>Burmese Regime cannot control US$ exchange rate with Kyats

>

ဒေါ်လာဈေးကျဆင်းသည်ကို အစိုးရက အရေးတယူမရှိဟု ဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၇၊ ၂၀၁၁
ယခုသီတင်းပတ်များအတွင်း ဒေါ်လာဈေး မယုံနိုင်လောက်အောင် ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံစီးပွားရေး ကဏ္ဍ အသီးသီးအပေါ် ကြီးမားသည့် သက်ရောက်မှုများရှိနေသော်လည်း အုပ်ချုပ်သူ အစိုးရသစ်အနေဖြင့် မည်သည့်ဝေဖန်ချက်မျှ ယခုချိန်ထိ ပေးခြင်းမရှိသေးဟု စီးပွားရေး လေ့လာသူများကဆိုသည်။
ဇွန်လဆန်း ၁ရက်နေ့ဝန်းကျင်ကတည်းက ဆက်တိုက် ကျဆင်းလာသည့် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်းမှာ လွန်ခဲ့သည့် သီတင်းပတ်က ၄၊ ၅နှစ်အတွင်း အနိမ့်ဆုံး နှုန်းထားဖြစ်သည့် တဒေါ်လာ ၇၄၀ ကျပ်နှင့် အက်ဖ်အီးစီ တယူနစ် ၆၆၀ ကျပ်အထိ ကျဆင်းခဲ့သည်။
ထိုသို့ကျဆင်းခြင်းကြောင့် ပို့ကုန်လုပ်ငန်းများ၊ ပို့ကုန်အမှီပြု စိုက်ပျိုးထုတ်လုပ်သူများနှင့် နိုင်ငံခြားငွေလစာရရှိသူများ၊ ပြည်ပတွင်အလုပ်လုပ်နေကြသော သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိနေပြီဖြစ်သည်။
ဥပမာအားဖြင့် ပြည်ပသို့ ဆန်၊ ပဲ၊ နှင့် ရေထွက်ပစ္စည်း တင်ပို့သူများသာမက ထုတ်လုပ်သူများပါ ဈေးနှုန်းမကိုက်သဖြင့် အထိနာလျက်ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။
ယခုနှစ်တွင် နိုင်ငံတကာဆန်ဈေး အနည်းငယ်တက်လာသော်လည်း မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်ရာတွင် ကျပ်ငွေ တန်ဖိုးတက်နေခြင်းကြောင့် ၀ယ်ရင်းဈေးမြင့်နေသည့် သဘောဖြစ်ကာ ယခုနှစ်လည်း အခြားနိုင်ငံများနှင့်အပြိုင် ဆန်တင်ပို့ရန် ခက်ခဲနေဦးမည်ဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်တဦးကပြောသည်။
ထို့အတူ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များ အနေဖြင့်လည်း ပြည်တွင်းဝယ်ယူရသည့် နှုန်းထားမကျဆင်းပဲ ပြည်ပတွင်ရောင်းရသည့် ဒေါ်လာလဲနှုန်း စံချိန်တင်ကျဆင်းခြင်းကြောင့် ထုတ်လုပ်မှု စရိတ်မကျေသည့်အဖြစ်မျိုး ဖြစ်ပေါ်လျက်ရှိသည်။
စိုက်ပျိုးရေး ထွက်ကုန်များ ဈေးကောင်းမရခြင်းကြောင့် လယ်သမားများ၊ တောင်ယာ စိုက်ပျိုးသူများ ထိခိုက်နစ်နာမည်ကို စီးပွားရေး လေ့လာသူများက စိုးရိမ်လျက်ရှိကြသည်။
ပြည်ပက မြန်မာအလုပ်သမားများ၊ ပြောင်းရွှေ့နေထိုင်သူများက ပြည်တွင်းသို့ မိသားစုထောက်ပံ့ရန်နှင့် အထွေထွေအတွက် တရားမ၀င်ငွေလွှဲများဖြင့် ဒေါ်လာများကို မြန်မာငွေနှင့် လဲလှယ်ကြရာတွင်လည်း ဈေးကောင်းမရသဖြင့် ငွေကို တိုးပြီး ပေးပို့နေရသည်ဟု ပြောဆိုလျက်ရှိသည်။ ငွေလွှဲတွင် ဈေးကျသော်လည်း ကုန်ဈေးနှုန်းက ဆက်လက်တိုးမြဲ တိုးနေဆဲဖြစ်သဖြင့် စားသုံးသူတို့မှာလည်း အကြပ်အတည်းဖြစ်သည်ဟု ဆိုသည်။
ယနေ့နံနက်တွင် အမေရိကန် ၁ ဒေါ်လာကို ၇၉၅ ကျပ်ဖြင့်ဖွင့်ခဲ့ရာမှ ညနေ ဈေးပိတ်ချိန်တွင် ၈၁၀ ကျပ်ဖြင့် ပိတ်သိမ်းခဲ့သည်။ ယခုကဲ့သို့ ဒေါ်လာဈေး အနည်းငယ်ပြန်မာလာခြင်းမှာ ရက်ပိုင်း မျှသာရှိသေးပြီး ထိုမတိုင်ခင် တဒေါ်လာ ၇၄၀ ကျပ်အထိ ကျဆင်းခဲ့သည်။ ဒေါ်လာဈေး ကျဆင်းခြင်းနှင့် အတူ ရွှေဈေးနှုန်းပါ ကျဆင်းခဲ့ပြီး ယနေ့ဒေါ်လာဈေး ၂၀ ကျပ်ပြန်တက်သည့်နောက် ရွှေဈေးလည်း ပြန်လည် မြင့်တက်ခဲ့သည်ဟု သိရသည်။
ယခုလို ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်း ကျဆင်းနေဆဲမှာပင် အစိုးရအနေဖြင့် တရားဝင်ငွေလဲနှုန်းကို ၇၅၀ ကျပ်တွင် ညှိမည်ဆိုသည့် သတင်းများကလည်း လွန်ခဲ့သည့် သီတင်းပတ်များက ထွက်ပေါ်ခဲ့သည်။ ဘယ်အချက်ကြောင့် ယခုလို ဒေါ်လာလဲနှုန်းကျဆင်းရသည်ကို အစိုးရကိုယ်တိုင်က တရားဝင် ထုတ်ဖော်ပြောခြင်းမရှိသော်လည်း အစိုးရမှလွဲ၍ လူတိုင်းက အမျိုးမျိုး ပြောဆိုလျက်ရှိသည်။
ဒေါ်လာလဲနှုန်းကြောင့် နစ်နာမှုများ ကြီးကြီးမားမား မဖြစ်ပေါ်စေရန် တစ်စုံတစ်ရာ ပြောဆိုလုပ်ကိုင် အရေးယူနိုင်သူမှာ နိုင်ငံ၏ အစိုးရတာဝန်ယူထားသူတွင်မှာသာ အဓိကဖြစ်သည်ဟု စီးပွားရေး သတင်းအယ်ဒီတာ တစ်ဦးက ထောက်ပြသည်။
၂၀၁၀ ရွေးကောက်ပွဲက အများမဲဆန္ဒအရ ပေါ်ထွန်းလာသည်ဆိုသော အရပ်သားအစိုးရဆိုသည့် အာဏာပိုင်များက ယခုရင်ဆိုင်နေရပြီဖြစ်သည့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုကို မည်သို့ ရင်ဆိုင်ဖြေရှင်းမည်ကို အများပြည်သူတို့က စောင့်ကြည့်လျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts