>Street Vendors restricted from the streets again …

>

မြို့တွင်း လမ်းဘေးပလက်ဖောင်းဈေးသည်များ ရှင်းလင်းပြန်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၊ ၂၀၁၁
မကြာခဏ လမ်းဘေးဈေးသည်များအား အချိန်ကန့်သတ်ခြင်း၊ နေရာကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ရာမှ အစိုးရသစ်တာဝန်ယူပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းဘေးဈေးသည်များအား ဆိုင်ခင်းချိန်ကန့်သတ်ချက် ထွက်ပေါ်လာသည်။
ဇွန်လ ၁ ရက်နေ့မှစပြီး ရန်ကုန်မြို့တွင်း မြို့နယ်များရှိ လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းဈေးသည်များ ညနေ ၃ နာရီကျော်မှ စတင်ရောင်းခွင့်ပြုမည်ဟု အသိပေးထားပြီး ယနေ့နံနက် ရန်ကုန်မြို့တွင်းရှိ လမ်းများတွင် ရှင်းလင်းလျက်ရှိသည်ကိုတွေ့ရသည်။
ဧပြီလ အစိုးရသစ်အာဏာလွဲယူပြီးနောက် ရန်ကုန်မြို့တော်ဝန် ရာထူးကိုလည်း ဦးအောင်သိန်းလင်းမှ ဦးလှမြင့် (အငြိမ်းစား ဗိုလ်မှူးချုပ် ) အားတာဝန်ယူစေခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တွင်လည်း ယခင် ကစထမှူးဟောင်း ဦးမြင့်ဆွေ ( အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) က ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
လမ်းဘေး ဈေးသည်များ မိုးလင်းမှ ညမိုးချုပ်ထိ လမ်းဘေး ပလက်ဖောင်းများတွင် ရောင်းချခြင်းကြောင့် လမ်းသွားလမ်းလာများအနေဖြင့် ကားလမ်းမပေါ် တက်လျှောက်ရပြီး ယာဉ်အန္တရာယ်ဖြစ်စေခြင်း၊ လမ်းဘေး ဈေးသည်များမှ စွန့်ပြစ်သည့် အမှိုက်များကြောင့်လည်း ပတ်ဝန်းကျင် သန့်ရှင်းရေးထိခိုက်စေသည့် အကျိုးဆက်များ ဖြစ်ပေါ်စေသည်ဟု စည်ပင်သာယာရေးနှင့် အုပ်ချုပ်သူ အာဏာပိုင်များက ပြောသည်။
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် မဟာဗန္ဓုလလမ်းတွင် ဒီဗီဒီ ရုပ်ရှင်ခွေရောင်းသူက
“ညနေ ၃ နာရီမှရောင်းရမယ်ဆိုတော့ ၀င်ငွေတော့လျော့သွားမှာပေါ့၊ လုံးဝမရောင်းရတာနဲ့ စာလျင်တော့ တော်သေးတယ်လို့ ဆိုရမယ်”
ဟုပြောသလို ထိုလမ်းပေါ်တွင် ဂျာနယ်ရောင်းသူတစ်ဦးကတော့
“ကျွန်တော်တို့ ဂျာနယ်ရောင်းတဲ့သူက ညနေ ၃ နာရီဆို အဆင်မပြေဘူး။ မနက်ပိုင်းတော့ လမ်းကြားထဲဝင်ရောင်းပြီး အဲဒီအချိန်ကျမှ လမ်းမကိုထွက်ရမယ် ထင်တယ်၊ အစိုးရအသစ်က လမ်းဘေးဈေးသည်တွေကို ပေးတဲ့ လက်ဆောင်ပေါ့”
ဟုပြောသည်။
ယခုကန့်သတ်ချက်ကို ရန်ကုန်စည်မြို့တော်စည်ပင်သာယာရေး ကော်မီတီသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်စေခဲ့ခြင်းဖြစ်သည်။ ယခင်လည်း အချိန်ကန့်သတ်ချက် အနေဖြင့် ညနေ ၃ နာရီ၊ ညနေ ၆ နာရီစသဖြင့် ထုတ်ပြန်လေ့ရှိခဲ့ပြီး ကြာရှည်လိုက်နာရန် မထိန်းသိမ်းနိုင်ခြင်း၊ ထောင်နှင့်ချီသည့် လမ်းဘေးဈေးသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုင်ခြင်းတို့ကြောင့် မအောင်မြင်ခဲ့ကြောင်း ရန်ကုန်မြို့မှ သတင်းအယ်ဒီတာ တဦးကပြောသည်။
လမ်းဘေး ဈေးသည်ပြဿနာမှာ ယခုမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်တစ်ခုမဟုတ်ပဲ ယခင် အစိုးရ ၂ ဆက် ၃ ဆက်ကတည်းက ရန်ကုန်မြို့တွင်း လူစည်ကားရာ လမ်းမကြီးများတွင် လမ်းဘေး ဈေးရောင်းသူများ ရှိခဲ့ပြီး ယခုနောက်ပိုင်း အမိုးနှင့် နေရာသတ်မှတ်ပေးပြီး အခွန်အခကောက်ခံသည့် မြို့နယ်များ စသဖြင့် အတည်တကျဈေးတန်းသဖွယ်ပေါ်ပေါက်လာကာ လမ်းသွားလမ်းလာများ အားအနှောင့်အယှက်ဖြစ် သည်အထိ တိုးပွားလာခဲ့သည်။ အဆိုပါ ပြဿနာ၏ အကြောင်းရင်းခံ အချက်များတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းသည်လည်း အဓိကကျသည့် အချက်တစ်ချက်ဖြစ်သည်ဟု အဆိုပါ အယ်ဒီတာကပင် သုံးသပ်ပြောဆိုသည်။
လမ်းဘေး ဈေးသည်များ မွန်းလွဲ ၃နာရီမတိုင်မီ ဈေးမရောင်းရ ကန့်သတ်ချက် စတင်သည့် ဇွန်လ ၁ ရက်နေ့နံနက်တွင် တွေ့မြင်ရသည့် မဟာဗန္ဓုလလမ်း မြင်ကွင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts