>Kachin Ethnics from Burma protest at Chinese Consulate in SF to urge China to pressure Regime to stop ethnic killings at the border

>

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုမပြိုကွဲဖို့ ကချင်နဲ့ မြန်မာတိုင်းရင်းသားတို့ ဆန္ဒပြ
တရုတ်အစိုးရက မြန်မာပြည်သူတို့ကို အားပေးရန် တောင်းဆို
မိုးမခ၊ ဓာတ်ပုံသတင်း
ဇွန် ၂၅၊ ၂၀၁၁
ယမန်နေ့ ဇွန် ၂၄၊ နေ့ခင်း ၁၁ နာရီက ဆန်ဖရန်စစ္စကိုမြို့တော်၊ တရုတ်ဗီဇာကောင်စစ်ဝန်ရုံးရှေ့မှာ ဘေးဧရိယာနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ကချင်တိုင်းရင်းသားတွေ စုဝေးကြပြီး တရုတ်ပြည်နယ်စပ်အနီး ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။



လက်ရှိအာဏာရ ကြံ့ဖွံ့အစိုးရရဲ့ အနီးကပ် နိုင်ငံရေး၊ စီးပွားရေးမဟာမိတ်ဖြစ်တဲ့ တရုတ်အစိုးရအနေနဲ့ နယ်စပ်ဒေသက အပြစ်မဲ့ပြည်သူတွေ ကြံ့ဖွံ့စစ်တပ်ထိုးစစ်ကြောင့် သေကြေပျက်စီးနေတာကို ဥပက္ခာမပြုဘဲ အကာအကွယ်ပေးဖို့၊ အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားကချင်လူထုကို စာနာထောက်ထား အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ စစ်အစိုးရရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီး စစ်ရေး၊ စီးပွားရေး၊ ပူးပေါင်းဆောင်ရွက်နေတာတွေကိုလည်း တရုတ်အစိုးရက ပြန်လည် သုံးသပ်ရန် ထုတ်ဖော်ပြောဆိုကြပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အာမခံချက်ရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်မှသာ တရုတ်ပြည်နဲ့ ရေရှည် အကျိုးစီးပွားမဟာမိတ်တွေ ဖြစ်နိုင်မယ်လို့လည်း ထောက်ပြကြပါတယ်။
မြန်မာစစ်အစိုးရနဲ့ မဟာမိတ် တရုတ်အစိုးရကို ကန့်ကွက်ဆန္ဒပြပွဲကို ကချင်တိုင်းရင်းသားများနဲ့အတူ အခြားမြန်မာတိုင်းရင်းသားအစုအဖွဲ့တွေက လာရောက်ပူးပေါင်းပြီး ဆန္ဒပြကြပါတယ်။ စုစုပေါင်း ပရိသတ်ဦးရေ ၅၀ ကျော် လာရောက်တယ်လို့ တွေ့ရပါတယ်။
အခြားအမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်၊ မြို့နယ်တွေအနက် ၀ါရှင်တန်ဒီစီ၊ နယူးယောက်စသည်တိုမှာလည်း စုဝေးကြပြီး မြန်မာစစ်သံရုံးတွေရှေ့မှာ တပြိုင်နက်တည်း ပြည်တွင်းစစ် ကန့်ကွက်ပွဲတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။ သတင်းကြားရသလောက် အခြားနိုင်ငံတွေအနက် အင်္ဂလန်၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများရောက် ကချင်တိုင်းရင်းသားတွေက မြန်မာတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
“ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုရေးအတွက် မြန်မာတိုင်းရင်းသားတွေ ညီညွတ်မှုတွေ လက်တွဲ အားပေးမှုတွေ ဖော်ထုတ်ကြတဲ့အတွက် ဂုဏ်ယူစရာကောင်းပါတယ်”
လို့ ဆန္ဒပြပွဲကို တက်ရောက်ဆင်နွှဲလာသူ၊ အင်န်အယ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝင်းလှိုင် က မိုးမခကို ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts