>SUU 66, Tin Thiri – Poem

>

နွေ၏အဖြူ
တင်သီရိ
ဇွန် ၁၆၊ ၂၀၁၁


အေးချမ်းမြဲ ခရမ်းပြာ …
သည်ဗေဒါပွင့်တွေက
ဆံကေသာမှာ ယဉ်စွာပွင့်တဲ့ပြင်
‘‘ပြည်သူတွေကို ကျွန်မကလည်းချစ်ပါတယ်” တဲ့

ကမ်းဆင့်စကား ရေအလျဉ်မှာ
အကြင်နာ စေတနာဆင့်ပါလို့
ဉာဏ်ပညာ ဂုဏ်တင့် …
နှလုံးရည် ရဲရင့်မှုအသွေးအဆင်က
ပြည်သူ့ရင် ကြည်ရွှင်လန်းရုံသာမက
လမ်းပြမှု အလင်းဆောင်
မျှော်လင့်ခြင်းရဲ့ ကျောက်တောင်ပမာ
လူထုခေါင်းဆောင်မဟာ ….။
ပျံသန်းခြင်း ချိုးငှက်ပြာ
ငြိမ်းချမ်းပါရစေ … ငြိမ်းချမ်းကြပါစေ
“တွေ့ဆုံဆွေးနွေးရင်း ငြိမ်းချမ်းခြင်းမှာသာ အဖြေရှာကြစေလိုသတဲ့”

ပြည်သူ … ပြည်သူ … ပြည်သူ … လူသားတွေလေ
လူသားဂုဏ်အင်ရှိသမျှ
ကုလသမဂ္ဂပဋိညာဉ်အရ
လူ့အခွင့်အရေး ရ … ရမှာပေါ့ရှင်။
နိုင်ငံကောင်း ကြန်အင်လက္ခဏာ …
သတ္တိရှိသူတို့ရဲ့နေရာ …
ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်စေတနာ …
ပြည်သူ့နှလုံးသား မြကျောက်ဖျာထက်က
အားလုံးရဲ့ မိခင်မာတာ။

ရောင်စဉ်ဖြူ ကြည်လဲ့ပြာ
‘’အရာရာဟာ ပွင့်လင်းမြင်သာသင့်ပါရဲ့”..
တို့ပြေ … တို့မြေ … တို့မြန်မာပြည်မှာ …
တရားမျှတလွတ်လပ်ခြင်းက သွေဖည်ခဲ့ရ

ရိုင်းချင်တိုင်း ရိုင်းခဲ့တဲ့သမိုင်း
အမှောင်ချချင်တိုင်း ချ …
ခ၀ါချချင်တိုင်း ချ …
ပြည်သူ့မျက်လုံးနဲ့ နား ပိတ်ဖို့ ကြိုးစားကြ
စစ်ဝါဒီတို့ရဲ့ အတ္တများ …။
“မှားတာကို မှားတယ်လို့ ထောက်ပြရဲရမယ်
အားနည်းသူဘက်မှာ ရပ်တည်ရမယ်
အကြောက်တရားက လွတ်ကင်းအောင်နေကြရမယ် …
လူထုမှာ အခြေပြုရမယ် …
လူထုမှာသာ ခွန်အားအလုံးစုံရှိနေလေရဲ့”

ပြောင်မြောက်စွ စကားလုံးများ
ပြည်သူ့နားနဲ့မျက်လုံးများကို တောက်ပစေခဲ့ပြီ
ပြည့်ဦးနှောက်ကို ခွန်အားပြည့်ဝစေခဲ့ပြီ
ပြည့်နှလုံးသားကို နှလုံးသားနဲ့စကားဆိုခဲ့ပြီ …။

ဟုတ်ရဲ့ …
ဒါဟာ … ဒီမိုကရေစီ …
အမြုတေ အနှစ်သာရနဲ့
ပြည်သူ့အား ၀န်းရံချီ
နှလုံးရည်ခွန်အား
ခရမ်းပြာဗေဒါပွင့်နဲ့ ပျံသန်းမြဲ ချိုးငှက်ပြာ.
ရွှေဖြူရောင် ကြာတပွင့် …
ဒီမိုကရေစီ စာမျက်နှာသစ်တွေတိုင်းမှာ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts