>kachin Ethnics in SF Bay Area to protest against civil war in Burma

>

ဆန်ဖရန်ဘေးဧရိယာ ကချင်မိသားစုများ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆန္ဒပြမည်
မြန်မာတိုင်းရင်းသားအားလုံး စုပေါင်းပါဝင်ကြရန် ဖိတ်ခေါ်
မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၁
ဇွန်လ ၂၄၊ ၂၀၁၁၊ နေ့ခင်း ၁၁ နာရီ၊ ဆန်ဖရန်စစ္စကိုမြို့တော်၊ ဂျပန်တောင်းအနီးရှိ တရုတ်ဗီဇာကောင်စစ်ဝန်ရုံးရှေ့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး မြန်မာစစ်အစိုးရ စစ်တပ်များက ကချင်ပြည်နယ်တွင် ဆင်နွဲနေသော ပြည်တွင်းစစ်ရပ်စဲရေး၊ ကချင်ဒေသခံများအားလုံး ငြိမ်းချမ်းလုံခြုံမှု ရရှိရေး၊ အိမ်နီးချင်းတရုတ်ပြည်က နယ်စပ်ဒေသရှိ အပြစ်မဲ့ တိုင်းရင်းသားလူထုကို လူသားချင်းစာနာထောက်ထားမှုများဖြင့် စောင့်ရှောက်ပေးရေးတို့ကို ဦးတည်တောင်းဆိုသော ဆန္ဒပြပွဲ ကျင်းပမည် ဖြစ်ကြောင်း ဖိတ်ခေါ်ထားသည်။
ယခင်ရက်သတ္တပတ်များအတွင်း စတင်ဖြစ်ပွားခဲ့သော မြန်မာစစ်အစိုးရစစ်တပ်များ၏ ထိုးစစ်ကြောင့် ကချင်တိုင်းရင်းသားများမှာ စစ်ဒဏ်သင့်ပြီး ရပ်ရွာများ ဆုံးရှုံးခြင်း၊ သတ်ဖြတ်ညှင်းဆဲ ခံရခြင်း၊ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။ ကချင်တိုင်းရင်းသားများ၏ ဒေသခံ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များကိုယ်တိုင်ကလည်း နယ်မြေဒေသအတွင်း စစ်အစိုးရ၏ စစ်တပ်များ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်နေရသည်ဟု ဆိုသည်။
မြန်မာပြည်တွင်းရှိ အတိုက်အခံနိုင်ငံရေးပါတီနှင့် မဟာမိတ် တိုင်းရင်းသားအစုအဖွဲ့များကလည်း စစ်အစိုးရ၏ ပြည်တွင်းစစ်ကို ရပ်စဲရန်၊ တိုင်းရင်းသားလူမျိုးများအားလုံး၏ လူ့အခွင့်အရေး အာမခံချက်ရရှိရန်၊ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းနှိုးဆော်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားမိသားစုများသာမက မြန်မာတိုင်းရင်းသားအားလုံးကလည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မိမိတို့ တိုင်းရင်းသားညီအကို မောင်နှမများ လက်ရှိရင်ဆိုင်နေရသော ပြည်တွင်းစစ်ဘေးရန်ကို တားဆီးကန့်ကွက်မှုများ ထုတ်ဖော်ကြရန်၊ နိုင်ငံတကာမိသားစုများ၏ ၀င်ရောက် ဆောင်ရွက်ကာကွယ်မှုများကို တောင်းခံကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts