>Before the maintenance, the internet is open the whole day in Burma on May 12th

>

ရတနာပုံ အင်တာနက် သုံးသူများ ယာယီမပြတ်တောက်မီ
မေ ၁၂က ပိတ်ဆို့ ၀က်ဆိုက်များ တနေ့တာ ပွင့်နေ၊ 
 မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၃၊ ၂၀၁၁
ယမန်နေ့က ရတနာပုံ အင်တာနက်သုံးစွဲသူများ ၁၂ ရက်နေ့ည သန်းခေါင်မှ ၁၃ ရက်နေ့ မနက် ၅ နာရီထိ ပြတ်တောက်လိမ့်မည် ကြိုတင်အသိပေးချက် ပေါ်ထွက်ပြီး ပြည်တွင်းတွင် ယခင် တိုက်ရိုက်ဖတ်ရှု၍ မရသည့် ပြည်ပ သတင်းဌာနနှင့် အဖွဲ့အစည်းဝက်ဆိုက်များ အားလုံး ယမန်နေ့ တနေ့လုံး ပွင့်နေခဲ့သည်ဟု သုံးစွဲသူများက ပြောသည်။
အဆိုပါ အသိပေးကြေညာချက်တွင် ဟံသာဝတီရှိ အင်တာနေရှင်နယ် ဂိတ်ဝေး၏ ပင်မကျောရိုးလိုင်း (back bone network) များပြုပြင်ရန်ရှိသည့်အတွက် ည သန်းခေါင်မှ နံနက် ၅ နာရီထိ အင်တာနက်ပြတ်တောက်လိမ့်မည် ဟု အသိပေးထားခဲ့သည်။ ထိုအသိပေး ကြေညာချက် ပေါ်ထွက်လျက်ရှိသည့် ယမန်နေ့တနေ့လုံး ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီ အစရှိသည့် ပြည်ပသတင်းဌာန ၀က်ဆိုက်များနှင့် သတင်းဌာနအချို့၏ ၀က်ဆိုက်များပါ တိုက်ရိုက် ကြည့်ရှုနိုင်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုပါက ပြည်တွင်း သုံးစွဲသူများ အနေဖြင့် အဆိုပါဝက်ဆိုက်များကို ကြည့်ရှုလိုပါက ပရော့စီ လိပ်စာ သို့မဟုတ် your freedom, ultrasurf ကဲ့သို့သော ဆော့ဖ၀ဲများသုံးပြီး ကြည့်ရှုကြရသည်။ ယမန်နေ့က အင်တာနက် ပင်မကျောရိုးလိုင်း ပြင်ဆင်ရန် ရှိသည့်အတွက် ၀က်ဆိုက်များ ပိတ်ဆို့ထားသည့် တို့ကိုယာယီ ဖြုတ်ချထားခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ အင်တာနက် ကျွမ်းကျင်သူ တဦးကပြောသည်။
ယခု သီတင်းပတ်ပိုင်းအတွင်း အင်တာနက်မြန်နှုန်းများ သိသိသာသာ ကျဆင်းလျက်ရှိပြီး မကြာခဏလည်း TCP IP error ဆိုသည့် အသိပေးချက်ပေါ်ထွက်ကာ သုံးမရဖြစ်လေ့ရှိသည်ဟု ရန်ကုန်မြို့မှ သုံးစွဲသူများက ပြောသည်။
မြန်မာနိုင်ငံတွင် အေဒီအက်စ်အယ် သို့မဟုတ် ၀ိုင်မက်စ် အင်တာနက်လိုင်း တလိုင်းစတင်တပ်ဆင်လိုပါက အမေရိကန် ဒေါ်လာ ၈၀၀ အနည်းဆုံးကျသင့်လျက်ရှိသလို လစဉ်ကြေးမှာလည်း အနိမ့်ဆုံး ၃၅ ဒေါ်လာ ၀န်းကျင်ကျသင့်သည်။ အင်တာနက် တပ်ဆင်ခနှင့် လစဉ်သုံးစွဲခများ အဆမတန်မြင့်မားလျက်ရှိသော်လည်း ၀န်ဆောင်မှုအပိုင်းတွင်မူ မြန်နှုန်းကျဆင်းခြင်း၊ ရံဖန်ရံခါ ရက်နှင့်ချီပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။
အင်တာနက်မှ တဆင့် သတင်းအချက်အလက်များ၊ သတင်းဓါတ်ပုံများ ပြည်ပသို့ စီးဆင်းခြင်း မရှိစေရန်နှင့် အစိုးရအား ဝေဖန် ပြောဆိုလျက်ရှိသည့် ပြည်ပ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှုရှိသည်ဟု တွေ့ရှိပါက ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ် အပြစ်ပေးနိုင်သည့် အီလက်ထရွန်းနစ် အက်ဥပဒေကိုလည်း ပြဌါန်းထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts