သောင်းပြောင်းထွေလာ

Maung Lu Pay – Funny Days in School

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


လွဲတတ်သော ကျွန်တော်နှင့် သူငယ်ချင်းများ

မောင်လူပေ၊ မေ ၁၅၊ ၂၀၁၃

လူတိုင်း နဲနဲတော့ လွဲဖူးကြမယ်ထင်ပါတယ်။ ရထားအချိန်လွဲပြီး လွတ်သွားတာမျိုး၊ ကိုယ်မသိတဲ့အလှုမှာ လွဲပြီး ဝင်စားမိတာမျိုး ၊ ချစ်သူနဲ့ချိန်းတဲ့နေ့ လွဲပြီးသွားမိလို့ ချော့ရတာမျိုးပေါ့။ မိတ်ဆွေတို့ ဒီလိုအလွဲတွေ မဖြစ်ဖူးရင် အလွန်တော်ကြလို့ ပါ ။ အလွန်ရှော်တဲ့မောင်လူပေကတော့ ခဏခဏ လွဲတတ်ပါတယ်။ အလွဲတွေထဲက အမှတ်တရ လွဲချော်မှု တခုအကြောင်း ပြောပြခွင့်ပြုပါ။

မောင်လူပေ စက်မှုကျောင်းသားဘဝ အဆောင်နေစဉ်ကပါ။ ကျောင်းဘေးတခြံကျော်လောက်မှာ ခရစ်ယာန် ဘုရားကျောင်းတခု ရှိပါတယ်။ ဆန်းဒေးကျမ်းစာကျောင်းရန်ပုံငွေအတွက် စနေနေ့တိုင်းလို ဗီဒီယိုလဲ ပြတတ်ပါတယ်။ ရပ်ကွက်က အိမ်ရုံတွေမှာ တကားတကျပ်နဲ့  ပြတဲ့ခေတ်မှာ ဒီဘုရားကျောင်းက ၂ ကား တကျပ်ခွဲတို့ ၊ ၃ ကား ၂ ကျပ်တို့ နဲ့  discount ပေးပြီး ထိုးဖေါက်ပါတယ်။

အဆောင်နေကျောင်းသားများကလဲ နီးတာရယ်၊ ဈေးပေါတာရယ်တို့ ကြောင့် အဲဒီရုံမှာ အားပေးကြပါတယ်။
ဗီဒီယိုမပြခင်လဲ တရားဟောဆရာက သူတို့ဘုရားဆီမှာ ကျောင်းသားများအတွက် ကောင်းချီးတောင် အဆစ်တောင်းပေးပါသေးတယ်။ ကျောင်းသားများကလဲ သူ့ဟာသူ ဘာတောင်းတောင်း ဗီဒီယိုကြည့်ရရင်ပြီးတာပါပဲ။ သူ့ဟာနဲ့ သူ ဟာမိုနီ ဖြစ် နေတာပေါ့လေ။

ဒီလိုမေလ second term ဖွင့်စအချိန်၊ စနေနေ့ညနေတခုမှာ အဆောင်ဘေးကအုတ်ကန်နား ရေချိုးနေတုန်း ကျောင်းသားနှစ်ယောက် စကားပြောနေတာ အမှတ်တမဲ့ ကြားမိပါတယ်။

” ××–++ ဗီဒီယိုရုံမှာ Woman Warrior ဆိုတဲ့ကားပြမယ် …” တဲ့။ ရုံနာမည် မကြားလိုက်ပေမဲ့ စနေနေ့ ဖြစ်တာရယ်၊ ဒီလူတွေကလဲ ဘုရားကျောင်းရုံမှာတွေ့ဖူးသူတွေမို့ အဲဒီမှာပဲဖြစ်မယ်လို့ တွက်လိုက်တာပေါ့။ အဲဒီကားကလဲ မောင်လူပေတို့ ကိုကိုကာလသားများ စောင့်စားနေတဲ့ကား၊ သမ္မတရုံပိုစတာမှာ ဘိုမလှလှလေးတွေက အဝတ်တိုတွေဝတ်၊ သေနတ်ကြီးတွေကိုင်ပြီးပဲ”ပေးနေတာပဲမြင်ဖူးတဲ့ကားပါ။ ရေချိုးပြီးတာနဲ့  အခန်းဘေးက “ပြည်သား” ကို သူငယ်ချင်းကောင်းပီသစွာ သတင်းပေးလိုက်ပါတယ်။ သူကလဲ ရုံမတင်ခင်ကြည့်ရတော့မယ် ဆိုပြီး ကျေးဇူးတွေတင်လို့ ။ ဒီလိုနဲ့ ဘုရားကျောင်းမှာ Woman Warrior ပြမယ်ဆိုတဲ့ သတင်းထူးဟာ တဆောင်လုံးကို ပြန့် သွားပါတော့တယ်။

ညနေ ၆ နာရီခွဲလောက်မှာတော့ “ပြည်သား” ခေါင်းဆောင်တဲ့ အမာခံ ပရိသတ် ၆၀ လောက် ၇ နာရီပွဲအမှီ ရုံဆီကိုချီတက်ကြပါတယ်။ ကျွန်တော် မောင်လူပေကတော့ “ပဲခူးသား”က (ဘုရင်ကြီးနဲ့ဂဏန်းပေါင်း) ဖို့ ခေါ် ထားလို့ ပါမသွားခဲ့ပါ။ “ပြည်သား”တို့ကို ဘုရားကျောင်းစောင့်ကြီးက ဝမ်းသာအားရကြိုပါသတဲ့။ “ပြည်သား”ပြန်ပြောပြ တဲ့အတိုင်း နားဆင်ကြည့်ရအောင် …

“ကျွန်တော့်ကို သူက ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်ပြီး လူတွေအများကြီးလာမယ်မထင်ထားဘူးတဲ့၊ အခုမှ
ရောက်ဖူးတာလားတဲ့၊ စ နေပြီတဲ့။ ကျွန်တော်က အရင်ကလာဖူးတယ် ဆိုတော့ သူမမှတ်မိတာ ခွင့်လွှတ်ပါတဲ့။ စ တာစောတယ်နော်လို့ မေးတော့ အရင်လဲ ဒီအချိန်ပါပဲတဲ့။ သူနဲ့ ကိုယ် ဘုရားရှိခိုးပွဲနဲ့ ဗီဒီယို “လွဲ”နေတာ မရိပ်မိကြဘူး။ ကျွန်တော်က “Woman Warrior ပြနေတာ ဘယ်လောက်ကြာပြီလဲ” လို့ မေးလိုက်တော့မှ သူကြောင်သွားပြီး အတော်စိတ်ပျက်သွားတဲ့လေသံနဲ့ ကျွန်တော့လက်ကိုလွှတ်ကာ “ဘာကားမှ မပြပါဘူး ၊ ဘုရားရှိခိုးနေတာပါ” တဲ့။ ဘုရားကျောင်းတက်ဖို့ လာတဲ့သူတွေထင်လို့ တဲ့။ ကျွန်တော်ကလဲ ဗီဒီယိုလာကြည့်တာဖြစ်ကြောင်းသူ့ ကိုရှင်းပြရတာပေါ့။ ကျွန်တော့လိုရပ် စကားမပြောဘဲ ဘုရားကျောင်းထဲတန်းဝင်သွားသူတွေက အဆိုးဆုံးပဲ။ ထိုင်ခုံမှာ ဝင်ထိုင်ပြီးပြီမို့  ပြန်မထွက်ရဲတော့လို့  ရှက်ရှက်နဲ့ပဲ သူတို့ထိုင်ရင်ထိုင် သူတို့ထရင်ထနဲ့ တနာရီကျော် ဒုက္ခခံခဲ့ရပါသတဲ့။ သူတို့တွေက “ပြည်သား”လိမ်ခေါ်လာတာဆိုပြီးဝိုင်းဆဲကြတာပေါ့။ ကျွန်တော်ကလဲ “ဒီလူ ငါ့ကို သက်သက် ဒုက္ခပေးတာ၊ သူကျတော့ လိုက်မလာဖူး၊ ငါ့ကို ချောက်တွန်းတာ သေချာတယ် …” ဆိုပြီး ဒေါသထွက်လို့ ခင်ဗျားကို လိုက်ရှာနေတာ … တဲ့။”

“ပဲခူးသား” နဲ့ ဂဏန်းတွက်နေတဲ့ မောင်လူပေကို သူငယ်ချင်းတယောက်က “ပြည်သား” မင်းကိုထိုးမယ် ဆိုပြီး ရှာနေကြောင်း သတင်းပို့ရှာပါတယ်။ ဒေါသအိုးကွဲနေတဲ့ “ပြည်သား”ရဲ့  ဒေါသမာန်ဟုန်သိုင်းကွက်တွေ ထိပ်တိုက်
ရင်မဆိုင်ရဲလို့ မောင်လူပေလဲ ဘုရင်ကြီးအသာဘေးချပြီး ပညာရေးသက္ကသိုလ်ဝင်းထဲက နဝဒေးဆောင် မှာနေတဲ့ အီးမေဂျာက သူငယ်ချင်းထံမှာ ရှောင်လင်သိုင်းကွက်နဲ့  တညတာစတေးရှောင်ခဲ့ရပါတယ်။

နောက်တနေ့ “ပြည်သား” ဒေါသပြေလောက်မှ အဆောင်ပြန်ပြီး သူ့ကို ချော့မော့ကာ အကြောင်းစုံ မေးခဲ့
ရပါတယ်။  အဲဒီညမှာ အဲဒီကား တကယ်ပြခဲ့တာပါ။ ဘုရားကျောင်းနဲ့မဝေးလှတဲ့ အနောက်ကြို့ ကုန်းထဲကအိမ်ရုံမှာပါ။
ဒါကိုမသိဘဲ တလွဲတွေးပြီး လွဲခဲ့တဲ့ မောင်လူပေကြောင့် သူတို့တွေ ဒုက္ခရောက်ခဲ့ကြရရှာတာပါ။ ဒါကြောင့်လဲ
ဒီဖွဘုတ်ပေါ်က ဘော်ဒါများအားသက်သေထားလို့ ခံခဲ့ရတဲ့အဆောင်သားအပေါင်းအား ( ၂၈ နှစ် အကြာမှာ )
တောင်းပန်အပ်ကြောင်းပါ ခင်ဗျား ။ ။

(၁၉၈၃-၈၇ ပညာသင်နှစ်မှ အဆောင်နေကျောင်းသားများအား သတိရလျှက် …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts