>Stray Dogs in Mawlamyine threaten safety of residense

>

ကလေးငယ် လမ်းဘေးခွေးများ ၀ိုင်းကိုက်ခံရပြီးနောက် ခွေးနှိမ်နှင်းရေးများ မော်လမြိုင်မြို့တွင် ပြုလုပ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၊ ၂၀၁၁
လွန်ခဲ့သည့် ၂ ပတ်ဝန်းကျင်က မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ်တွင် ၄၊ ၅နှစ် အရွယ်ကလေးငယ်ကို လမ်းပေါ်တွင် ကျက်စားလေ့ရှိသည့် ခွေးအုပ်က ၀ိုင်းကိုက်ခဲ့သဖြင့် ကလေးငယ်မှာ ဆေးရုံရောက်သည်အထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအခါ မော်လမြိုင်မြို့၌ ခွေးနှိမ်နှင်းရေးများ ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။
ထိုစဉ်က ကလေးငယ်မှာ အခြားကလေးဖေါ် တစ်ဦးနှင့်အတူ လမ်းလျှောက်လာစဉ် ခွေးအုပ်က ၀ိုင်းကိုက်သဖြင့် အသက် ၈ နှစ်ရွယ် ကလေးဖေါ်မှာ ထွက်ပြေးနိုင်သော်လည်း ၄၊ ၅ နှစ်ရွယ်ကလေးမှာ ကျောကုန်း၊ ရင်ပတ်နှင့် လက်များတွင် ခွေးကိုက်ဒဏ်ရာများရ ရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်နေထိုင်သူ တစ်ဦးက မိုးမခ သို့ပြောသည်။
ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် မော်လမြိုင်မြို့ စည်ပင်သာယာအဖွဲ့က အဆိပ်ထည့်ထားသည့် အသားတုံးဖြင့် လမ်းပေါ်ရှိ ခွေးများကို နှိမ်နှင်းလျက်ရှိပြီး လမ်းပေါ်မှ ပိုင်ရှင်မဲ့ခွေးများကို ကာကွယ်ပေးထားသူ၊ ဖွက်ထားသူရှိပါက အရေးယူခံရမည်ဟုလည်း အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု အဆိုပါရပ်ကွက်ခံက ပြောပြသည်။
မော်လမြိုင်မြို့တွင် လမ်းပေါ်တွင် ကျက်စားသည့် ပိုင်ရှင်မဲ့ ခွေးများပေါများလွန်းသဖြင့် ဆိုင်ကယ်စီးသူများ မကြာခဏ တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ဒဏ်ရာရလေ့ရှိသည့် အတွက်ဆိုင်ကယ်စီးရာတွင် ခွေးကို အလွန် သတိထားရသည် ဟု အသက် ၄၅ နှစ်အရွယ် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ မကြာမီရက်ပိုင်း ကပင် ဆိုင်ကယ်ဖြင့် သမီးကျောင်းကြိုပြန်လာသူတစ်ဦး ခွေးကို တိုက်မိပြီး တိမ်းမှောက်ကာ ပွန်းပဲဒဏ်ရာများရပြီး ရက်အနည်းငယ်အကြာတွင် ဦးနှောက် အတွင်း ထိခိုက်မှုရှိခဲ့သဖြင့် အကြောဆွဲသည့် လက္ခဏာများ ပြသလာပြီး ရန်ကုန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည့် အဖြစ်လည်း ရှိသည်ဟု ဆွေမျိုးသားချင်း တဦးကပြောပြသည်။
မော်လမြိုင်မြို့သာမက ရန်ကုန်မြို့တွင်လည်း ပိုင်ရှင်မဲ့ ခွေးပေါများလွန်းပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆူညံမှု တို့ဖြစ်စေသည်ဟု ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ မကြာသေးမီက ၀က်ဆိုက် သတင်းဖေါ်ပြမှု တစ်ခုတွင် ရန်ကုန်မြို့တွင် ခွေးကောင်ရေ ၁ သိန်းရှိသည်ဟု ဖေါ်ပြထားပြီး လူဦးရေ ၆ သန်းနီးပါးရှိသည့်  အတွက် လူ ၆၀ လျင် ပိုင်ရှင်မဲ့ ခွေးတကောင်နှုန်း ရှိသည့်သဘောလည်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts