>MoeMaKa Interview with Phyu Phyu Thin – I will vote for NLD Social Support Group for COBA Award

>

ကျမကိုယ်တိုင်က အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ကို မဲပေးပါတယ်
ဖြူဖြူသင်းနဲ့ မိုးမခအင်တာဗျူး
မေ ၁၁၊ ၂၀၁၁
မေလ ၁၅ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မှာ ဖြစ်တယ်။ အင်တာနက်ကတဆင့် အများပြည်သူထံက အင်တာနက်မဲဆန္ဒကို ခံယူနေတယ်။ ပထမနှစ်ကထက် ပိုပြီး အင်တာနက်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဒီနှစ်ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲက ရရှိနေပါတယ်။
အချို့က နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူ ရဟန်းသံဃာတွေကို ထောင်ဝင်စာ ဆောင်ရွက်နေသူ ဒေါ်ရှုကို မဲပေးဖို့ ဆော်သြမှုတွေ ပြုလုပ်နေကြသလို၊ အင်န်အယ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့ကို မဲပေးကြဖို့ တိုက်တွန်းမှုတွေ မိတ်ဆွေတွေ အချင်ချင်း ပြုလုပ်နေကြပါတယ်။ အင်န်အယ်ဒီရဲ့ လူမှုရေးအဖွဲ့တခု ဖြစ်တဲ့ အိပ်ခ်ျအိုင်ဗီလူနာများ စောင့်ရှောက်ရေးဂေဟာ တာဝန်ယူနေသူ မဖြူဖြူသင်းကိုလည်း မဲပေးကြရန် ပြောဆိုမှုတွေအပြင် ၂၀၀၈ ကတည်းက အကျဉ်းကျနေသူ ကိုဇာဂနာ နဲ့ ရှေ့နေကိုဖိုးဖြူကို မဲဆန္ဒပေးကြရန် ပရိသတ်အသီးသီးက မိမိ အစုအဖွဲ့နဲ့ စည်းရုံးမှုတွေ တိုက်တွန်းမှုတွေ ပြုလုပ်နေကြတာကို တွေ့မြင်ရတာက သည်နှစ်ရဲ့ ထူးခြားမှု ဖြစ်ပါတယ်။
မိုးမခက မဖြူဖြူသင်းနဲ့ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်း ယခုနှစ်အတွင်း အင်န်အယ်ဒီပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြည်သူ့ဂုဏ်ရည် ၂၀၁၁ ဆန်ခါတင်စာရင်းထဲ ၀င်လာတဲ့အကြောင်းကို ပြောဖြစ်ပါတယ်။ မဖြူဖြူသင်းကိုယ်တိုင်သာ မဲဆန္ဒရှင်တဦး ဖြစ်ခဲ့မယ် ဆိုရင် ဘယ်သူတွေကိုများ မဲပေးမလဲ ဆိုတာကို မိုးမခက မေးမြန်းဖြစ်ပါတယ်။
မဖြူဖြူသင်းက မဆိုင်းမတွပဲ
“ကျမကိုယ်တိုင်က အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ကို မဲပေးပါတယ်”
လို့ ဖြေကြားလိုက်ပါတယ်။
မဖြူဖြူသင်းက ဆက်လက် ဖြေကြားရာမှာ …
“လူမှုထောက်ကူဟာ တနိုင်ငံလုံးရဲ့အနှံအပြားမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေ၊ ရင်သွေးတွေအတွက် အားကိုးရာဖြစ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ အဖွဲ့စည်းဖြစ်တယ်။ လက်ရှိလည်း ဦးတင်ဦးလို ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်နေတာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အဲသည်မှာ အဖွဲ့ချူပ် အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေတွေ အားလုံး ၀ိုင်းဝန်းပြီး ဆောင်ရွက်နေကြတာ ဖြစ်တာကြောင့် ဒီအဖွဲ့ကို ရွေးချယ်တယ်ဆိုတာဟာ ပုဂ္ဂလဓိဋ္ဌာန် သက်သက်မဟုတ်ပါဘူး ဆိုတာလည်း သိစေချင်ပါတယ်။”
လို့ အကျယ်တ၀င့် ပြောကြားလိုက်ပါတယ်။
လက်ရှိမှာလည်း တောင်ဒဂုန်မြို့နယ်မှာ အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို လက်ခံကုသ စောင့်ရှောက်မှုတွေ ပြုလုပ်နေတဲ့ ဂေဟာကို ဆောင်ရွက်နေသူတဦးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အရေးအခင်းတွေကို ဘယ်လိုမျိုး ထုတ်ဖော်ပြောဆိုချင်သလဲလို့ မေးမြန်းတဲ့အခါ မဖြူဖြူသင်းက အခုလို ဖြေကြားလိုက်ပါတယ်။
“ခုခံအားကျဆင်းသူတွေကလည်း သနားစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားများရှိနေတယ် ဆိုတာကို နေ့စဉ်မပြတ် မီးမောင်းထိုးပြနေတဲ့ လူမှုအထောက်အကူအဖွဲ့ကြောင့် ဗမာပြည်မှာ လူ့အခွင့်ရေးတွေ ဘယ်လောက်ချိုးဖောက်ခံနေရတယ်၊ ဘယ်လို ကြံကြံခံပြီး လက်တွဲရင်ဆိုင်နေကြရတယ် ဆိုတာကို ကမ္ဘာက အမြဲသိရှိနေတာ ဖြစ်ပါတယ်”
လို့ ဖြေကြားလိုက်ပါတယ်။
“နိုင်ငံရေးနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများအတွက်၊ သူတို့မိသားစုတွေကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာလည်း အကူအညီတွေ ပေးအပ်နေနိင်တာတွေ ပေါင်းစပ်ပြီးတော့ လူမှုရေးရှုထောင့်ကကြည့်ရင် အင်မတန်မှ အကျိုးများတာကြောင့်  အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ ကို မဲပေးရခြင်း ဖြစ်ပါတယ် …”
လို့ ရှင်းပြသွားပါတယ်။
မဖြူဖြူသင်းရဲ့ သူလက်ရှိ ဆောင်ရွက်နေတဲ့ အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် လူနာများ စောင့်ရှောက်ကုသရေးနဲ့ ပြန်လည်ထူထောင်ရေး အလုပ်များအကြောင်းကို ဆက်လက်မေးမြန်းထားတာတွေကို ဆက်လက်တင်ပြပါမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts