>Obitury – Nat Nwe (78) Passes Away

>

စာရေးဆရာကြီး နတ်နွယ် (၇၈) နှစ် ကွယ်လွန်
ကောင်းကင်အင်တာနက်၏ ၀မ်းနည်းမှတ်တမ်းကို ကူးယူဖော်ပြသည်
မိုးမခ၊ မေ ၁၂၊ ၂၀၁၁
မြန်မာစာပေသမိုင်းတွင် ပင်ကိုယ်ရေး ဘာသာပြန်နှင့် သမိုင်းနောက်ခံဝတ္ထုကြီးများ ရေးသားခဲ့သူ  စာရေးဆရာ နတ်နွယ် (၇၈) နှစ်သည် မေလ ၁၁ ရက် နံနက် ၁၁ ခန့်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားပါသည်။
ဆရာနတ်နွယ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အဘ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံ တို့မှ ၁၉၃၃ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မွေးဖွါးခဲ့ပါသည်။ အမည်ရင်းမှာ ဦးလှမြင့် ဖြစ်ပါသည်။
မြစ်ကြီးနားမြို့ တောင်ဖန်းနား အထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။
၁၉၅၀ ပြည့် ဇွန်လ ၂၈ ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်း ကဏ္ဍတွင် “ကျောင်းသူမ”   ကဗျာဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့ပါသည်။
ဆောင်းပါး၊ ၀တ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ ရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၁၀၀ ကျော်၊ ရေးသားခဲ့သည်။
မိုးဇော်ဟိန်း ကလောင်ဖြင့်  ဘာသာပြန် လုံးချင်းဝတ္ထု ပေါင်း ၂၀ ကျော် ဘာသာပြန်ဆိုခဲ့ပါသည်။ အပြာ၊ အ၀ါ၊ တကွေ့တော့တွေ့ကြဦးမည်၊ တံခွန်တိုင်မောင်နှမများနှင့် မြန်မာပြည်မြောက်ပိုင်း တို့သည် စာရေးသူ၏ ထင်ရှားပင်ကိုယ်ရေး ၀တ္ထုများဖြစ်ပါသည်။
မင်းကျော်နှင့်တွဲဖက်၍ မလိခ ကလောင်အမည်နှင့် မြန်မာဝတ္ထု အညွန်းများ ရေးသားခဲ့ပါသည်။
စုံထောက် မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖို မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ မိုးဝေကဗျာ တခေတ် ဖြစ်စေခဲ့သော မိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာချူပ် လုပ်ခဲ့ပြီး၊ ၁၉၈၈ အရေးအခင်းအပြီးတွင် နွယ်နီ မဂ္ဂဇင်းကို ထူထောင်ပြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
မိမိနှင့်အတူ ဖြတ်သန်းခဲ့ကြသော ခေတ်ပြိုင် စားရေးဆရာများ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့၊ မိမိနှင့် စာရေးဆရာများအကြောင်း ရေးသားခဲ့သည့် တောအကြောင်း၊ တောင်အကြောင်းမှာလည်း မြန်မာ စာရေးဆရာတိုင်းက ဆရာနတ်ကို လွမ်းတနေရမည့် စာပေလက်ရာမွန် တခု ဖြစ်ပါသည်။
ဆရာ၏ ရုပ်ကလပ်ကို မေလ ၁၃ ရက် ညနေလေးနာရီတွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်မည် ဖြစ်ပါသည်။
မြန်မာစာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်သော စာပေလက်ရာမွန်များဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာနတ်နွယ် ကွယ်လွန်ခြင်းအတွက် ကောင်းကင်မဂ္ဂဇင်းမှ အထူးဝမ်းနည်းကြေ ကွဲမိပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts