>Mar Mar Aye – 379

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် – ၃၇၉


အလှူ … အလှူ … ထူးပါတဲ့ အလှူ
မာမာအေး

မေ ၈၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြ ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့အစီအစဉ်မှာတုန်းက မာအေးရဲ့ ဂီတရောင်းရင်းကြီး ကိုမြတ်လင်းရဲ့လက်ရာ “မိဘကျေးဇူးဆပ်ဖူးရဲ့လား” သီချင်းလေးကို ပြန်နားထောင်ဖြစ်သွားတာနဲ့ ကိုမြတ်လင်းကြီးအကြောင်းလည်း မပြောဖြစ်သေးပါလားလို့ သတိရမိပါတယ်။ မာအေးက ပြောဖြစ်တဲ့အကြောင်းတခုကနေ ဆက်သွားတဲ့ နောက်အကြောင်းတခုဆီ ရောက်ရောက်သွားတာမို့ နောက်ပြန်မဆုတ်ဖြစ်ခဲ့တာလေ၊ အခုလည်း ဒီသီချင်းလေး ကြားမိတာကြောင့် အမှတ်တရ ထူးဆန်းတဲ့ အလှူပွဲတပွဲကို ပြန်တွေးမိလို့ ပြောပြလိုက်ဦးမယ်။

မာအေးသီချင်းဆိုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ …သိတော်မူတဲ့အတိုင်းပါဘဲ။ ဂီတခရီးတလျှောက်မှာ ကြွေးအတင် ခံပြီးလှူတဲ့အလှူ အိမ်ဖြုတ်ရောင်းပြီးလှူတဲ့အလှူ၊ အလှူလာဖိတ်ပြီး တီးဝိုင်းငှားမထားတဲ့ အလှူမျိုးတွေ အမှတ်တရ ကြုံဖူးပါတယ်။ အခုပြောပြချင်တဲ့ အလှူကတော့ တပြည်လုံးအနှံ့ လိုက်ဆိုလာတဲ့ မာအေးတောင် တခါမ မကြုံဖူးဘူး၊ မကြားဖူးခဲ့ပါဘူးရှင်။

ပဲခူးမြို့နယ်ထဲက “သက္ကလ”ရွာကတဲ့။ လယ်သူမကြိးပါလို့ သူ့ဟာသူ မာအေးအိမ်ကိုရောက်လာပြီး ပွဲငှားတာပေါ့ရှင်။ သူပိုင်တဲ့လယ်ပွဲကို သူကိုယ်တိုင်ထွန်ယက်စိုက်ပျိုးပြီး ထွက်လာမယ့် စပါးအားလုံးရောင်း အလှူလုပ်မယ်လို့ပါတဲ့။ သူ့ကိုထားခဲ့တဲ့ တရွာထဲနေ မောင်ဘုရားကို လည်း ကြွားပြချင်သေးတယ်လို့ ပြောတာကိုးရှင့် …။ မာအေးက ဒီမိန်းမ ဒိန်းဒလိန်းဓါတ်သင့်လာလို့ ပေါက်တောက်တောက် လာပြောနေတယ် မှတ်တာပေါ့။

“ဘယ်လိုအလှူမျိုးလှူမှာလဲ ….၊ ဘာသီချင်းတွေ ရှင်တို့အရပ်က ကြိုက်တာလဲ …၊ ကြိုသိရရင် အဆင်ပြေအောင် သီချင်းတွေ စီစဉ်လာ ဘို့ရှိလို့ ပြောပြပါဦး” လို့ ဖျော်ဖြေပွဲလက်ခံရင် ပြောတဲ့စကားမျိုးနဲ့ တောက်စမ်းတဲ့အခါ ပြန်ဖြေလာတဲ့စကားက မာအေးနှုတ်ခမ်းကို ဟသွားစေပါတယ်ရှင်။ “ကျမ …. မိဘကျေးဇူးဆပ်ပွဲလုပ်မလို့ပါ” တဲ့ ချစ်ပရိတ်သတ်တို့ရော ကြားဖူးပါရဲ့လားရှင်။ ထူးထူးဆန်းဆန်းအလှူမို့ ဘာမှဆက်မမေးတော့ဘဲ အလှူရက်ကျတော့ သွားဆိုပေးခဲ့တာပေါ့။

အလှူမဏ္ဍပ်ကို အိမ်နဲ့တဆက်တည်းထိုးပြီး အကျအနလှူတဲ့ “မိဘကျေးဇူးဆပ်ပွဲ” ပါ။ ဟောပြောပွဲလေးလို့လည်း ပြောလို့ရမယ်ထင်ပါရဲ့။ အမေအကြောင်း စာတွေအများကြီးရေးတဲ့ စာရေးဆရာ ချစ်စံဝင်းကိုလည်း ဟောပြောစေဖို့ ဖိတ်ထားတယ်ရှင့်။ လယ်သူမကြီးဆိုပေမယ့် အသက်က သိပ်ကြီးဦးမှာမဟုတ်ဘူး။ အရွယ်လတ်ပဲရှိမှာပါ။ တုတ်တုတ်ခဲခဲ ကျန်းကျန်းမာမာ ဖြတ်ဖြတ်လတ်လတ်ထဲကဘဲ။ တီတီတာတာ တွတ်ထိုးနေမယ့် ကညာတော့ မဖြစ်လောက်ဘူး။ 

သူ့လယ်ပွဲက စပါးဟာလည်း မနည်းမနော ထွက်ပေးရလောက်အောင် သဒ္ဓါကောင်းတော့ “မိဘကျေးဇူးဆပ်ပွဲ”ကို ဖိတ်စာတွေ ဘာတွေရိုက်ပြီး လှူတော့တာလေ။ ကိုယ်လည်း အမိအဖ ဆရာသမားတွေကို လှူတန်းသာနေတယ်။ အဲဒီက လယ်သူမကြီးလို တခါမှ ပွဲနဲ့လမ်းနဲ့ လှူဘို့ရာ သတိမရမိတာ အမှန်ပါ။ အဲဒီ့နေ့ကတော့ တပွဲလုံးဟာ ဘုရားအမှူးရှိသော အနန္တ မေတ္တာ ဓမ္မတေးသံသာတွေနဲ့ စီစီဝေလို့ပေါ့ရှင်။ အလှူ့အမ ရတဲ့ပီတိဟာ မာအေးတို့ဆီလည်း လာဟပ်ပါတယ်။ ပျော်ခဲ့ကြပါတယ်။ သားသမီးဖက်က မိဘကိုပြုစုတာ လူတကာသိတဲ့ “သုဝဏ္ဏသာမ”သီချင်းလေးတောင် ရှားရှားပါးပါးမို့ ဆိုဖြစ်ခဲ့သေးတယ်။


*(သုဝဏ္ဏသာမ—မှ)
(ပါရမီတိသချိန်ဆကြံရွယ်၊ သုဝဏ္ဏသာမ အလောင်းတော်မဟာရယ်) ၂ xx (ထာဝစဉ် အမြဲကွယ် သဒ္ဓါရွှင်ခဲ့တယ်၊ နှစ်ပါးမိဘ ဒုကူလနဲ့ ပါရိက ထိုနှစ်သွယ်) ၂ xx ရေပူရေချမ်း ၀တ်ငါးပါးကိုရယ် မလစ်အဟုတ်ပါ ပုဆစ်တုပ်ကာ နေ့စဉ် အမှုကို ပြုရရှာပေတယ် xxx (စုံခြေဂနိုင်အလယ်၊ သမင်ပေါင်းများနဲ့ကွယ်၊ ရေဗူးဘေးကလွယ်) ၂ xx နန္ဒမူလှိုဏ်စိမ့်စမ်းရေအေး သယ်ယူပြန်တော့တယ် xxxx

ပွဲပြီးတဲ့အခါ စာရေးဆရာချစ်စံဝင်းဟာ မွေးမာတာကို ပိုသတိရသွားတယ်တဲ့။ သူတို့ရွာ သုံးလေးမိုင်ဝေးတဲ့နေရာကို ကားပေါ်က ဆင်းလျှောက်သွားပြန်သွားတာကိုလည်း သတိရမိသေးတယ်။ အဲဒီ့ “သက္ကလ” ရွာကြီးကို မာအေးရုပ်ရှင်သီချင်းတွေ ဆိုကာစအရွယ်မှာ ဦးလေး ကိုပါကြီးတို့နဲ့အတူ သွားဖူးပါတယ်။ ဦးလေးကိုပါကြီးဆိုတာ ရုပ်ရှင်မင်းသားလူရွှင်တော် ဖိုးပါကြီး ကိုပြောတာပါ။ “ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်” ဇာတ်ကားပေါက်မြောက်နေတဲ့အချိန်ဆိုပါတော့။ သက္ကလဟာ ရုပ်ရှင်မင်းသားချော မြင့်အောင်တို့ ဇာတိမြေလည်းဖြစ်ပါတယ်။ အကိုမြင့်အောင်ရဲ့ အမတယောက် မင်္ဂလာဆောင်မှာမို့ သွားကူညီကြတာပါ။ မောင်ကိုကိုတို့ အဖွဲ့သားတွေနဲ့ပေါ့ရှင်၊ နွေကာလ ဖုံထထ ချိုင့်တွေကျင်းတွေထဲကျ ဂျစ်ကားမှသွားလို့ရတဲ့အခါဆိုတော့ မျောက်တွေနဲ့ သူမသာကိုယ်မသာ ရယ်လိုက်ရတာရှင်။ ခုခါမတော့ ချစ်ခင်ဆုံကွဲလောကဓမ္မတာထဲ၊ သူတို့ထဲက မရှိတဲ့သူတွေ အတော် များခဲ့ပြီ။


အင်း …. ဒါက ဦးလေးပါတို့ ရှိသေးတာ။ နောက်တယောက်လည်း ကြားထားရပြန်တယ် သောတရှင်တို့ …။ ရှင်တို့လည်း ကြားပြီး လောက်ရော့မယ်ထင်ပါရဲ့။ မာအေးတို့ “ဆရာပါ”လို့ အခေါ်များတဲ့ စာပေပညာရှင်ကြီး ပါရဂူလည်း မမြဲရှာတော့ဘူးတဲ့လေ …။ ဦးလေးပါ တို့ အလှည့်ပြီးတော့ ဆရာပါ၊ မောင်ကြီးပါ အလှည့်ကျခဲ့ပြီပေါ့။ စိတ်ကောင်းရှိတဲ့ ဆရာကြီး အထီးကျန်ဘ၀က လွတ်သွားတာဘဲလို့ ဖြေလိုက်ရပေမယ့် စိတ်သံယောဇဉ်က ရှင်းရှင်းဘယ်လိုလုပ် ဖျောက်နိုင်မှာလဲလေ။ တရားနဲ့ဘဲ ဖြေးဖြေးဖြေရုံပေါ့။

*(မြတ်ဆုပန်–မှ) အော် မျက်စေ့တမှိတ် အတွင်းချုပ်ပျက်ခြင်းတွေ …. သိန်းသန်းကုဋ္ဋေ …သမုဒ်ထက်ဗွေ တချက် တလေတက်စေတဲ့ ရေပွက်ကလေးအသွင် ဆင်ခြင်စရာပေ xx အမြင်မှာလှပေမယ့် သင်္ခါရဘေး ပြေးမလွတ်နိုင်သူတွေ၊ အ၀ိဇ္ဇာ တဏှာဖုံး စုံလုံးကန်းကာ လမ်းရှာမရကြပေ၊ မေ့မှာလည်း ထို့အတူ ပူဗျာပါဗွေ၊ သုခံဒုက္ခောရေယဉ်ကြော မျောကာသာနေ xx တိုတောင်းလှစွာ ဘ၀တာအတွင်း ယွင်းပျက်မှုတွေ ဝေးပါရစေ xx ဗုဒ္ဓေထွဋ္ဋ်တင် ဘုန်းရှင်စိန္တေ၊ နှိမ်ချွေခညောင်း ဆုတောင်း ကာသာနေ xxx

ဘီဘီစီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအားပြန်လည်ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts