ အုပ်စုတွေပဲဖြစ်ပါတယ်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကတော့ ရှင်းပါတယ်။ အခုကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲကို “ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိတာမဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့ နိုင်ငံ တွေမှာလည်း ရွေးကောက်ပွဲတွေဆိုတာ ရှိပါတယ်။”
“ရွေးကောက်ပွဲကျင်းပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပေးဖို့လည်း လိုပါတယ်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်တာဟာ ထမင်းစားဖိန်၊ ထမင်းပွဲ ပြင်၊ စားပွဲမှာထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေပြန်ပြီးသိမ်းသွားသလိုပဲ ဧည့်သည် တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ် ပေးတာဟာ ပြည်သူလူထုတရပ်လုံးကို လိမ်လည်လှည့်ဖြားစော်ကားရာရောက်တယ်။”
“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှု လိုက်၊ လိုချင်တဲ့ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေကျင်းပလိုက်နဲ့ လုပ်နေမယ်ဆို ရင် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာဖြစ်ပါ တယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ဘဲ နောက် ထပ်ရွေးကောက်ပွဲအသစ်ကျင်းပတာကို NLD က လုံးဝလက်မခံပါဘူး။ အမြဲကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာမလွှဲလို့မဟုတ်ပါဘူး။ ပြည်သူလူထုကို မလေးစား လို့ စော်ကားလို့ပါဘဲ။” ဟူ၍ ပြောကြားခဲ့ပါတယ်။
အခုလောလောဆယ် ပေါ်ထွက်လာတဲ့အစိုးရသစ်ဟာ သက်တမ်းတစ်လသာ ရှိသေး တယ်ဆိုသော်လည်း ယခင်နအဖစစ်ဗိုလ်ချုပ် အာဏာရှင်များသာ ဘောဘီချွတ်ပြီး ဆက်ခံ ထားတာကြောင့် သက်တန်း နုတယ်လို့မဆိုနိုင်ပါဘူး။ အစိုးရသစ်သစ်တန်းအတွင်း လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျည်းသားကိစ္စတွေ စတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဘာတခုမှ အကောင်အထည်မဖေါ်ပေးဘဲ ယခင် နအဖ စစ်အာဏာရှင်လက်ထက်အတိုင်းပင် ပြုမူဆောင်ရွက်နေပါတယ်ဗျာ။
ပြီးတော့ တိုင်း ပြည်ထူထောင်ရေးနဲ့ နိုင်ငံတော်ရဲ့ သယံဇာတထုခွဲရောင်းချရေးတွေကိုလည်း ပြည်သူ့ဆန္ဒကို ဖယ်ထုတ်ထားပြီး စစ်အုပ်စုနှင့် ယင်းတို့ရဲ့ အပေါင်းအပါလူတစုကသာ လက်ဝါးကြီးအုပ်ထား တဲ့ ပေါ်လစီ (Exclusionary Policies) ကို ကျင့်သုံးလျက်ရှိနေပါတယ်။
အဲ့ဒီပေါ်လစီအရပဲ ဒီမိုကရေစီရေးလုပ်ရှားမှုတွေမှာ ပါတဲ့သူတွေနဲ့ ပါတီတွေအားလုံးကို ဖယ်ရှားပစ်မှာဖြစ်ပါတယ်။ အဲ့ဒီပေါ်လစီအရပဲ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ပေးမှာမဟုတ်ပါဘူး။ အရပ်သား အရေခြုံထားတဲ့ စစ်အာဏာရှင်စနစ်ကိုသာ ခိုင်မာတော့ တင်းရေးထက် သက်စွန်းရှည်ရေးကိုသာ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါ တယ်။
တိုင်းရင်းသားအရေးကိစ္စများကိုလည်း စစ်အုပ်စုဟာ လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းနဲ့သာ ဆက်လက်အကောင်အထည်ဖော်ပြီး လူထုတရပ်လုံးကို စစ်ကျွန်ပြုရေးအတွက် သာ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါတယ်။
ယခုတိုင်းရင်းသားလက်နုက်ကိုင် တပ်ဖွဲ့များအား အတင်းအဓမ္မလက်နက်ဖြုတ်သိမ်း ရန်အတွက် နယ်ခြားစောင့်အသွင် ပြောင်းခိုင်းရန် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးနှင့် ကိုယ်ပိုင်ပြထမ်းခွင့်အတွက် နှစ် ၆၀ ကျော်တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (K.I.A) ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (SSA) ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ တော် (BKBA) ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ငြင်းဆန်ခဲ့သဖြင့် စစ်အစိုးရဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတာအားလုံးအသိပင်ဖြစ်ပါတယ်။ ပြီးတော့ စစ်အစိုးရဟာ တိုက်ပွဲဖြစ် ပွားရာ နယ်မြေဒေသရှိ အပြစ်မဲ့အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးချနေ သလို ရှေ့တန်းစစ်ဆင်ရေးတွေအတွက် ဒေသခံပြည်သူများကို ရိက္ခာသည်ယူရန် ပေါ်တာဆွဲ ခြင်း ဆက်ကျေးကောက်ခြင်း ဒေသခံ အမျိုးသမီးများကို အတင်းအဓမ္မကျင့်ကြံခြင်းစတာတွေ ကို ပြုလုပ်လျက်ရှိပါတယ်။
ရွှေပြည်တော် မျှော်တိုင်းဝေးဆဲ
လက်ရှိအခြေအနေမှာ အရပ်သားအရေခြုံ စစ်အစိုးရဟာ တိုင်းပြည်ကို အသွင်တစ်မျိုး နဲ့ ပါတီစုံဆိုင်းဘုတ်တပ်ပြီး ဆက်လက်အုပ်ချုပ်နေပါတယ်။ အစိုးရသစ်ဟာ လက်နက်တပ်အင် အားနဲ့ နိုင်ငံတော်သဘာဝသယံဇာတ အရင်းအမြစ်ရောင်းချရာမှ ရရှိထားတဲ့ ပြည်သူ့ဘဏ္ဍာ ငွေတွေ ကုဋေကုဋာကို ပိုင်ဆိုင်ထားပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်အုပ်စုတွေနဲ့ သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီ ရေးလုပ်ရှားနေတဲ့ အင်အားစုနှစ်ခုကြား ချိန်ခွင်လျှာဟာ မညီမမျှဖြစ်နေတာမို့ စစ်မှန်တဲ့ တွေ့ ဆုံဆွေးနွေးပွဲတစ်ခုပေါ်ပေါက်လာရေးဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့သမိုင်းမှာ အင်အားကောင်းနေတဲ့ အဓမ္မ၀ါဒီတွေဟာ အင်အားနည်းသူတွေနဲ့ ဘယ်သောအခါမှ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်လေ့မရှိပါဘူး။
တကယ်တော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာက အင်အားစုနှစ်ခုကြား အားချင်းညီမျှတဲ့ အခြေအနေ (Equilibrium) တရပ် ဖြစ်အောင် အင်အားနည်းတဲ့ဘက်က အင်အားရှိအောင် မဖြစ်မနေကြိုးစားရမှာပဲ ဒါကလွဲပြီး ရွေးစရာမှတစ်ပါး။ အခြားမရှိပါ။ စိတ်ကူးယဉ်လို့မရသလို တကြော်ကြော်အော်နေလို့လည်း မရ ပါဘူး။ တဖက်က ပေးမှယူမယ်ဆိုရင်လည်း ဒီတစ်သက် ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး။ တိုက်ယူရမှ ရပါလိမ့်မယ်။
ဒါကြောင့် ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းလာဖို့အတွက် ဒီ မိုကရေစီအင်အားစုတွေဟာ နိုင်ငံတကာရဲ့ အားပေးကူညီမှုတွေ၊ ပြည်သူလူထုရဲ့ ထောက် ခံမှုတွေကို အပြည့်အ၀ရ ယူပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူး ပေါင်းပြီး စွန်လွတ်စွန့်စားကာအသက်ချွေးများ ရင်းနှီးပေးဆပ်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျ သွားရေးကို ဆန့်ကျင် တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ ယနေ့အချိန်အခါဟာ ကျနော်တို့ တိုင်းပြည်အနာဂတ်အ တွက်အရေးကြီး သောအချိန်အခါမို့ စစ်အာဏာရှင်တွေ လုပ်သမျှကို ဒီအတိုင်း ခေါင်းငုတ် မခံဘဲ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် မိမိတို့ရဲ့ သမိုင်းပေးတာဝန်ကို တာဝန် ရှိရှိ တာဝန်သိသိကျေပွန်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
၂၅ – ၆ -၂၀၁၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts