>Maung Ko Oo – For Next Suu’s Public Tour

>

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ခရီးစဉ်နှင့်ပတ်သက်ပြီး သုံးသပ်တင်ပြချက်
မောင်ကိုဦး
ဇွန် ၂၃၊ ၂၀၁၁

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီ ကာလအတွင်း မြန်မာနိုင်ငံအတွင်း ခရီးစဉ်တွေ စတင်တော့မယ်လို့ သိရှိရပါတယ်။ ဒီလို ခရီး စဉ် ထွက်မယ့်အစီအစဉ်ကို နိုင်ငံတကာကလည်း ဒီခရီးစဉ် ဟာ မြန်မာ့နိုင်ငံရေးအတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲလို့ စိတ်ဝင်စားနေသ လို မြန်မာ့ဒီမိုကေ ရစီရေး နိုးကြားသူများသာမက သာမန်ပြည်သူများအပြင် လက်ရှိအစိုးရကလည်း ဒီခရီးစဉ်အပေါ် အာရုံပြုေ နရပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေနဲ့ ပတ် သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ၀ိုင်းဝန်းသုံးသပ် ပိုင်းခြား အစီရင်ခံဖို့လိုအပ်လာတယ်လို့ ယူဆမိပါတယ်။

● ခရီးစဉ်ထွက်သင့် မသင့်… ကောင်းကျိုးနှင့် ဆိုးကျိုး နှိုင်းယှဉ်ခြင်း
လက်ရှိ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ဒီခရီးစဉ်ကြောင့် ပြန်လည်နိုးကြား လာဖို့ရှိပါတယ်။ လူထုအတွင်း လူထု ခေါင်း ဆောင်တွေနဲ့ အနည်းနဲ့အများဆိုသလို ကင်းကွာနေမှုကနေ နီးနီးကပ်ကပ်နိုးနိုးကြားကြားဖြစ်လာပြီး မျှော်လင့်ချက်မဲ့နေတဲ့ လူထုအတွက် အားတက် ဖွယ်ဖြစ်လာပါမယ်။ ၂၀၀၇ စက်တင်ဘာအရေးတော်ပုံနောက်ပိုင်း အားပျော့ခဲ့တဲ့ နိုင်ငံရေးရေစီးဟာ ဒီခရီးစဉ်နဲ့အတူ ပြန်လည် စီးဆင်းလာမယ်လို့ ဆိုနိုင်ပါတယ်။ လူထုအတွင်း စည်းရုံးရေးတွေ အင်အားကောင်းလာမှာဖြစ်သ လို လျော့ရဲနေ တဲ့ ဒီမိုကရေစီအင်အားစုများ ခိုင်ခိုင်မာမာနဲ့ ကွန်ယက်ဖွဲ့ အားကောင်းလာဖို့ လမ်းစဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

လူထုရဲ့အခြေအနေကို လူထုခေါင်းဆောင်တွေ ပိုမိုထိစပ်သိရှိသလို ဒီမိုကရေစီအရေး တဆင့်တက်လှုပ်ရှားေ ဆာင်ရွက်ဖို့အတွက်လည်း အားသစ်လောင်း မယ့်အနေအထားလို့လည်း မျှော်လင့်နိုင်ပါတယ်။ အချိတ်အဆက် မမိသလိုဖြစ်နေတဲ့ တိုင်း စည်း မြို့နယ်စည်းတွေနဲ့ အပြန်အလှန် သဘောတူညီမှုတွေ နားလည်မှုတွေ ပိုမိုရရှိနိုင် မှာဖြစ်သလို ကျစ်လစ်ခိုင်မာတဲ့အစီအစဉ်တွေနဲ့ ဒီမိုကရေစီလမ်းကို ဖေါ်ဆောင်နိုင်ဖို့ အခွင့်အရေးတွေရှိ လာမှာ ဖြစ်ပါတယ်။

ဒီလိုကောင်းကျိုးတွေရှိသလို ယာယီငြိမ်သက်အောင် ဖန်တီးခံထားရတဲ့ မြန်မာ့နိုင်ငံရေး ဟာ နိုးကြားလာခြင်းနဲ့ အတူ အပြန်အလှန်အားဖြင့် တဖက် အုပ်ချုပ်သူ အင်အားစုများအနေနဲ့ ပြန်လည် ထိန်းချုပ်ပြင်ဆင်မှုေ တွ၊ ဖြေရှင်းကိုင်တွယ်ရမယ့်အခြေအနေတွေ ဖြစ်လာပါမယ်။ ပိုမိုတင်းကျပ်တဲ့ ဖိနှိပ်မှုတွေ ပြုလုပ်ရမလား။ “ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပါပြီ။ လွတ်လပ်ခွင့်တွေပြုနေပါပြီ” လို့ နိုင်ငံတကာကို သွေးေ ဆာင်ဖို့ သဘောထားကြီးပြရမလားဆိုတဲ့အခြေအနေ ဖြစ်လာပါတယ်။ တနည်းအားဖြင့် ဒီခရီးစဉ်ဟာ အကြမ်း အားဖြင့် အုပ်ချုပ်သူတွေအတွက် အကျပ်ရိုက်စေမယ့် အစီ အစဉ်တခုလည်းဖြစ်ပါတယ်။

● တိုင်းရင်းသားတွေရဲ့ အနေအထား
နောက်တချက်အနေနဲ့ လက်ရှိအခြေအနေဟာကြံ့ဖွတ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရင်ကထက် ပိုမိုမပြေမလည် အစေးမကပ် ဖြစ်နေတဲ့ အချိန်၊ တိုက်ပွဲတွေဖြစ်နေချိန်၊ ဆက်ဖြစ် ထပ်ဖြစ်မယ့်အခြေအေ နတွေရှိနေသလို တိုင်းရင်းသားတွေ အချင်းချင်းလည်း ပိုပြီးညီညီညွတ်ညွတ်နဲ့ ကြံ့ဖွတ်အစိုးရကို ဟန်ချက်ညီ တိုက်ပွဲဝင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ နောက် ထူးခြားချက်အနေနဲ့ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ ဦးတည်တဲ့တောင်းဆိုမှုတွေ ပိုမိုအားကောင်းနေခြင်းဖြစ်ပါတယ်။ သွယ်ဝိုက်ခြင်းအာြး ဖင့် ကြံ့ဖွတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေရဲ့ “ညီညွတ်ငြိမ်းချမ်းသာယာရေး” စားပွဲဝိုင်းကို ဆွဲတင်နေ တဲ့ အနေအထားဖြစ်ပါတယ်။ စတဲ့စတဲ့အခြေအနေတွေကြောင့် ခရီးစဉ်ထွက်ခြင်းဟာ ကောင်းမွန် တဲ့ အစီအစဉ်တခုလို ဆိုနိုင်ပါတယ်။

● ဒီပဲယင်းလုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ခရီးစဉ်စတင်မယ်လို့ ဆိုလိုက်တာနဲ့ ပထမဆုံး ပြေးမြင်မိကြတာက လူထု အင်တိုက်အားတိုက် ထောက်ခံမှုတွေရရှိခဲ့တဲ့မြင် ကွင်းအပြင် ဒီပဲယင်းလုပ်ကြံမှုကြီးပဲ ဖြစ်ပါတယ်။ ကံကောင်းထောက်မ လို့ လူထုခေါင်းဆောင်တွေဖြစ်တဲ့ အဘ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် မတရား နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသလို လူထုနဲ့ကင်းကွာခဲ့တာကြောင့် ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်မှုတွေအရှိန်ကျသွားခဲ့ပါတယ်။ လုပ်ကြံမှုကြောင့် ဒီမိုကရေစီဘက်တော်သား သူရဲကောင်းတွေလည်း ကျဆုံး ခဲ့ရပါတယ် သမိုင်းသွေးစွန်းခဲ့ရပါတယ်။ မတော်မတရား ရိုက်နှက် သတ်ဖြတ်တဲ့သူတွေကို ဘယ်လိုအရေးယူမှုမရှိရုံမက (ဟုတ်တိပတ်တိ) စုံစမ်းစစ်ဆေး၊ မေးမြန်းမှုတောင် မလုပ်ခဲ့ပဲ ရိုက်နှက်သတ်ဖြတ်ခံရသူတွေဘက်ကိုသာ ပေါ်ပေါ်တင်တင် ပြောင်ကျကျ အရေးယူခဲ့ပါတယ်။ တနည်းအားဖြင့် နှစ် ၅၀ အတွင်း သမိုင်းမှာ မကြုံဖူးတဲ့ အလွန်အောင်မြင်တဲ့ လူထုစည်းရုံးရေးခရီးစဉ်ကြီးကို ရက်ရက်စက်စက် ဆိုးဆိုးရွားရွား အောက်လမ်းနည်းနဲ့ ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။

တဖက်ကကြည့်ရင် အလွန်ဆိုးရွားတဲ့ နှိပ်ကွပ်မှုကြီးလို့ဆိုနိုင်သလို တဖက်ကကြည့်ရင်လည်း ဒီလို လူထုစည်းရုံးရေးခရီးစဉ်ဟာ အင်မတန်ထိရောက် အရေးပါတာမို့ မရရတဲ့နည်းနဲ့ ဖြိုခွင်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီအင်အားစုတွေအားလုံးရော ပြည်သူလူထုအနေနဲ့ လူထုခေါင်းေ ဆာင်တွေ ခရီးစဉ်အတွက် လှိုက်လှိုက်လှဲလှဲ ထောက်ခံကြမှာဖြစ်သလို ဒီပဲယင်းလို နောက် ထပ် သွေးထွက် သံယိုမှုတွေ နိုင်ငံရေးအပိတ်အဆို့ခံ၊ အရှိန်ရပ်တန့်ခံရမှုတွေဖြစ်လာမှာကို အထူးပဲ စိုးရိမ်နေကြပြန်ပါတယ်။

● လူထုထောက်ခံမှု ရရှိနိုင်မှုအခြေအနေ
အရင် ၂၀၀၃ ခရီးစဉ်တုန်းက လူထုထောက်ခံမှု စည်းရုံးမှု အင်မတန် အားရဖွယ်ကောင်းခဲ့သလောက် ယခုခရီးစ ဉ်မှာ ရော ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာလည်း ထည့်စဉ်းစားဖို့ လိုလာပါတယ်။ ယခုနောက် ဆုံး ဒေါ်အောင် ဆန်းစုကြည် ပြန်လွတ် မလာခင်မှာ နအဖ နဲ့ သူတို့ရဲ့ နောက်လိုက် အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကို လူထုနဲ့ ကင်းကွာအောင် နှစ်ရှည်လများ ထိန်းသိမ်းထားနိုင်ခဲ့သလို ၂၀၀၇ သံဃာတွေဦးဆောင် တဲ့ ရွှေဝါေ ရာင် အရေး တော်ပုံကြီးကိုတောင် ပြင်းပြင်းထန်ထန် ဖိနှိမ်ပြလိုက်နိုင်တာမို့ လူထုဟာ နိုင်ငံရေးလုပ် ဖို့ ကြောက်လန့်ကုန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ အရှိန်အ၀ါကျသွားပြီ၊ စိတ်ဝင်စားမှု သိပ်နည်းသွားပြီလို့ယူဆခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာသာမက ပြည်ပက ဒီမိုကရေစီ အယောင်ဆောင် ဘလော့ခ် စာမျက်နှာတွေမှာ တချို့က ဒေါ်အောင်ဆန်းစု ကြည် ပြန်လွတ် လာရင်၊ ခြံစည်းရိုးရှေ့ဟောပြောရင် နတ်ကွန်းလောက်တောင် လူစည်မှာ မဟုတ်တော့ဘူးတောင် ခပ်ညံ့ ညံ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့ပထမဆုံးတွေ့ဆုံတဲ့အခါ လူသောင်းပေါင်းများစွာ စုရုံးအားပေးဂုဏ်ပြုတွေ့ဆုံခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်စည်း ရုံးရေး ခရီးစဉ်တွေဟာ အားပေးထောက်ခံမှု အပြည့်အ၀ရရှိလိမ့်မယ်ဆိုတာတွက်ဆနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အားစမ်းစိန်ခေါ်မှုတခုတော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

● ဘယ်ဒေသတွေကို ခရီးထွက်သင့်သလဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ခရီးစဉ်ထွက်တဲ့အခါ ဒုတိယမြို့တော်တည်ရာ မန္တလေးကို ဗဟိုပြုပြီး မကြာသေးခင်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် အထိ ထိုမှ အပြန်ခရီးကို လယ်သမား အလုပ် သမားေ တွ အခက်အခဲတွေဖြစ်နေတဲ့ ပဲခူးတိုင်းကိုဖြတ်ပြီးခရီးစဉ်ထွက်သင့်တယ်လို့ ယူဆပါတယ်။ ဒုတိယ ဦးစားပေး အနေနဲ့ ရှမ်းပြည်အပြင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် နလံမထူနိုင်သေးတဲ့ ဧရာဝတီတိုင်းခရီး စဉ်ပဲ ဖြစ်ပါ တယ်။

ထိုးစစ်တွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ခရီးစဉ်တွေကို ဒေါ်အောင်ဆန်းစု ကြည် ရွေးချယ်ကောင်း ရွေးချယ်နိုင်ပေမယ့် လတ်တလော လုံခြုံရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေအ ရ ဒုတိယ တတိယ ဦးစားပေးအနေနဲ့ ဖြစ်သင့်တယ် ယူဆပါတယ်။

● အချိန်အခါ
သာမန်အားဖြင့် တွက်ဆကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မိုးလေ၀သ ကောင်းမွန်တဲ့ ၀ါကျွတ်နောက်ပိုင်းလောက် (ဘာလေးဘာ – စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အချိန်တွေ ဟာ အကောင်းဆုံးအခြေအနေလို့ တွက်ဆနိုင်ပါတယ်။ တောင်သူလယ်သမားများလည်း လုပ်ငန်းခွင်အေးငြိမ်း တဲ့အချိန်ဖြစ်ပါတယ်။ သွားရေးလာရေးလည်း လွယ်ကူပါတယ်။ အချိန်အတိုင်းအတာတခု အထိ ပြင်ဆင်ဖို့၊ အားသစ်အင်သစ်တွေနဲ့ ကျစ်လစ်ခိုင်မာတဲ့ အင်အားစုတွေရရှိဖို့ သင့်တော်တဲ့ကာလလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ရာသီဥတု အခြေအနေက လတ်တလော (အချိန်သိပ်မဆိုင်းပဲ) ဆောင်ရွက်မှ သင့်လျော် မယ့်အခြေအနေတွေလည်း ရှိနေပြန်ပါတယ်။ ဆိုခဲ့သလို ပွင့်လင်းရာသီမှာ ပိုမိုကောင်းမွန်တဲ့အခြေအနေအင် အား တခုကို ရရှိနိုင်ဖို့ ယခုလောက်ကတည်းက စတင်ဖို့လိုအပ်တာတွေလည်း ရှိနေပြန်ပါတယ်။ လူထုခေါင်းေ ဆာင်တွေအနေနဲ့ အဖက်ဖက်က ချင့်ချိန်ပြီး အသင့်လျော်ဆုံးအခြေအနေကို သုံးသပ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

● ခြေလှမ်းသစ် စတင်ခြင်းလား။ ရန်သူ့ထောင်ချောက်၊ ပိုက်ကွန်တွင်းတိုးဝင်ခြင်းလား
ဒီခရီးစဉ်ဟာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးရဲ့ ထွက်ပေါက်ကို ဦးတည်သွားစေမယ့် ခရီးစဉ်ဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်စရာရှိတဲ့ နိုင်ငံရေးခြေလှမ်းသစ်လို့ ဆိုနိုင်ပါတယ်။ နအဖအနေနဲ့ ဘယ်လိုကိုင်တွယ်ရလဲဆိုတာကိုလည်း အထပ်ထပ် သုံးသပ်နေလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒုဥက္ကဋ္ဌ အဘ ဦးတင်ဦးက ခရီးစဉ်တွေကို အချိန် နေရာ အစရှိတာတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဆီ အသိပေးပြီးမှ စတင်မယ်လို့ဆိုထားတဲ့အတွက်လည်း ခရီးစဉ်ထွက်တဲ့အခါ အာဏာပိုင်တွေအနေနဲ့ ခွင့်ပြုမလား။ ခွင့်မပြုပဲနေလိုက်ရင် ဘယ်လိုဖြစ်လာနိုင်မလဲ။ ခွင့်ပြုခဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာေ တွ ပြင်ဆင်ရေ တာ့မှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု အာဆီယံရဲ့ နွေးထွေးမှုတွေကို လိုအပ်နေတဲ့ အာဏာပိုင်ေ တွအနေနဲ့ ခွင့်မပြုရင်လည်းအခက်ဖြစ်သလို ခွင့်ပြုရင်လည်း လူထုနိုးကြားထောက်ခံလာမှာကို ဟန့်တားဖို့ လိုအပ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို အသိအမှတ်မပြုသလိုလို ဂရုမစိုက်သလိုလို လစ်လျှူရှုတဲ့နည်းနဲ့ ထိန်းချုပ်နေတာထက် ပိုကောင်းတဲ့ထိုးစစ်တခုလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ အုပ်ချုပ်သူအာဏာပိုင်တွေဖက်က ဘယ်လိုထောင်ချောက်ဆင်လာနိုင်သလဲ၊ ဘယ်လိုဖြိုခွင်းလာနိုင်မလဲဆိုတာကိုတော့ စဉ်းစားပြင်ဆင်ထားဖို့ လိုနေပါ တယ်။ တဖက် ရန်သူတွေက ဒီခရီးစဉ်အပေါ် ဘယ်လိုထောင်ချောက်ဆင်လာမလဲ။ ဘယ်လို ပိုက်ကွန်တွေနဲ့ ဖမ်းအုပ်မလဲဆိုတာကိုတော့ အပြည့်အ၀ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြင်ဆင်ကာကွယ်ဖို့ လိုပါတယ်။

● တရားဝင် ပါတီဖြစ်မှု မဖြစ်မှု
လတ်တလောမှာတော့ အာဏာပိုင်တွေက တရားဝင်ပါတီအဖြစ် အသိအမှတ်မပြုထားသလို အဖွဲ့ချုပ်က တရားဝင်ပေးပို့ ဆွေးနွေးတင်ပြချက်တွေကိုတောင် တုံ့ပြန်ပြောဆို ဖြေရှင်း အရေးယူဆောင်ရွက်တာမရှိပါဘူး။ လူသိရှင်ကြား (ယခင်ကလို) ဆက်ဆံရေးဝန်ကြီးထားပြီး ဆက်သွယ်ဆွေးနွေးတာမျိုးတောင် မရှိပါဘူး။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ တနည်းအားဖြင့် အာဏာပိုင်တွေဟာ အဖွဲ့ချုပ်ကို တရားဝင် အဖြစ်အသိအမှတ်မပြုသလို အချိန်မရွေး စည်းဘောင်ကျော်လာတာနဲ့ ချုပ်ကိုင် နှိမ်နင်းနိုင်ဖို့ စီမံထား ပါတယ်။ ဒီမိုကရေစီ အင်အားစုတွေ၊ လူထုတွေက အာဏာပိုင်တွေဆီ တိုက်ရိုက်တောင်းဆိုဆန္ဒပြတာေ တွ ဖြစ်မလာေ အာင် အဖွဲ့ချုပ်ကို တံတိုင်းတခုအဖြစ် အသုံးချနေသလို ယူဆရပါတယ်။ ဒီအခြေအနေမျိုးထက် စာရင်တော့ အခုလို လှုပ်ရှားဆောင်ရွက်လိုက်ခြင်းဟာ ပိုမိုသာလွန်ကောင်းမွန်တယ်လို့ ယူဆနိုင်ပါတယ်။

● နအဖအစိုးရနဲ့ လက်ရှိအစိုးရ … တုန့်ပြန်မှု၊ လစ်လျှူရှုမှု နှိုင်းယှဉ်ချက်
နအဖ အစိုးရခေတ်မှာ အဖွဲ့ချုပ်ကို အရေးယူမှုတွေပြုခဲ့တယ်။ ယုတ်စွအဆုံး သတင်းစာတွေကနေ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုလုပ်လေ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို နီးစပ်အောင် သတိရအောင် လုပ်ပေးသလိုဖြစ်ခဲ့ပါတယ်။ ဆက်ဆံရေး ၀န်ကြီးထားပြီး လူထုကို မျက်လှည့်ပြခဲ့ရပါတယ်။ လက်ရှိအာဏာ ပိုင်တွေ လက်ထက်မှာတော့ လစ်လျှူရှုထားတဲ့နည်းကိုသုံးပြီး အဖွဲ့ချုပ်လှုပ်ရှားပြောဆိုသမျှ မျက်စိဒေါက်ေ ထာက်ေ စာင့်ကြည်ပြီး အမှားကိုစောင့်နေခဲ့ပါတယ်။ အချိန်မရွေးကိုင်တွယ် အရေးယူ ဖြိုခွင်းဖို့ ပြင်ဆင်မှုေ တွ ပြုလုပ်နေခဲ့ပါတယ်။

● အခြားနိုင်ငံရေးအင်အားစုများ၏ သဘောထားနှင့်အခြေအနေ
အခြား နိုင်ငံရေးအင်အားစုတွေဖြစ်ပြီး လူထုအားကိုးယုံကြည်ရတဲ့ ၈၈ မျိုးဆက်အင်အားစုတွေအား လုံးကို ထောင်သွင်းအကျဉ်းချထားပြီး လူထုနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေနဲ့ပါ ကင်းကွာအောင် ဖန်တီးထားပါတယ်။ တချို့ လုပ်ကိုင်နေတဲ့ နိုင်ငံရေးအင်အားစုတချို့ကတော့ လတ်တလော အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် အားမလို အားမရ ဖြစ်မှုတွေကို ပြောဆိုရေး သား ဝေဖန်တိုက်ခိုက်လာတာတွေ ရှိလာပါတယ်။

အခြား ဒီမိုကရေစီအင်အားစုတွေလို့တောင် ပြောရခက်တဲ့ (ရွေးကောက်ပွဲဝင်)နိုင်ငံရေးအင်အားစုတချို့ကေ တာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို သဘောတူဖို့မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ချုပ်အပေါ် လူထု ယုံကြည်ထောက်ခံမှုရလေလေ သူတို့အပေါ် လူထုယုံကြည်ထောက်ခံမှု ပျက်သုန်းလေလေ ဖြစ်နေလို့ပါပဲ။ အထူးသဖြင့် ဒီခရီးစဉ်ကတဆင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်လာရင် ၊ ဒီမိုကရေစီ ပန်းတိုင်အထိရောက်သွားခဲ့ရင် သစ္စာမဲ့သူတွေ နိုင်ငံရေးလုပ်စားသူတွေအဖြစ် လူထုယုံကြည်မှုမဲ့ပြီး သူတို့အတွက် နေရာပျောက်သွားမှာ ဖြစ်ပါတယ်။

● ကြံ့ခိုင်ရေးပါတီ၏ အနေအထား
ကြံ့ခိုင်ရေးပါတီအနေနဲ့တော့ ယခင် အာဏာမရခင်ကတည်းက ဒီမိုကရေစီအင်အားစုတွေကို နင်းပြီး နေရာယူခဲ့ သူတွေဖြစ်ခဲ့သလို အခုလို အာဏာရလာတဲ့အချိန်မှာ သူတို့အစိုးရ သိက္ခာကျစေမယ့်၊ သူတို့ထိုင်ခုံလှုပ်စေမယ့် အုပ်ချုပ်မှုယန္တယား ကစင့် ကလျားဖြစ်စေမယ့် ဒီခရီးစဉ်ကို မလိုမုန်းထား နှောင့်ယှက်ဟန့်တားဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ယခင်ကထက် အာဏာရအစိုးရအဖြစ် သိက္ခာရှိအောင် အဖက်ဆယ်ဖို့လည်းရှိနေတာကြောင့် အရင်လို ပြောင်ကျကျ အောက်တန်းကျကျ ကန့်ကွက် နှောက်ယှက်တာထက် မထင်မရှား လူမိုက်မွေး ပြီး ကောက်ကျစ်လာဖို့ ရှိနေပြန်ပါတယ်။

● စွမ်းအားရှင်၊ အခြား လက်ဝေခံအဖွဲ့များ
ဒါကြောင့် အရင်ထဲက လက်သပ်မွေးခဲ့တဲ့ စွမ်းအားရှင်နဲ့ တခြား လက်ဝေခံလူမိုက်တွေကို မွေးပြီး ရက်ရက် စက်စက် လုပ်ကြံမှုတွေ ရှိလာနိုင်ပါတယ်။ တချိန်က အမျိုးသားခေါင်းဆောင်ကြီးတွေကို နယ်ချဲ့တိုင်းတပါး က နောက်ကွယ်က ကြိုးကိုင်ပြီး လူမိုက်တွေကို ထိုးကျွေးခဲ့သလိုမျိုး စွမ်းအားရှင်တချို့ကို ထိုးကျွေးပြီး လုပ်ကြံ မှုတွေ မရှိလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။

● ဒီမိုကရေစီအင်အားစုများ လူငယ်များ၏ နိုးကြားသတိရှိမှု
ယခုတခေါက်မှာတော့ ဒီမိုကရေစီ အင်အားစု လူငယ်တွေဟာ တချိန်က ဒီပဲယင်းလုပ်ကြံမှုကို ဥပမာပြုပြီး ဒါမျိုးတွေ ထပ်မဖြစ်လာအောင်လို့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ၀ိုင်းဝန်းလုံခြုံရေးယူကြဖို့ ပြင်ဆင်ကြိုး စားနေ တာေ တွ ရှိနေပါတယ်။ ဒါဟာ အလွန်အားရလေးစားစရာကောင်းပါတယ် ဒါပေမယ့် တဖက်ရန်သူဟာ သူလိုကိုယ်လိုလူတွေအပြင် စနစ်တကျ လေ့ကျင့်ပြင်ဆင်သင်ကြားပေးလိုက်တဲ့ လူဆိုးလူမိုက်တွေလည်း ပါလာမှာဖြစ်ပါတယ်။ ဒါကြောင့်အရင်လို လက်ချင်းချိတ် ၀န်းရံ ပေးရုံလောက်မဟုတ်ပဲ ဘယ်လို သတိဝိရိယပညာရှိရှိနဲ့ လုံခြုံလိုက်ပါပေးကြမလဲဆိုတာကိုလည်း ပြင်ဆင်ကြဖို့ လိုလာပါတယ်။

သိပ်အရေးကြီးတဲ့ အခြေအနေဖြစ်လို့ ရန်သူက ဘယ်လို တာဝန်ယူမှု မယူမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ့်တာကိုယ်ကျေဖို့ ကိုယ့်ဝန်ကိုယ်ထမ်းဖို့ အခရာကျနေပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ခေါင်းဆော င်တွေကို လေးစား ကြည်ညိုသူတိုင်းမှာ ၊ ဒီမိုကရေစီကို လိုလားသူတိုင်းမှာ ၀ိုင်းဝန်းစောင့်ရှောက် ကူညီဖို့ တာဝန်ရှိပါတယ်။

● နိုင်ငံတကာ အခြေအနေနှင့် လက်ရှိ နိုင်ငံတကာဆက်ဆံရေး
လက်ရှိအာဏာပိုင်တွေဟာ တရုတ်အပြင် အိန္ဒိယနဲ့ ရွှေလမ်းငွေလမ်းဖေါက်ဖို့ကြိုးစားနေသလို အနောက်နို င်ငံတွေနဲ့လည်း ကုန်သွယ်စီးပွားဖက် မိတ်ဆွေနိုင်ငံများအဖြစ် ကမ္ဘာ့အလယ် တင့်တင့်တယ်တယ် အသိအမှတ်ြ ပုစေ ချင်နေပါတယ်။ အာစီယံ နိုင်ငံများနဲ့လည်း ထဲထဲဝင်ဝင် ကုန်သွယ်စီးပွားဖက်လည်းဖြစ်ချင် အာစီယံ အလှည့် ကျဖြစ်ဖို့ လည်း အလွန်အာသီသ ရှိနေပါတယ်။ တိုင်းပြည်အတွင်း ကုန်သွယ်စီးပွားတိုးတက်ကောင်း မွန်လာရင် လူထုထောက်ခံမှု ရလာမယ်။ နောက်တကြိမ် အစိုးရသက်တမ်းအတွက်လည် စိတ်ချလက်ချ အုပ်ချုပ်ပြင်ဆင်နိုင်မယ်။ ဒီမိုကရေစီအင်အားစုတွေလည်း တစစအင်အား ကျဆင်းယုတ်လျော့ပြီး တစစပြိုကွဲ တာကို လိုလားနေပါတယ်။ (ထွန်လည်းညက် ကြက်လည်းမော အစီအမံဖြစ်ပါတယ်။ )

● ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ။
ဒါကြောင့် ပြည်တွင်းမှာ လူထုနိုးကြားလာမှာ မလိုလားဘူး။ ခရီးစဉ်တွေ မထွက်စေချင်ဘူး။ ထွက်မယ်ဆိုလည်း တားမြစ်ကောင်းတားမြစ်နိုင်ပါတယ်။ မတတ်သာလို့ ခွင့်ပြုရင်လည်း တချိန်တုန်းကလို လူထုသဘော ထား ဖေါ် ထုတ်ပွဲမျိုးတွေနဲ့ တန်ပြန် လှုပ်ရှားလာနိုင်ပါတယ်။

ဆူပူမှုတွေဖြစ်အောင် မတည်ငြိမ်အောင် ဖန်တီးတယ်ဆိုပြီး အရေးယူမှုတွေ တိုးလာနိုင်ပါတယ်။ ညမထွက်ရ အမိန့်တွေကို ထုတ်ကောင်းထုတ်လာနိုင်ပါတယ်။ လူထု အားပေးမှုမရှိအောင် ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ပါ တယ်။ လမ်းပိတ်တာ၊ မီးဖြတ်တာ၊ တန်ပြန်ဆန္ဒပြတာတွေလည်း ရှိလာနိုင်ပါတယ်။အဆုံးစွန်ဆုံးအဖြစ် လုပ်ကြံမှုတွေထိလည်း ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိုးစစ်ဆင်နေတာတွေကိုရပ်ပြီး ပြည်တွင်းလုံခြုံေ ရး နှောင့်ယှက်ဟန့်တားရေးတွေအတွက် စစ်တပ်ကိုလည်း အသုံးချလာနိုင်ပါတယ်။

လူထုအနေနဲ့တော့ နိုးကြားလာမယ်။ သတ္တိတွေပိုရှိလာမယ်။ ဒီခရီးစဉ်ကစပြီး တစစ လူထုဆန္ဒအတိုင်း တစစ တိုး ချဲ့လှုပ်ရှားဆောင်ရွက်မှုတွေဖြစ်လာပြီး တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ ညီညွတ်ရေးတွေ တည်ေ ဆာက်လာနိုင်ပါမယ်။ လူမှုကယ်ဆယ်ရေးတွေကို ပိုလုပ်လာနိုင်မယ်။ ပရဟိတလုပ်ငန်းတွေ အားကောင်းလာ မယ်။ လူထုအသိပညာ တိုးတက် လာမယ်။

● ခရီးစဉ်ထွက်ရုံသက်သက်မဖြစ်စေချင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ခရီးစဉ်ထွက်မယ်ဆိုရင် အားနည်းချက် အားသာချက်တွေရှိသလို အထူး သဖြင့်တော့ စွန့်စွန့်စားစား ဆောင်ရွက်ရမယ့် ခရီးစဉ်ဖြစ်ပါတယ်။ လုံခြုံရေးအရလည်း စွန့်စားရ သလို နိုင်ငံရေး အရလည်း စွန့်စားရမှာဖြစ်ပါတယ်။ အခက်အခဲတွေလည်း ရှိနေပါတယ်။ ဒီလို စွန့်စွန့်စား စား ခက်ခက်ခဲခဲ လှုပ်ရှားဆောင်ရွက်မယ့်ခရီးစဉ်ဟာ …
(၁) ပြည်သူတွေရဲ့သဘောထား၊ အခြေအနေတွေကို သိရှိနားလည်ဖို့
(၂) တိုင်းရင်းသားပြည်သူလူထု အမျိုးသားရေး နိုးကြားဖို့တွေအပြင်
(၃) ဒီမိုကရေစီအင်အားစုတွေ ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ချိတ်ဆက်နိုင်ဖို့လည်း လိုအပ်ပါတယ်။

လူထုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ခရီးစဉ်တလျောက်မှာ နိုးကြားတက်ကြွသလောက် ခရီးစဉ်အပြီးမှာ လည်း အရှိန်မပျက် ဆက်လက် ချီတက်လှုပ် ရှားနိုင်ဖို့ ဖွဲ့စည်းချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အစီအမံတွေ လိုအပ် မယ်လို့ ယူဆမိပါတယ်။

● ဒေါ်စုနှင့် အဖွဲ့ချုပ်ခေါင်းဆောင်များသည် လူထုပိုင်ဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေဟာ ဒီလို မတရား ရက်ရက်စက်စ က် နှိမ်နင်းလုပ်ကြံတာတွေ ကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် မှုလည်းမမှုခဲ့သလို ကြောက်လည်းမကြောက်ခဲ့ပါ ဘူး။ နောက်ဆုတ်မသွားတဲ့ အပြင် ပိုမိုကောင်းမွန်တည်ငြိမ်တဲ့ ဦးဆောင်မှုတွေ ပေးလာနိုင်ပါတယ်။ ဒါကြောင့်လည်း လူထုအကျိုး ပြည်သူ အကျိုးရှေ့ရှုပြီး ဒီလိုခရီးစဉ်တွေ ဆက်လုပ်ဖို့ ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ ခေါင်းဆောင်တွေဟာ သေရမှာလည်း မကြောက်ပါဘူး။ လူထုအတွက်ပေးဆပ်ရမှာကိုလည်း ဂုဏ်ယူမယ့်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်စုနဲ့ ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် တွေဖြစ်တာကြောင့် သူတို့ကိုယ်သူတို့ မပိုင်ပါဘူး။ လူထုပိုင်ဖြစ်ပါတယ်။ လူထုဟာ သူတို့အတွက် အသက်ပေးဆောင်ရွက် နေတာကို လေးစားဂုဏ်ယူသလို ကြည်လည်း ကြည်ညိုကြပါတယ်။ ဒါပေမယ့် လူထုဟာ သူတို့ခေါင်းဆောင်တွေ အသက်ပေးပြီး ဆောင်ရွက်တာကို မလိုလားပါဘူး။ ဘ၀ပေး ပြီး ဆောင်ရွက်တာကိုပဲ လိုလားပါတယ်။ သူတပါး လက်ချက်ကြောင့် အသက်ပေးပြီး ဆောင်ရွက် လိုက်လို့ ဒီမိုကရေစီရရင်တောင် ဒီခေါင်းဆောင်တွေမရှိရင် ဖရိုဖရဲ ဒီမိုကရေစီဖြစ်ပြီး နောက်ထပ် ဖိနှိမ်ရက် စက်တဲ့ အာဏာရှင်တွေ အနိုင်ကျင့်မင်းမူတာကို ပြန်ခံရပြီး ဒုံရင်းက ဒုံရင်း ပြန်ဖြစ်မှာကို မလိုလားပါဘူး

စစ်မှန်အေးချမ်းတဲ့ ခေတ်မှီဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ငြိမ်းငြိမ်းချမ်းချမ်းပြောင်းလဲတိုးတက်တာကို လူထု တရပ်လုံးက လိုလားပါတယ်။ လူထုခေါင်း ဆောင်များလည်း ဒါကိုပဲ လိုလားတာဖြစ်လို့ မသမာသူတွေ ရဲ့ ထောင်ချောက်ဆင် ညစ်မယ့်အန္တရာယ်ကိုကာကွယ်ဖို့ သမိုင်းပေးတာဝန်ကြီး ရှိနေပါကြောင်း သတိချပ် ဆင်ခြင်ပေး ဖို့ မေတ္တာရပ်ခံချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts