>Mar Mar Aye – 384

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် –အမှတ် (၃၈၄)
တ၀ဂူမှ ဂီတ
မာမာအေး
ဇွန် ၁၁၊ ၂၀၁၁
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေး ရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပတ်က ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်းရဲ့ ပထမဆုံးရေးတဲ့ “တ၀ဂူမှဂီတ” ၀တ္ထု လေးကိစ္စမှာ နားထားခဲ့တာနော်။ ဂီတဖက်ကို ကျော်ချထားဦးမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါဆို ကြားမှာပြောဖို့တွေ ချန်ထားသေးတယ်ဆိုတာ သိမှာပေါ့နော။ အဲဒီ “တ၀ဂူမှဂီတ”ဆိုတဲ့ အိပ်မက်ရ၀တ္ထုက လာဘ်ကောင်းတဲ့စန်း ရှိတယ်လို့ထင်မိတဲ့အကြောင်း ပြောကြည့် ချင်တယ်ရှင့်။ သူ့ကိုဖတ်လိုက်တာနဲ့ ကြိုက်ချင် သွားတာမျိုး၊ ဇာတ်ကွက် ကလေးထုတ်ရင် ဟုတ်သွားမှာ ဘဲဆိုတဲ့စိတ်ကူးမျိုး ပေါက်သွားကြ တာကိုေ ထာက် ပြီး စန်းရှိတယ်လို့ပြောတာပါ။

ပဒေသာမဂ္ဂဇင်းကအယ်ဒီတာ ကိုသန်းဆွေအဖြစ်ကိုကြည့်၊ အောင်ဗလငယ်နဲ့ လေသွေးကြရင်း၊ ကိုယ့်ရောင်း ရင်းမှာ ၀တ္ထုအပိုကလေးတပုဒ် ရှိတာကိုသိတာနဲ့ အိမ်လိုက်ယူ၊ ကြိုက်သွားတော့ ချက်ချင်းအတွင်းပန်း ချီတွေ ဘာတွေနဲ့ တခန်းတနား မဂ္ဂဇင်းမှာ တင်လိုက်တာဖြစ်ပါတယ်။


အဲဒီခေတ်ဆီက တည်တည်ငြိမ်ငြိမ် စာအုပ်နဲ့ ဇိမ်ရစ်နိုင်တဲ့အချိန်၊ ဒီကနေ့လို စာအုပ်စာပေ ဒင်းကျမ်းထွက် မနေပါဘူး၊ စာရေး ဆရာတယောက် ထွန်းတောက်ဖို့ ကိုယ်ရေးတဲ့စာ မဂ္ဂဇင်းတွေ မှာ ပါဘို့ဆိုတာကလည်း တကယ်အရည်အချင်းပြည့် အယ်ဒီတာကြီး များက တည်းဖြတ်လွှတ်ပေးမှသာ ပါနိုင်တာ ဖြစ်မြောက်နိုင် တာပါရှင်။

“လှပြီဆိုလျှင် လူမြင်သည်” ဆိုတာလိုပေါ့၊ အောင်ဗလ၀တ္ထုလေးကို ဇာတ် အမြင်နဲ့ ခွင်ချလိုက်တော့ ၀င်းဝင်းရုံက ပြဇာတ်စင်ပေါ် ရောက်သွားပြန်ရော၊ အဲဒီငွေမဖောင်းပွသေးတဲ့ခေတ်မှာ မာအေးတို့ အကိုလေးေ ခ်ါတဲ့ ပြဇာတ်ဒါရိုက်တာကျော် ဗိုလ်ကလေးတင့်အောင်က (၇၅၀ိ/) ခွန်နှစ်ရာနဲ့ငါးဆယ် ဇာတ်လမ်းယူ သုံးတဲ့မူ ပိုင်ကြေး ပို့ပေးသတဲ့။

အဲနောက်တော့ ရုပ်ရှင်မင်းသားချော တက်သစ်စ ၀င်းဦးနဲ့ “မင်းထင်ရွှေမှုန်”ဆိုတဲ့ ရာဇ၀င်ကားမျိုး ရိုက် လို့ ကြော်ငြာထုတ်တဲ့အခါ “တ၀ဂူဇာတ်လမ်း” အများရှိတဲ့အနက်က တခုကိုရိုက်ကူးတယ်လို့ ပါလာတာကိုး။ ဆရာအောင်ဗလက ဒါကို စာမူခ မပေးချင်လို့ ကြေငြာတယ်ထင်လို့ ဘယ်သူ့စာမူကို ရိုက်ကူးတယ်ဆိုတာ တရားဥပဒေအရ မရှင်းရင် အဲဒီ မင်းထင်ရွှေမှုန် ရုပ်ရှင်ကားကို ရုံတင်ခွင့်မပြုဘဲ ဥပဒေအရ အရေးယူမယ်လို့ သတင်းစာကနေ ကြေညာလိုက်တယ်တဲ့ရှင်။

နောက်တနေ့မနက် (၈)နာရီလောက်ကျတော့ အပျံစားဝတ်ချလာတဲ့ အမျိုးသမီးတဦး ရောက်လာဆွေးနွေးေ တာ့ သတဲ့။ ဆရာသောင်းက ငွေလိုချင်လို့ မဟုတ်ပါဘူး။ မူလစာရေးတဲ့သူကို အလေးမထားတာမျိုး မဖြစ်အောင်လုပ်ခဲ့တဲ့အကြောင်း တည်ဆောက်နေဆဲ “စာရေးဆရာ သတင်းစာဆရာများ အသင်းကြီး”ကို ရံပုံငွေကျပ်နှစ်ထောင် လှူမယ်ဆိုရင် ရုပ်ရှင်ပြခွင့် ပြုပါ့မယ်လို့ ပြောတဲ့အခါ ချက်ခြင်းဘဲ ငွေနှစ်ထောင်လှူတဲ့ ချက်လက်မှတ်တစောင် ရေးပြီးလှူသွားပါတယ်၊ ဒါရိုက်တာရဲ့ ဇနီးလို့ဘဲ ပြောခဲ့သတဲ့ရှင်။

အဲဒီအမျိုးသမီးပြန်သွားလို့ ကိုးနာရီသာသာလောက် အရောက်မှာ ဒါရိုက်တာ့ဇနီးပါလို့ပြောပြီး ဟိုအမျိုးသမီး လိုဘဲ အလှအပစတိုင်ကျတဲ့ အ၀တ်အပျံစားတွေ ၀တ်ထားတဲ့ တယောက်ထပ်လာတွေ့ပြန်တယ်တဲ့။ ကျမတို့ ဘာလုပ်ပေးရမလဲလို့ မေးပြီး အလှူငွေ ထည့်ပေးသွားပြန်တာဘဲတဲ့။ ဟဲ ဟဲ အဲဒီဒါရိုက်တာ ဟာ မြာအတော်ပေါ မယ်ထင်တယ်။ အကုန်သာလာတွေ့လို့ကတော့ ထပ်ရဦးမှာပေါ့ လို့ ပြောပြတုန်းက မာအေးတို့ ၀ါးလုံးကွဲ ရယ်ခဲ့ရ တယ်။

“ပုဂံမြို့ဟောင်းတနေရာ”လို့ခေါ်တဲ့ သီချင်းကလည်း အောင်ဗလရေးတဲ့ “တ၀ဂူမှဂီတ”၀တ္ထုရဲ့ ဇာတ်ကြောရိုး မျိုးဘဲ ဖြစ်နေပါတယ်၊ ဒါကြောင့်မို့လို့ သီချင်း ယူရေးတဲ့ ဂီတစာဆိုကိုကျော့မှုးကို ဆရာသောင်းေ ခါ် အောင်ဗလက စာမူရှင်ကို အသိမပေးတာအတွက် တိုက်ပွဲဝင်မှဖြစ်မယ်လို့ ဆုံးဖြတ်ပြီးတော့ စာရေးဆရာအ သင်း အတွင်းရေးမှုး ကိုခင်မောင်ရီဆီကို ဖုန်းဆက်တာပေါ့လေ၊ အဲဒီကိုခင်မောင်ရီဆိုတာ ဆရာစိန်ခင်မောင်ရီ ဆိုတဲ့ စာသမားကြီး ဖြစ်လိမ့်မယ်ထင်ပါရဲ့ရှင်။ သူက ရီသတဲ့ ရှင့်။ ပြီးတော့မှ သူအခွင့်ပေးလိုက်တာပါ လို့ ပြော ပါသတဲ့။ ဆရာသောင်းက “ဘယ်လောက်ရလို့လဲ”လို့မေးမှ ပြန်ရတဲ့စကား ကြောင့် “ဖြစ်မှဖြစ်ရလေ”ဟု ညည်း မိလေ၏– အဟိအဟိ ဖြစ်မိသွားသတဲ့၊ ကိုခင်မောင်ရီဖြေတဲ့စကားကိုလည်း နားထောင် လိုက်စမ်းပါဦး၊ “တပုလင်းထဲပါ၊ အားလုံးဝိုင်းဖွဲ့သောက်ကြလို့ အိတ်ထဲကတောင် ပါသွားသေးတယ်”တဲ့။ ဘယ်လောက်သင်း တဲ့ ရောင်းရင်းတွေလည်း။

နန်းတော်ရှေ့ကြီးရဲ့သား မင်းသားရွှေနန်းတင်ကလည်း ဒီတ၀ဂူ ဇာတ်ကို ပြဇာတ်ကတယ်တဲ့။ အောင်မြင်တယ်။ လူကြိုက်တယ်။ ပုဂံမှာ တ၀ဂူ လိုက်ရှာတဲ့သူတွေရှိကြောင်း သတင်းတွေကလည်း ကြားရတယ်။ တ၀ဂူစေ တီတွေ ပုဂံမှာ အများ ရှိမှာပေါ့နော်။ ဒါကြောင့် တယောက်သောသူက တဆူသော တ၀ဂူစေတီလေးတဆူမှာ ဒီသီချင်းထဲက တ၀ဂူဟာ ဒီစေတီပါဘဲ ဆိုတဲ့သဘော စာရေးသွား တယ်ဆိုဘဲ။ အဲဒီလို .. အဲဒီလိုေ တွ ဖြစ်လာသိလာလို့ မာအေးက ဒီဝတ္ထုမှာ စန်းရှိတယ်လို့ ပြောမိတာပေါ့ရှင်။ ဦးလေးသောင်းကတော့ အိပ်မက်ထဲက အကြောင်းမို့ ရှင်းမနေတော့ဘူးတဲ့။ ဒါကြောင့်မာအေးက ပြောဖြစ်ဖို့ ခွင့်တောင်း လိုက်ပြီး ပြောပြတာပါ။ သီချင်း တပုဒ်ကိုကြိုက်ရင် ဇာတ်လမ်းနောက်က လိုက်စမြဲဘဲ။ ပရိတ်သတ်မှာ ကိုယ်ပိုင် ဇာတ်လမ်း ထွင်တတ်တဲ့ ဉာဉ်ရှိတာဘဲ။ တကယ့်အဖြစ်ထက် စိတ်ကူးယဉ်က တခါတလေ ပိုပြီးစိတ်ဝင် စားစရာ ကောင်းတယ်ရှင့်။ ဦးလေးမှာလည်း ဒီသဘော တွေးတာမျိုးရှိပါတယ်၊

ကဲ ချစ်သောဂီတပရိသတ်တို့ ကြေးမုံဦးသောင်း၊ အောင်ဗလရဲ့ တ၀ဂူ ထိုးဇာတ်ကလေး ကျင်လည်သွားတဲ့ အနုပညာ ရပ်ကွက်တွေမှာ ဘာတွေကြုံခဲ့သလဲဆိုတာ သိပြီပေါ့နော်။ ထိုးဇာတ်ဆိုတာ တကယ့် ဖြစ်ရပ် မဟုတ်တာကို ဟုတ်တယ်ထင် အောင် ထင်ဆက်တဲ့ ဟာမျိုးကို ပြောတာဖြစ်တယ်လို့လည်း သတိထား လိုက်ပေါ့။ ဟိုနေ့က သီချင်းလေး သိရအောင် အဆိုတပုဒ် အရင်နားထောင်စေခဲ့တာဘဲ။ အခု ဒေါ်တင်တင်မြ အပြောလေးနဲ့တွဲပြီး နဲနဲနားထောင်ပါဦးလား။

** (ပုဂံမြို့ဟောင်း တနေရာမှ— တင်တင်မြ စကားနှင့် အဆို)
(စကား) တသက်မှာတခါကြုံ ဒဏ္ဌာရီ ပုံပြင်ဆန်နိုင်လွန်းပါဘိရှင်။ ကေသရာဇာခြင်္သေ့မင်းတို့ရဲ့ အဆီအသွေး ဟာ သိဂီရွှေခွက်နဲ့သာ တင့်တယ်စမြဲမို့ ပဒေသရာဇ်မင်းသွေး ထိပ်ထားလေးဟာလည်း စောင်းအိုလုင်နဲ့ဖြင့် မတူမတန်ဘူးဆိုပြီး ဘုရင်ကြီးက အယူသန်နေ လေတော့ တခါဖြင့် ခက်ရှာပြီပေါ့။ ရာဇဂုဏ်မောက်တဲ့ မင်းဟာ ဒီနေရာမှာတော့ ရင်သွေးဆိုတာတောင်မှ သတိမရနိုင်အောင် ဒေါသ မီး တောက်လောင်ပါလေရော။ တ၀ဂူဆို တဲ့စေတီမျိုးကလည်း အပေါက်ဝ တခုတည်းသာရှိတာ ကလား။ အဲဒီ့တခုတည်းသာရှိတဲ့ အပေါက်ဝကို အုတ်တချပ်စီ-စီပြီး ပိတ်လိုက်တဲ့အခါ ဂူအတွင်းမှာ ရှိနေရှာတဲ့ ချစ်သူနှစ်ဦးခမျာမှာ ဘယ်တော့မှ မခွဲခွာတဲ့ သီးသန့် ကမ္ဘာလေးထဲမှာဘဲ အမြဲတမ်းနေသွားရရှာသတဲ့။ ဘယ်လောက်များ အသဲနာစရာ ကောင်းလိုက်ပါ သလဲရှင်။

(သီချင်း) နေလိုလလို ဘုန်းသမ္ဘာအရင့်အမာ ငါလိုမင်းရဲ့ သမီးတော် ထိပ်ထားကလျာ စောင်းအိုလုင်နဲ့မှညား x x x ဒေါသူပုန်ပွားကာ အုတ်ချပ်စီကာ တ၀ဂူကိုသာ ပိတ်လေသောအခါ အတွင်းက ကမ္ဘာချစ်သူနှစ်ဖြာ တူမောင်မယ်မခွဲမခွာ အော် … အသဲ …. အသဲနာ x x x x

ဘီဘီစီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts