>Aung way – Letters from Michigan – 72

>

မစ်ရှီဂန်ကပေးတဲ့စာ – ၇၂
အောင်ဝေး
ဇွန် ၁၂၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်း သာပါစ။ ရွှေပြည်ကြီးဆီမျှော်ငေး ကြည့်လိုက်တော့လည်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်း မိုးတိမ်တွေက ဆင်နေတုန်းပါပဲလား။

မြန်မာ့နိုင်ငံရေးကလည်း တဖက်မှာက အရပ်သား အစိုးရအသစ်အပေါ်၊ စစ်အာဏာရှင်စနစ် အဟောင်းရဲ့ အရိပ် ထိုးကျနေတဲ့ အမှောင်တကာ့ အမှောင်ထုကြီး။ တဖက်မှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲအ တွက်မဆုတ်မနစ် ချီတက်နေတဲ့ တိုင်းရင်းသား ပြည်သူ လူထု တရပ်လုံးရဲ့ မမှိတ်မသုန်အလင်း။

ကိုဒေါင်းရေ … အဲဒီအလင်းနဲ့ အမှောင်ကြားမှာ နိုင်ငံရေးရာသီဥတုကလည်း နွားရိုင်းသွင်းချိန် ဆိုတော့၊ အဲဒီလို ညီအကိုမသိတသိ ကာလမျိုးမှာ၊ ရန်သူလား မိတ်ဆွေလား၊ လူပင်လေလား တစ္ဆေလား၊ ကွဲကွဲပြားပြား ခွဲခြားရ ခက်ခဲတဲ့ အခြေအနေ မဟုတ်လား။

စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုသူ ဖိနှိပ်သူလူတစုရဲ့မတရားရက်စက် အကြမ်းဖက်လုပ်ရပ် အမှောင်ထုကြီးအောက်မှာ လျှောက်လှမ်းနေရတဲ့ နိုင်ငံရေး အခြေအနေက ညစ်ညစ်ထေးထေး နိုင်လွန်းလှပါရဲ့။ နေ၀င်ရီတယော ဖုန်တသောသော တိမ်တသောသော၊ ညီလော အကိုလော ခွဲခြားမသိတဲ့ အချိန်မျိုးဟာ မိတ်ဆွေ ရန်သူ ရုပ်လုံး မကွဲတတ်ပါဘူး။ မီးခိုးလား မြူခိုးလား မပီဝိုးဝါးတဲ့ အရိပ် အရောင်တွေကြောင့် စိတ်အာရုံမှာ ယိုးမှားနိုင်စရာတွေများတဲ့ အချိန်ပေါ့ ။

နိုင်ငံရေး ရာသီဥတုက မကြည်မလင် မှုန်မှုန်မှိုင်းမှိုင်း ရှိနေတဲ့ ကာလမျိုးမှာ ကျနော်တို့ဟာ ကိုယ့်အချင်းချင်းကိုတောင် တခါတခါ ယုံမှား သံသယ ၀င်တတ်ကြတယ်။ ရန်သူလို ထင်မိတတ်ကြတယ်။ တပြိုင်နက်တည်း မှာပဲ ကျနော်တို့အထဲက တချို့လူတွေက ကိုယ့်ကို အမှည့်ခြွေ ခြွေနေတဲ့ ရန်သူအပေါ်ကိုတော့ ယုံမှား သံသယမ ရှိ၊ ပကတိ ယုံလွယ်လွန်းနေကြပြန်ရဲ့ဗျာ။

ဘာကြောင့်များ ကျနော်တို့ဟာ ကျနော်တို့ အချင်းချင်းအပေါ်မှာ လာပြီး ယုံမှား သံသယတွေ ရှိနေကြရတာလဲဗျာ။ ဒီလို အချင်းချင်း သံသယရှိတာ မကောင်းဘူး ဆိုတဲ့ အသိတရား အတွေးအခေါ် ကျနော်တို့ကြားမှာ ဆိတ်သုဉ်း ပျောက်ကွယ်ကုန်ပြီလား။ ရဲဘော်ရဲ ဘက်စိတ်၊ တိုက်ဖော် တိုက်ဖက်စိတ်၊ သေဖော် သေဖက်စိတ် ဆိုတဲ့ စမ်းရေအလျဉ်က တသွင်သွင် မစီးနိုင်ဘဲ၊ ယုံမှားခြင်း၊ သင်္ကာ မကင်းခြင်း၊ နောက်ကျော ဓားနဲ့ထိုးခြင်း စတဲ့ ရေမြောင်းပုပ်တွေကပဲ တသွင်သွင် စီးနေလေရော့သလား။

ကိုဒေါင်းရေ … ညစ်ထေးထေး နိုင်ငံရေးထဲက နာကြည်းခံခက်စရာ လို့ပဲ ဆိုပါတော့။ ရွှေဝါရောင် တော်လှန်ရေးကြီး အပြီးမှာ ကျနော် ထိခိုက် ခံစားခဲ့ရတာလေး ပြောပြပါရစေ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကြီး ကို နအဖ စစ်အစိုးရက ရက်ရက် စက်စက် ဖြိုခွဲ နှိမ်နင်းပြိးစ၊ သံဃာတွေရဲ့သွေးတွေ မခြောက်သေးတဲ့ အချိန်၊ မစ္စတာဂမ်ဘာရီကြီး မြန်မာပြည် ရောက်လာတဲ့အချိန်၊ သူခိုးက လူပြန်ဟစ်တဲ့ အဖြစ်မျိုးပဲ ကိုဒေါင်း။ မြင်းခြံ -တောင်သာဘက်ကစလိုက်တဲ့ ရွှေဝါရောင် တော်လှန်ရေးကို အပုပ်ချတဲ့၊ ရှုတ်ချတိုက်ခိုက်တဲ့ တန်ပြန် ဆန္ဒပြပွဲတွေဟာ၊ နအဖ စစ်အစိုးရ စနက်နဲ့ အနယ်နယ်အရပ်ရပ်ကနေ၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား နယ်မြေတွေ အထိ၊ စစ်အာဏာရှင် အလိုကျ ထွက်ပေါ်ခဲ့တယ် မဟုတ်လား။

မစ္စတာဂမ်ဘာရီကြီး မြန်မာပြည် ဘယ်နှစ်ခေါက်လာလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်နှခေါက် တွေ့ခဲ့သလဲ ဆိုတာတော့ ကျနော်လည်း မမှတ်မိတော့ဘူး။ မှတ်မိသလောက်၊ တခေါက်မှာတော့၊ သူ မြန်မာပြည်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည် ပါးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို စင်ကာပူ လေဆိပ်မှာ မစ္စတာ ဂမ်ဘာရီ ဖတ်ကြား ကြေညာခဲ့တယ် မဟုတ်လား။

အဲဒီစင်ကာပူကြေညာချက်ထဲမှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပတ်သက်လို့လည်း သူ့မှာ အပြည့်အ၀ တာဝန် ရှိပါတယ်လို့ ရိုးရိုးသားသား ၀န်ခံထားတာပါတယ် မဟုတ်လား။

အဲဒီစင်ကာပူကြေညာချက်ကို ကျနော်တို့က ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြတဲ့ အချိန်မှာ၊ အပစ်ရပ် (တိုင်းရင်းသား) ခေါင်းဆောင်ဆိုသူတချို့ (အားလုံးကို မဆိုလိုပါဘူး) သူတို့က ဒေါ်အောင် ဆန်းစုကြည်ရဲ့ သဘောထားကို ဆန့်ကျင်ခဲ့ကြ၊ ကန့်ကွက်ခဲ့ကြတယ် မဟုတ်လား။ ကျနော်တို့ နားမလည်နိုင် ဖြစ်ခဲ့ရတယ် ကိုဒေါင်း။

အခုအချိန်ဟာ ပြည်တွင်းမှာ လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက၊ တိုင်းရင်းသား လူမျိုးပေါင်းစုံက ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့ပြင် ဆင်နေကြတဲ့ အချိန်။ ကျနော်တို့ ဆရာ ဦးဝင်းတင် စကားနဲ့ ပြောရရင် ခြင်္သေ့အရေ ခြုံထားတဲ့ မြေခွေးက ကျားအရေ ပြောင်းခြုံသလို၊ စစ်အစိုးရကနေ အရပ်သား အစိုးရ ဆိုတာကို ပြောင်းတဲ့ အချိန်။ ဒီအချိန်မှာ ကျနော်တို့ လိုနေတာက၊ ရှစ်ဆယ့်ရှစ်ခွပ်ဒေါင်း စိတ်ဓာတ်တင်မဟုတ်၊ ၂၀၀၇ ရွှေဝါရောင်စိတ်ဓာတ်တင် မဟုတ်။ ကျနော် တို့ဒီနေ့ အမှန်တကယ် လိုအပ်နေတာက၊ ၄၇ ပင်လုံစိတ်ဓာတ်၊

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ ပင်လုံစိတ်ဓာတ်။ အဲဒီ ပြည်ထောင်စု ၀ိညာဉ်ကိန်းအောင်းနေတဲ့ မဟာစိတ်ဓာတ်ပဲ မဟုတ်လား ကိုဒေါင်းရေ။

အားလုံးကို သတိရလျက် …
အောင်ဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts