>NDF Reps met with State PM from Rangoon

>

အန်ဒီအက်ဖ် ခွဲထွက်အဖွဲ့ဝင် ကိုယ်စားလှယ်များ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၇ ရက်၊ ၂၀၁၁
သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် အပါအဝင် အန်ဒီအက်ဖ်ပါတီမှခွဲထွက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်စုက ရန်ကုန်တိုင်း အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက် အရသိရှိရသည်။
တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင် ဦးသိန်းညွှန့်၊ ဦးဖုန်းမြင့်အောင် အပါအဝင် အန်ဒီအက်ဖ် ပါတီမှ ခွဲထွက်ခဲ့သည့် ကိုယ်စားလှယ်များပါဝင်ခဲ့သည်ဟု သိရှိရပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များက ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ထားရေးကိစ္စ၊ ရန်ကုန်မြို့ ရေမြောင်းများ ရေလျှံသည့် ကိစ္စ၊ ရန်ကုန်မြို့ စာသင်ကျောင်းများမှ စာမေးပွဲ မေးခွန်းကိစ္စ၊ ကျောင်းဝင်ခွင့်အတွက် လာဘ်ငွေပေးရသည့် ကိစ္စနှင့်အမှိုက်သိမ်းစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို တင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့တော်ဝန် အသစ်ဖြစ်သူ ဦးလှမြင့်လည်း ပါဝင်ပြီး ရန်ကုန်မြို့ အမှိုက်သိမ်းစနစ် အကြောင်းနှင့် ပတ်သက်ပြီးပြောဆိုရာတွင် နှစ်အတန်ကြာ ရပ်ဆိုင်းထားသည့် အမှိုက်ကားဖြင့် တလမ်းဝင်တလမ်းထွက် အမှိုက်သိမ်းစနစ်ကို ပြန်လည်စတင်နေသည်ဟု မြို့တော်ဝန် အသစ်က ပြောဆိုခဲ့သည်။ ထို့ပြင် မြို့တော်ဝန်က မိမိတို့ စေတနာရှိသလောက် လုပ်ပေးလျင် တစ်နှစ်စာ အသုံးစရိတ်မှာ လပိုင်းအတွင်း ကုန်သွားဖို့သာရှိသည်ဟု ပြောဆိုခဲ့ပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မီတီအနေဖြင့် တိုးမြှင့်ကောက်ခံရန် အထက်သို့ တင်ပြသော်လည်း နှစ်အတန်ကြာကပင် ခွင့်မပြုခဲ့ဟု လည်းပြောဆိုသည်ဟု သိရှိရသည်။
သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် (ကော့ကရိတ်) အနေဖြင့် သူရွေးချယ်ခံရသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ရေ၊ မီး မရသည့် ကိစ္စ၊ အုပ်ချုပ်ရေး နှင့် ရုံးကိစ္စရပ်များတွင် အခက်အခဲရှိပါက သူ့အား လာရောက် ပြောဆိုနိုင်ကြောင်းနှင့် သူ့အနေဖြင့် လိုက်လံဖြေရှင်းပေးမည်ဟု လွန်ခဲ့သည့် လအနည်းငယ်က မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts