ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ကောက်လိုက်ကြစို့…အတူတူ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၁၅၊ ၂၀၁၃

ယနေ့ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ နည်းပညာများ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ထိုတိုး တက်လာသော နည်းပညာ၏နောက်မှ ဘေးထွက်ဆိုးကျိုးများ တပါတည်း ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများထဲတွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟစနစ်များ ပျက်စီးစေနိုင်သော “အမှိုက်” ဟုခေါ်သည့် လူတို့အသုံးပြုပြီး စွန့်ပစ်ပစ္စည်းသည်လည်း အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနိုင်ငံအသီးသီးတို့တွင် နေ့စဉ်အမှိုက်တန်ချိန် မြောက်များစွာထွက်ရှိနေပြီး ထိုအမှိုက်များ ထဲတွင် မီးဖိုချောင်သုံးပစ္စည်းမှစ၍ ဓါတုစွန့်ပစ်အမှိုက်အထိပါဝင်သည်။ မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များ သည် အချိန်အနည်းငယ်အတွင်း ပျက်စီးဆွေးမြေ့လွယ်သော်လည်း အခြားသော လျှပ်စစ်စွန့်ပစ် ပစ္စည်း များဖြစ်သော မတော်တဆထိခိုက်၍ အသက်အန္တရာယ်ထိပါးစေနိုင်သော ဓါတ်ခဲအဟောင်းများ၊ မီးချောင်း၊ မီးချောင်းချုပ်၊ မီးလုံး၊ Electronic Circuit များအပြင် အဆိုးဆုံးမှာ ပလတ်စတစ် ကျွတ်ကျွတ်အိတ်ပင် ဖြစ်ပါသည်။ ပလက်စတစ်သည် သူ့သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်ရန်အတွက် အနည်းဆုံးနှစ်ပေါင်း (၄ဝဝ) ခန့်ကြာမြင့်သည်ဟု ပညာရှင်များဆိုကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် ပလက်စတစ်အသုံးပြုမှု လျှော့ချရေးလှုပ်ရှားမှုများ အလေးထား၍ ဆောင်ရွက်နေကြပြီ ဖြစ်သည်။ ထိုသို့လှုပ်ရှားဆောင်ရွက်နေကြသော လူမှုအကျိုးပြုအဖွဲ့အစည်းများထဲတွင် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးနှင့် စစ်ဘေးတို့အပြင် သဘာဝပါတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးနှင့် မြန်မာပြည်အဝှမ်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ဖြစ်အောင် ဗြဟ္မာစိုရ်တရားလက်ကိုင်ထားကာ ကူညီဆောင်ရွက်ပေးနေသော ကျွန်တော်တို့၏ နာရေး ကူညီမှုအသင်း(ရန်ကုန်)သည်လည်း တတပ်တအား ပါဝင်ခဲ့သည်။

 

၁၁.၅.၂ဝ၁၃ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးသော “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလူငယ်အဖွဲ့” အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်း သား/သူ (၄၆) ဦးတို့သည် ရန်ကုန်မြို့ လူစည်ကားရာနေရာဖြစ်သည် ပန်းဆိုးတန်းဆိပ်ကမ်း ဧရိယာ အတွင်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံဗောတံတားနှင့် အနီးပတ်ဝန်းကျင်များတို့တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော အမှိုက်များအား လိုက်လံကောက်ယူသိမ်းဆည်းခြင်း၊ တံမြတ်စည်းလှည်းခြင်း၊ အမှိုက် များ စနစ်တကျ ခွဲခြားထုတ်ပိုးခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် မြောက်ဥက္ကလာပမြို့နယ် လူစည်ကား သည့် မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီး ပတ်ဝန်းကျင်များတွင်လည်း အမှိုက်များကောက်ယူ သိမ်းဆည်းခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ယခုကဲ့သို့ လုပ်ဆောင်ကြရာတွင် မိမိတို့အနေ ဖြင့် အများပြည်သူတို့ထံမှ အားတက်ဖွယ်ရာ ရလာဒ်ကောင်းများကို မြင်တွေ့ကြားသိခဲ့ရပါတော့သည်။ ပန်းဆိုးတန်းဗောတံတားပေါ်တွင် ဈေးသည်အချို့သည် မိမိတို့အမှိုက်ကောက်၊ တံမြတ်စည်းလှည်းနေ သည်ကို တွေ့မြင်ကြသောအခါ ၎င်းတို့၏ ဈေးဗန်းအနီးရှိ ၎င်းတို့စွန်ပစ်ထားသော အမှိုက်များကို တာဝန် သိစွာ ပြန်လည်ကောက်ယူနေသည်ကို တွေ့မြင်ကြရသလို အချို့မှာ မိမိတို့စားပြီး လွှတ်ပစ်လိုက်သော ကျွတ်ကျွတ်အိတ် အမှိုက်များကို ချက်ချင်းပြန်လည်ကောက်ယူကာ အမှိုက်ပုံးထဲသို့ စနစ်တကျပြန်လည်၍ စွန့်ပစ်နေကြသည်ကို အားရကျေနပ်ဖွယ် တွေ့မြင်ခဲ့ရသည်။ အချို့သူများမှာတော့ အမှိုက်ကောက်နေ သည်ကို ပါဝင်ပူးပေါင်းလိုသော ဆန္ဒရှိသော်လည်း ၎င်းတို့၏စိတ်ထဲတွင် “သူတို့လုပ်နေတာမြင်မှ ငါ … ဝင် လုပ်မယ်ဆိုရင် ရှက်စရာ” ဟူသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ မည်သို့ ပင်ဖြစ်စေ ပူးပေါင်းပါဝင်လိုစိတ် ပေါ်ပေါက်ခဲ့ခြင်းပင် ကျွန်တော်တို့၏ မြန်မာလူမျိုးတို့သည် အခြားသော နိုင်ငံကြီးသားများထက် တာဝန်ယူလိုစိတ်မညံ့သော လူမျိုးများဟု တွေးမြင်မိတော့သည်။ “သဘာဝ ပတ် ဝန်းကျင်ထိမ်းသိန်းရေးနှင့် သန့်ရှင်းရေးလူငယ်အဖွဲ့” သည် နံနက် (၁ဝး၃ဝ) နာရီအချိန်၌ သန့်ရှင်းရေး အစီအစဉ်ပြီးဆုံး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး မိမိတို့သိမ်းဆည်းခဲ့သော အမှိုက်များအား မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင် သုဿန်အနီးရှိ အမှိုက်ပုံသို့ စနစ်တကျသွားရောက် စွန့်ပစ်ခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယခုကဲ့သို့ အမှိုက်များ လိုက်လံကောက်နေခြင်းသည် အချိန်များ ပိုလျှံနေ၍ အပိုအလုပ်လုပ်နေခြင်းမဟုတ်။ နိုင်ငံတော်အစိုးရမှ နိုင်ငံပိုင်မီဒီယာများမှတဆင့် စည်းကမ်းမဲ့စွာ အမှိုက်ပစ်ခြင်းကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့သည်မှာ ဆယ်စုနှစ် အတော်တော်များများ ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲ ထိရောက်မှုမရှိခဲ့ပေ။ ယခုကဲ့သို့ သော လူအများတို့၏ ယုံကြည်အားကိုးအားထားပြုနေသော အသင်းအဖွဲ့တစ်ခုမှ အမှိုက်ကောက်ခြင်းကို မြင်တွေ့ရသော ပြည်သူတစ်ဦး၏ အသိအမြင်သည် စည်ပင်သာယာမှ ဝန်ထမ်းတစ်ဦး ပင်ပန်းကြီးစွာ အမှိုက်သိမ်းနေသည်ကို မြင်နေသောအသိအမြင်နှင့် ကွာခြားလှပါသည်ဆိုလျှင် မိဘပြည်သူအများစုက လက်ခံကြလိမ့်မည်ထင်ပေသည်။ ထိုကဲ့သို့သော မတူကွဲပြားသည့် အတွေးအမြင်များ ပြည်သူများထံတွင် ရှိနေသည်ကို ကျွန်တော်တို့ ပထမဦးဆုံးအမှိုက်ကောက်သည့်နေ့မှာပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါ သည်။ ထိုသည်ကား ပြည်သူချစ်သော ပြည်သူ့အကျိုးပြု လူမှုအဖွဲ့အစည်းများအပေါ်တွင် အများပြည်သူ တို့၏ ယုံကြည်မှုကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့နေထိုင်ရာ ရန်ကုန်မြို့တော်ကြီးမှ အစပြု၍ မြန်မာနိုင်ငံတဝှမ်းတွင် ရှိကြကုန်သော လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲအစည်းအသီးသီး တို့သည်လည်း မိမိတို့နေထိုင်ရာ နေရာဒေသအသီးသီးတို့တွင် အမှိုက်များအား စနစ်တကျစွန့်ပစ်၍ အ မှိုက်ကင်းစင်သော မြို့တော်များဖြစ်လာစေရန် ဤကဲ့သိုသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းရပ်အား ပူးပေါင်းပါဝင်၍ လုပ်ဆောင်ကြမည်ဆိုပါက မကြာမီအချိန်ကာလတွင် မိမိတို့ နေထိုင်ရာတွင် အမှိုက်ကင်းစင်မည် မလွဲပေ။

အထူးသဖြင့် တစ်ခေတ်တခါက ပြည်သူတို့၏ ယုံကြည်ချစ်ခင်လေးစားအားကိုခြင်းကို သိမ်းပိုက်ခဲ့ ကြသည့် ပြည်သူ့ရင်မှဖြစ်သော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိမိနှင့် နီးစပ်ရာ လူမှုအဖွဲ့အစည်းများနှင့်အတူ ထိုမွန်မြတ်လှစွာသော လုပ်ငန်းရပ်ကြီးအား ပူးပေါင်းပါဝင် လုပ်ဆောင်ကြမည်ဆိုပါလျှင် ပိုမိုခရီးတွင်လိမ့်မည်ဟု ခံယူမိပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြ ခြင်းသည် မည်သည့်မီဒီယာကမှ နှိုးဆော်စရာမလို၊ မည်သူမျှတိုက်တွန်းစရာ မလိုအပ်ပါပဲ ပြည်သူအားလုံး ပါဝင်လာမည်ဖြစ်သည်။ ထိုသို့ အများပြည်သူ ပါဝင်လာခြင်းဖြင့် စည်းကမ်းမဲ့စွာ အမှိုက်ပစ်မည့်သူများ ရှိတော့မည် မဟုတ်သလို နောင်တွင်လည်း မိမိတို့ အမှိုက်ကောက်စရာလိုတော့မည် မဟုတ်ပေ။  ဤကဲ့သို့ သော လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲအစည်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီနိုင်ငံသစ်သို့ သွားရောက်ရာ လမ်းတလျှောက်တွင် သန့်ရှင်းသာယာလှပသော အမှိုက် ကင်းစင် သည့် မြို့တော်ကြီးများ ဖြစ်ပေါ်လာရေးအတွက် အားလုံးတက်ညီလက်ညီ ရှေ့သို့ချီကာ ပြည်သူ့ရှေ့ မှောက် အမှိုက်ကောက်ကြစေရန် ရည်ရွယ်၍ “ကောက်လိုက်ကြစို့ … အတူတူ” ဟူသော ခေါင်းစဉ်လေး ဖြင့် အမှိုက်ကင်းစင်ရေးအတွက် တပ်လှန့် နှိုးဆော်လိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts