Uncategorized

Yan Win (Taung TaGar) – Articles

မြို့မငြိမ်း၏ နောက်ဆုံးတေး တိမ်လွှာမို့မိုလွင်

ရန်ဝင်း (တောင်တံခါး)
မေ ၁၇၊ ၂၀၁၃

တိမ်လွှာမို့မိုလွင်ဆိုတဲ့ စာလုံးကလေးတွေကတော့ ဂီတစာဆို မြို့မငြိမ်းက သူ့ဘ၀ခရီး နောက်ဆုံးရက်တွေအတွင်းမှာ ရေးသွားတဲ့ တိမ်လွှာ မို့မိုလွင် သီချင်းရဲ့ နောက်ဆုံးစာသားကတွေပါပဲ။

မြို့မအဖွဲ့ကြီးက တိမ်လွှာမို့မိုလွင်သီချင်းကို ချောမွေ့အောင် သီချင်းတိုက်နေဆဲမှာပဲ မြို့မငြိမ်း ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့တော့ မရှိတော့ပြီဖြစ်တဲ့ မန္တလေးမြို့ ရွာဟိုင်းသုဿန်ထဲက မြို့မငြိမ်း အုတ်ဂူကလေးမှာ တိမ်လွှာမို့မိုလွှင်ဆိုတဲ့ စာသားကလေးကိုရော ဂီတသင်္ကေတကိုပါ ကျောက်ပြားပေါ်မှာ ထွင်းပြီး ကပ်ထားခဲ့ပါတယ်။
မန္တလေးမြို့ ရွာဟိုင်းသုဿန်ထဲက မြို့မငြိမ်းရဲ့ အုတ်ဂူကလေး
ကြာတော့လည်း ကြာခဲ့ပြီလေ။ ကျနော် မန္တလေးမြို့မှာနေတုန်းကဆိုရင် နာရေးတခေါက် ကျောင်းဆယ်ခေါက်ဆိုသလို သံဝေဂရစရာ နာရေးကိစ္စတွေကို ပို့ဆောင်ရင်း ရွာဟိုင်းသုဿန် ရောက်တဲ့အခိုက် မြို့မငြိမ်းရဲ့အုတ်ဂူကလေးဆီသွားပြီး မြို့မငြိမ်းကို မှန်းဆ တမ်းတ ဂါဝရပြုရင်း … မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင် … လို့ အမြဲ ရွတ်ဆိုပါတယ်။
တိမ်လွှာမို့မိုလွင် သီချင်းက သံစဉ်ရော ဖွဲ့နွဲ့ပုံရော၊ သီချင်းစာသားလှပပုံရော အကောင်းတွေချည်း တစုတဝေးနဲ့မို့ အဖက်ဖက်က ပြည့်စုံတဲ့ သီချင်းကလေးပါပဲ။
မြို့မငြိမ်းက သူနောက်ဆုံးရေးခဲ့တဲ့ တိမ်လွှာမို့မိုလွင် သီချင်းလိုပဲ သီချင်းတပုဒ်ရေးပြီဆိုရင် စာသားနဲ့ သံစဉ်ကို တပြိုင်တည်းရှာလေ့ရှိပါသတဲ့။ သီချင်းကို တီးမှုတ်ကြတဲ့အခါ ဘယ်တူရိယာက ဘယ်နေရာမှာ ဘယ်လိုတီးမှုတ်ရမယ်၊ ဘယ်တူရိယာက ဘယ်နေရာမှာ ရပ်နေရမယ်၊ ဘယ်တူရိယာက ဘယ်နေရာမှာ ၀င်လာရမယ်ဆိုတာတွေကိုပါ တူရိယာတခုချင်းစီအတွက် သင်္ကေတတမျိုးစီရေးပါတယ်။ တူရိယာ တခုတည်းတီးမှုတ်ရင် သီချင်းမဖြစ်ဘဲ တီဝိုင်းတခုလုံးတီးမှုတ်ကြမှသာ သီချင်းပီပီပြင်ပြင် ဖြစ်လာပါတယ်။ အဲ့ဒါ မြို့မငြိမ်းရဲ့ သြခက်စတြာ တီးဝိုင်းဖွဲ့စည်းမှု ဟန်ပါပဲ။
မြို့မငြိမ်းက သူ့သီချင်းစာသားတွေမှာ စာလုံးတလုံးစီကိုလည်း အင်မတန်မှ အလေးအနက်ထားပြီး ရွေးချယ်လေ့ရှိပါတယ်။ ဒါကြောင်ပဲ သူ့ သီချင်းတွေထဲက စာလုံးတလုံးကို ဖယ်ထုတ်လိုက်မယ်၊ ပြင်လိုက်မယ်၊ ထပ်ဖြည့်လိုက်မယ်ဆိုရင် သီချင်းရဲ့အနှစ်သာရကို ပျက်ပြားစေမှာပါပဲ။
တိမ်လွှာမို့မိုလွင်သီချင်းထဲက .. မို့ နဲ့ မို ကိုတော့ မြို့မငြိမ်း တော်တော်ကြိုက်နှစ်သက်ပုံရပါတယ်။ သူ့သီချင်း မင်းလက်ဝဲသုန္ဒရမှာလည်း … မို့မို့ မိုမို၊ ညို့ ညို့ ညိုညို … လို့ မြို့မငြိမ်းရေးခဲ့ပါတယ်။ လေဘာတီ မမြရင်သီဆိုပြီး ဓာတ်ပြားသွင်းတဲ့အခါ တဦးတယောက်က … မို့မို့ မိုမို၊ ညို့ ညို့ ညိုညို … ကို … မို့မို့ မှိုင်းမှိုင်း၊ ညို့ ညို့ ဆိုင်းဆိုင်း … လို့ ပြင်လိုက်ပါတယ်။ အဲဒီသီချင်းပြင်တာတွေ ထပ်ဖြည့်ထားတတွေကြောင့် မြို့ မငြိမ်းခမျာ တော်တော်ပဲရင်ထုမနာ ဖြစ်ခဲ့ရရှာပါသတဲ့။ နောက်ပိုင်းမှာတော့ မူရင်းအတိုင်း ပြန်ဆိုကြတာတွေ ရှိပါတယ်။
တကယ်တော့ မို့တယ် မိုတယ်၊ ညို့တယ် ညိုတယ် ဆိုတာ ကဗျာဆန်သလောက် လှပပါတယ်။ မို ဆိုတာက မို့နေရုံမကပဲ ပြည့်မောက်နေပါ တယ်။ ညို့ဆိုတာကလည်း ညိုရုံမကပဲ အုံ့မှိုင်းလို့နေပါတယ်။ စကားလုံးလေးတွေက လှပသလောက် အဓိပ္ဗါယ်ကလည်း လေးနက်ပါတယ်။
မြို့မငြိမ်းဇနီး ဒေါ်သန်းမေကလည်း မြို့မငြိမ်းရဲ့ နောက်ဆုံးလက်ရာ တိမ်လွှာမို့မိုလွင် သီချင်းကို ချစ်မြတ်နိုးရုံ၊ တန်ဖိုးထားရုံမကပဲ ကရုဏာနဲ့ ယုယမြတ်နိုးတာက ပိုနေပါသေးတယ်လို့ သားဖြစ်သူ (ဦး) သန်းအောင်ခိုင်က သူ့စာအုပ်၊ မြို့မငြိမ်းနဲ့သူ့အနုပညာမှာ ညွှန်းဆိုထားပါတယ်။

အမေ့အသိ၊ အမေ့စကား
စာမျက်နှာ ၇၀၊ မြို့မငြိမ်းနှင့် သူ့အနုပညာ (သန်းအောင်ခိုင်)

တိမ်လွှာမို့မိုလွင်
စာမျက်နှာ ၄၆၄၊ ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)
အခုစာရေးနေချိန်က မိုးရာသီဝင်စပြုပြီဆိုတော့ ကွင်းပြင်ကျယ်ကြီးတွေရဲ့အထက်မှာ မိုးတိမ်လွှာတွေက မှိုင်းပြာရီညို့လို့တေနတတ်ပါတယ်။ လွမ်းသူကို အဆွေးပိုစေဖို့ မိုးမင်း ပဇ္ဖုန်ရှင်က ကလူကျီည်ဆယ်နေတဲ့အခိုက်မှာ ဆွေးပူသလို ကျွမ်းစေတော့ရယ်လို့ မိုးသက်လေ လေပြည်လေညင်းကလေးတွေကလည်း ဖေးကူလို့ဆော်သွေး မွှေ့ရမ်းတတ်တဲ့ ရာသီပေါ့လေ။
တိမ်လွှာမို့မိုလွင် သီချင်းသံ ကြားရတိုင်း၊ ကြားရတိုင်း မြို့မငြိမ်းကို သတိရ တမ်းတမိတာနဲ့အမျှ ကျနော်ို့ရင်ထဲက အလွမ်းတိမ်လွှာတွေလည်း မို့လို့ မိုလို့ နေတာပါပဲ။
မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင် …
စာကိုး
၁။ ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ၊ မေလ – ၁၉ ၄၆)
၂။ မြို့မငြိမ်းနှင့် သူ့အနုပညာ (သန်းအောင်ခိုင်၊ ဒီဇင်ဘာ၊ ၁၉ ၉ ၇)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts