ဟံသာဝတီ ဦးဝင်းတင်

dagon taryar – u win tin

>

ငြိမ်းချမ်းရေးကို ပန်ကြားတဲ့ ဆရာဒဂုန်တာရာ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မေ ၁၅၊ ၂၀၁၁
ယခင်တပတ်က ဆရာဦးဝင်းတင်နဲ့ မိတ်ဆွေများက ရှမ်းပြည်နယ် အောင်ပန်းရောက် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ ၉ ၃ နှစ်မြောက် မွေးနေ့ဂါရ၀ပွဲကို သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲသည်ခရီးစဉ်က အပြန်မှာ ခရီးပမ်းနေတဲ့ ဆရာဦးဝင်းတင်နဲ့ ခရီးစဉ်အကြောင်း၊ ဆရာကြီး ဒဂုန်တာရာမွေးနေ့က ထုတ်ပြန်တဲ့ ပန်ကြားလွှာအကြောင်း ပြောဆိုဖြစ်ပါတယ်။
“ဆရာတို့ အောင်ပန်းကို ခရီးထွက်ဖြစ်တယ်။ ဆရာကြီး ဒဂုန်တာရာမွေးနေ့လည်း တက်ရောက်ဖြစ်တယ်။ ဆရာတို့ ၂ ဦးလည်း စကားပြောဆိုဖြစ်ကြတယ်လို့ သိရပါတယ်။ ခရီးစဉ်က ဘယ်လိုလဲဆရာ”
ဟုတ်တယ်။ ဆရာနဲ့ ကျနော် စကားပြောဖြစ်တယ်။ မွေးနေ့ပွဲလည်း တက်ရောက်ပါတယ်။ တောင်ကြီးဘက်ကို ဆက်သွားပါတယ်။ မိတ်ဆွေတွေနဲ့ သွားရောက် တွေ့ဆုံတယ်။ အဲသည်မြို့နယ်တွေက ပြည်သူ့ပန်ကြားလွှာအတွက် ၀ိုင်းပြီး လက်မှတ်ထိုး စုဆောင်းထားတာတွေလည်း လက်ခံရယူခဲ့တာတွေ ရှိပါတယ်။
“ဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့မှာ အမှတ်တရ ဘာပြောဖြစ်သလဲ ဆရာ …”
ဒဂုန်တာရာရဲ့ ဂုဏ်ဒြပ်၊ ဒဂုန်တာရာကို အားဆိုတာ ဘာလဲလို့ ပြောရရင် သူဟာ ခေတ်အဆက်ဆက်မှာ လူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်နေတဲ့ ဖြစ်စဉ်တွေအားလုံးကို ထင်ဟတ် ဖော်ဆိုနိုင်တဲ့ စာရေးဆရာကြိး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကိုလိုနီခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ် စတဲ့ ခေတ်အဆက်ဆက်မှာ ပြည်သူတွေဖက်က အမြဲရပ်တည် ထင်ဟတ်ဖော်ထုတ်တဲ့ စာဆိုတဦးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးကို ပန်ကြားတယ်လို့ ဆရာကြီး ဒဂုန်တာရာက မွေးနေ့မှာ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ဆရာဒဂုန်တာရာက ဘာပြောသလဲ။ စာရေးဆရာတွေ၊ ကဗျာဆရာတွေကိုကော ဘယ်လိုမျိုး တိုက်တွန်းသလဲ ဆရာ …”
ဆရာဒဂုန်တာရာက မြန်မာပြည်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ စစ်မက်ဖြစ်ပွားနေတာတွေကို ရပ်စဲဖို့၊ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့နဲ့ လူမသေ ပြေ (ပြည်) မပျက်အောင် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာတွေ၊ ကဗျာဆရာတွေကိုယ်တိုင်လည်း သည်လိုမျိုး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းတဲ့ အကြောင်းလည်း ပြောလိုက်တယ်
“အခု အင်န်အယ်ဒီပါတီနဲ့ မြန်မာပြည်သူလူထုတွေ တောင်းဆိုနေတဲ့ လက်မှတ်ထိုးပန်ကြားမှုနဲ့ ဆရာဒဂုန်တာရာရဲ့ ပန်ကြားလွှာကလည်း သဘောထားချင်း တူညီနေတဲ့ သဘောပဲပေါ့နော် ဆရာ။ ဆရာတို့ လက်မှတ်ထိုးပန်ကြားလွှာတွေ ဘယ်လောက် ကောက်ယူ ရရခဲ့သလဲ။ အဲသည်နေ့ကပေါ့”
အဲသည် ၂ ရက်အတွင်းမှာ လက်မှတ်ပေါင်း ၄၀၀ ကျော်လောက်တော့ လက်ခံရရှိခဲ့ပါတယ်။ စုဆောင်းပြီးတော့ ရန်ကုန်ကို ပို့ပေးနေကြတာတွေ ရှိတယ်လို့လဲ ပြောပါတယ်။ တော်တော်တော့ အရှိန်ရနေပါပြီ။ မွေးနေ့ပွဲမှာလည်း စာရေးဆရာတွေကိုယ်တိုင်က လက်မှတ်ထိုးကြတာတွေလည်း ရှိပါတယ်။
 
       “ဟုတ်ကဲ့ပါ ဆရာ။”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts