>Burmese journal pieces on June 14

>

ကွန်ပျူတာရှေ့က ဆရာမများ၊ ဆရာများအတွက် နဲ့ ဖြတ်စများ
အဝေးကြည့်မှန်ပြောင်း-ရန်ကုန်

ဇွန် ၁၄၊ ၂၀၁၁


ဒေါက်တာ နေဇင်လတ် ပြောပြချက်ကို ဖတ်သင့်တာပေါ့။ သမ္မတကြီးရဲ့ အကြံပေး အရာရှိ ဘာတွေပြောသလဲ သိထားရမယ်လေ။



ဒေါက်တာ နေဇင်လတ် ပြောပြချက် (Messenger ဂျာနယ် ဇွန်လ ၆ ရက်နေ့)


မြန်မာပြည်သားတွေ အဆင်းရဲကြီးဆင်းရဲပါတယ်လို့ သမ္မတကြီးက ၀န်ခံပြောကြား –

ခုတလော ဂျာနယ်တွေဖတ်ရတာ နည်းနည်း စိတ်အဆာပြေလာသလိုပဲ.. ကန့်သတ်မှု တပုံတပင် ကြားထဲကဘဲ ရသလောက် နိုင်သလောက် ဖေါက်ထွက် ရေးသားလာနိုင်ကြတယ်လေ။ အကြောင်းအရာ တူ ကိုဘဲ မူကွဲအောင် ရေးပြ ထောက်ပြလာနိုင်ကြတယ်..။ ဒီလဆန်း ထဲမှာ ထွက်လာတဲ့ ဂျာနယ်နှစ်စောင် Envoy (2-6-11) ၊ Messenger (6-6-11) မှာ သိသာပါတယ်။


မစ္စတာ သမတကြီး သိန်းဂိန် က သူ့မိန့်ခွန်းမှာ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆောင် ရွက်ပေးမယ်လို့ ဆိုသွားတဲ့ အကြောင်း Envoy က တင်ပြသွားပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး နိုင်ငံအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပြောသွားတာပါ။ ( Workshop ကို အလုပ်ရုံဆွေးနွေးပွဲ လို့ဘယ်သူက မဆီမလျော် ဘာသာပြန်ထားတယ်တော့မသိပါဘူးဗျာ.. တကယ်ဆိုရင် မဆလခေတ်က ဒူးတိုက်ဆွေးနွေးပွဲ လို့ ပြောပုံမျိုးကမှ ခုထက် သာပါလိမ့်ဦးမယ်.. ဒါက ပညာရှင်တွေစဉ်းစားသင့်လို့ ကြားဖြတ် ပြောမိတာပါ..။)


ဒီအကြောင်းကိုဘဲ.. Messenger က ပုံစံတမျိုးနဲ့ စိးပွားရေးအကြံပေး ဦးဆက်အောင် ရဲ့ ချေးငွေ လုပ်ငန်း တမျိုးတည်းနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်လို့ မရနိုင်ကြောင်း ဥပမာ ဥပမေယျတွေနဲ့ ရှင်းပြခဲ့ တာကို တင်ပြသွားပါတယ်..။ လုပ်ချင်သူတွေ ကို အသိပေးတာ သတိပေးတာမျိုးပေါ့..။

ဒီ သတင်းနှစ်ပုဒ် ယှဉ်ပြီး ဖတ်ကြည့်ရင်.. အဆက်အစပ် ရှိရှိနဲ့ ဖတ်ရတဲ့သူ ကို ဆွဲဆောင်ပါတယ် လို့ ပြောပါရစေ။ နိုင်ငံ့အကြီးအကဲ နာမည် ယူထားတဲ့ ခတ်ညံ့ညံ့ ခေါင်းတလုံး က ထွက်လာတဲ့ ခေတ်မမီတော့တဲ့ စိတ်ကူးကို အရည်အသွေးမီ တခြားခေါင်းတလုံးက နိုင်ငံတကာ အတွေ့အကြုံတွေကို ထောက်ပြရင်း.. ထင်ရာကြဲလို့ဖြစ်ဘူးနော်လို့ လှန့်ချည်လေး ပေးလိုက်သလိုပါဘဲ..။

ဦးနေ၀င်းခေတ်တုန်းကတော့ အကြံပေးတွေက ငုတ်တုတ်ပါ.. သူလုပ်ချင်ရာ လုပ်သွားတာလေ။ ဒီတကြိမ်မှာလဲ မစ္စတာမောင်သိန်းဂိန်တို့အဖွဲ့ ဘယ်လိုများ လက်ခံ ကြမလဲ ဆိုတာ စောင့်ကြည့် ကြရပါဦးမယ်။

စာပေကင်းလွတ်ခွင့် VS စာနယ်ဇင်းကျင့်ဝတ် (Envoy 2-6-11)
သတင်းမီဒီယာတွေ အရေအတွက် များပြားလာချိန်မှာ သတင်းတိုက်ပွဲ အယူအဆ မတူညီမှု တိုက်ပွဲတွေနဲ့အတူ လွတ်လပ်စွာ သတင်း ရေးသားနိုင်မှုကလည်း အားပြိုင်လာပါတယ် ဆိုတဲ့ အကြောင်း ပြောရင်း စာနယ်ဇင်းသမားတို့ ဂလို အခြေအနေမျိုးမှာ ထားရှိသင့်တဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ နဲ့ပတ်သက်ပြီး ရှေ့ဖြစ်နောက် ဟောင်းကြောင်း ကျိုးဆက်စပ် ပြောပြ ဆွေးနွေးသွားကြတာတွေ ဖတ်ရမှာပါ။
ဖတ်ချင့်သဖွယ် ရေးထားတဲ့ ဆောင်းပါးတပုဒ်ပါ။ ဆရာကြီး ဖိုးသောကြာ၊ ရွှေကူမေနှင်း၊ စာရေးဆရာ ကြည်မင်း တို့ ဦးဆောင် ဆွေးနွေးသွားပါတယ်။


ငွေနံ့သင်းတဲ့တိုင်းပြည် Messenger -30 May 2011
လူကြီးသူမ ပြောစကား မှတ်သားဖူးတာက ဂျပန်ခေတ်တုန်းက ငွေကို ဂုံနီအိတ်နဲ့ သယ်ရသတဲ့။ ကျနော်တို့ ဖြင့် အံ့သြလို့ပေါ့..ငယ်ငယ် တုန်းက ပြောပါတယ်။ ခုတော့ ကိုယ်တိုင် ကြုံနေရပါပြီ..။ မြန်မာတွေက ခုထိ ဂျပန်ခေတ်ထဲမှာ ရှိတုန်းပေါ့..။ တကမ္ဘာလုံးမှာ ပျောက်ကွယ်လု ဖြစ်နေတဲ့ စနစ်ကို နိုင်ငံတော် အစိုးရမင်းများက ခုံမင်စွာ သုံးစွဲနေတာ ဆိုတော့ ရှေးထုံးလဲ မပယ်နဲ့ ဆိုတဲ့ စကားကို လိုက်နာတယ်လို့ဘဲ တွေးရတယ်။ ကိုင်း.. ငွေစက္ကူအဟောင်းအစုတ်တွေ ကိုင်ရလွန်းတဲ့ အကြောင်းရင်းကို ဗဟိုဘဏ် ဒု ဥက္ကဌ (ငြိမ်း) က ရှင်းပြနေတာများ နိုင်ငံခြားသား တယောက် ဖတ်မိမှာတောင် စိုးရရဲ့..။ “ငွေကို ကိုင်ပြီး သုံးတဲ့ ယဉ်ကျေးမှုက ကျွန်တော် တို့ဆီမှာဘဲ ရှိတော့တယ်” – တဲ့။ ဖတ်ကြည့်ပါဦးလား။


Messenger -30 May 2011
ဟန်ထွန်းက သူ့ကိုယ်သူ အရွယ်လွန်ပြီတဲ့.. ဒီနှစ်တွေထဲမှာ “ဟန်ထွန်း ဟေ့” ဆိုရင် သီချင်းကောင်းလေးတွေ ညည်းတတ်တဲ့ ဖြူဖြူ ပိန်ပိန်ပါးပါး နဲ့ တောင်ကြီးက လျောင်ကီး ဟုတ်ပေါင် အဆိုတော် လို့ အများ သိကြပါတယ်။ ထွက်တိုင်းပေါက်တယ် လို့ နာမည်ရသလေ။ ခုလည်း ခွေသစ်ထုတ်ဖို့ အင်တာဗျူးဖြေရင်း သူက အရွယ်လွန်အချစ် အကြောင်းကို ပြောပြသွားတာများ.. ယုံချင်စရာကို မရှိဘူးဗျာ..။



တောကဘွဲ့ရ ဆိုဘဲ.. (Messenger -6 June 2011)
ပညာခေတ်ကြီးလို့ အော်တဲ့သူတွေက အော်နေတဲ့ အချိန်မှာဘဲ တောကဘွဲ့ရ လူငယ်တွေ ဘယ်လိုတွေ ဖြစ်ပျက်နေကြတယ် ဆိုတာ.. ရှုဒေါင့်တမျိုးနဲ့တင်ပြထားတဲ့ ဆောင်းပါးပါ။ နည်းနည်း ရှည်ပေမဲ့ တကယ့်ဘ၀ကို ပေါ်လွင်အောင် ဖွဲ့ထားတာမို့ ဖတ်ကြည့်သင့်ပါတယ်။ ဘွဲ့ရ အလုပ်မရှိတဲ့ မြို့သားတွေလဲ စဉ်းစားစရာပေါ့။
ကွန်ပျူတာရှေ့က ဆရာမများ၊ ဆရာများအတွက်
နေ့တိုင်းနေ့တိုင်း ကွန်ပျူတာရှေ့ ကျောက်ချတဲ့သူတွေ ရောဂါကင်းစေချင်လို့ ဒါကို ကူးပို့ပေးလိုက်ပါတယ်။
good health ဂျာနယ် ဇွန် ၁ ရက်နေ့ထုတ်ပါ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts