>First One Thousand Signatures to submit to NLD for Burma Signature Campaign

>

ပြည်သူလူထု၏ လက်မှတ်ထိုးပန်ကြားမှု မိုးမခနှင့် ဆန်ဖရန်ဘေးဧရိယာက လက်မှတ် ၁ ထောင်ကို ပထမအသုတ်အဖြစ် ပေးပို့မည်
မိုးမခ
မေ ၈၊ ၂၀၁၁
ဧပြီလ ၃၀ နှင် မေလ ၁ ရက်နေ့ကစတင်ပြီး ဆန်ဖရန်ဘေးဧရိယာ ဒေသနှင့် မိုးမခအွန်လိုင်းမှတဆင့် ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးလှုပ်ရှားမှုကို စတင်ခဲ့ပြီး ဖြစ်သည်။ ဥက္ကလံမြို့၊ ဖရီးမောင့်မြို့၊ ဆန်ဖရန်မြို့၊ ဒေးလီးစီးတီး နှင့် ဆန်ဟိုဇေးမြို့များရှိ မြန်မာကွန်မြူနီတီတို့ကလည်း ဝိုင်းဝန်းလက်မှတ်ရေးထိုးခဲ့ကြရာ လက်မှတ်ပေါင်း ၃၀၀ ကျော်ရရှိခဲ့သည်ဟု ဆိုသည်။ မိုးမခအွန်လိုင်းက လက်မှတ်ရေးထိုးမှုမှာ ၆၀၀ ခန့် ရှိပြီ ဖြစ်သည်။ ပထမအသုတ် လက်မှတ် ၁၀၀၀ ကို မြန်မာပြည်တွင်းသို့ အင်န်အယ်ဒီပါတီရုံးချုပ်သို့ ပေးပို့ရန် စီစဉ်မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း၊ နယူးယောက်မြို့တော်တွင် နေထိုင်သူ မိုးမခ နာယက ကဗျာဆရာ မောင်စွမ်းရည်ကလည်း လက်မှတ်ထိုးမှုတွင် မိသားစုအားလုံး တစုတစည်းတည်း လက်မှတ်ထိုးပြီး ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး နယူးယောက်မြို့နေ မြန်မာမိသားစုများနဲ့ မိတ်ဆွေများကလည်း လက်မှတ်ထိုး လှုပ်ရှားမှုကို ပါဝင်ကြရန် တိုက်တွန်းကြောင်း၊ မည်သို့လက်မှတ်ထိုးရမည်ကို မသိပါက နီးစပ်ရာ မိတ်ဆွေများ စာရင်းကိုယူပြီး သူ့ကို ဆက်သွယ်စေလိုကြောင်း၊ သူကိုယ်တိုင်စာရင်းကောက်ပြီး မိုးမခသို့ ပို့ပေးရန် တာဝန်ယူကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ယခင်အပတ် အာရ်အက်အေ ရေဒီယို အစီအစဉ်တွင် ပြည်တွင်း ပြည်ပက မြန်မာတို့အပြင် နိုင်ငံတကာက မြန်မာ့အရေး ထောက်ခံသူများကလည်း ဝင်ရောက်လက်တွဲကြရန်ကိုပါ တိုက်တွန်းလိုက်သည်။ သို့ဖြစ်၍ မိုးမခအွန်လိုင်းဖောင်တွင် ဒေါ်စု၏ စကားကောက်နုတ်ချက်အပြင် အင်္ဂလိပ်ဘာသာဖြင့် တိုက်တွန်းချက်ကို ဘာသာပြန် ရေးသားဖော်ပြထားသည်။
နိုင်ငံတကာရှိ မြို့ရွာ အသီးသီးရှိ မြန်မာ့အရေး အသင်းအဖွဲ့များ၊ မိသားစုများကလည်း မိမိတို့ အစီအစဉ်ဖြင့် အဆင်ပြေသလို လက်မှတ်စာရင်းများ စုဆောင်းနိုင်ကြောင်း၊ စုဆောင်းရရှိသမျှကို အပတ်စဉ် ဖြစ်စေ၊ နှစ်ပတ်တခါ ဖြစ်စေ အန်အယ်ဒီရုံးချုပ်သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း၊ သို့မဟုတ်ကလည်း နီးစပ်ရာ မြို့နယ်များနှင့် လက်တွဲပြီး လက်ဆင့်ကမ်း စုစည်းနိုင်ကြောင်း သိရှိရသည်။
လက်ရှိ မိုးမခမီဒီယာက အများပြည်သူ အဆင်ပြေလွယ်ကူစေမည့် အွန်လိုင်းဖောင်ကို တင်ဆက်ထားရာ သည်နေရာမှာ ကြည့်ရှုနိုင်ပါသည်။ လက်မှတ်ထိုးကြရန်လည်း တိုက်တွန်းလိုက်ပါသည်။
https://spreadsheets.google.com/spreadsheet/viewform?formkey=dDFSblM2aVB5Y0lMbkwwc05BM2Z1Mmc6MQ&ifq

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts