>Maung Lwan Ni – Sugar coated troubles (7)

>

ဒုက္ခကို ပျားရည်ဆမ်း၍ – ၇
မောင်လွမ်းဏီ
မေ ၈၊ ၂၀၁၁
“အလုပ်လုပ်ခွင့်ကဒ်နဲ့ ပတ်စပို့ကိုင်ဆောင်ခွင့်၊ ထိုင်းလူမျိုးတွေနဲ့ တန်းတူရည်တူ လုပ်အားခရရှိမှု၊ လုပ်ငန်းခွင် ထိခိုက်နစ်နာကြေးရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးကုသခွင့်ရမှုဆိုတာတွေဟာ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့အရာတွေ လက်တွေ့ခံစား ပိုင်ခွင့်ရကြပြီဟေ့လို့ ပျော်လို့ မော်လို့မဆုံးဖြစ်နေတုန်းမှာပဲ ဒီအပျော်တွေ နေ့စေ့ လစေ့ မပြည့်မီ မြန်မာအလုပ်သမားတွေ ဖိနှိပ်အနိုင်ကျင့် စော်ကားခံရပြန်ပြီလို့ ပြောရပါတော့မယ် …”
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
ထိုင်း-လာအို နယ်စပ်မှာရှိတဲ့ ခေါန်ကန်မြို့က ထိုင်း ငါးဖမ်းပိုက်စက်ရုံမှာ တရားဝင်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အလုပ်သမတွေဟာ စက်တင်ဘာလဆန်းပိုင်းလောက်က မိမိတို့ရဲ့ ယာယီနိုင်ငံကူးစာအုပ်တွေ ပြန်ပေးရေး၊ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် နစ်နာကြေးရရှိရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ရေး စတဲ့ တောင်းဆိုမှုတွေနဲ့ သီတင်းတပတ်ကြာအောင် ဆန္ဒပြခဲ့ကြပါတယ်။
ဒေချာဖန်းနစ် ငါးဖမ်း ပိုက်စက်ရုံက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေ က လိုက်လျောလိုက်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထုတ်လွှင့်တာတွေကို ဖတ်ရှုကြားသိခဲ့ပြီး ဖြစ်ကြမှာပါ။
မြန်မာအလုပ်သမားတွေရဲ့ ဥပဒေဘောင်ထဲက ငြိမ်းငြိမ်းချမ်းချမ်း မှန်မှန်ကန်ကန် ညီညီညွတ်ညွတ် တောင်းဆိုတိုက်ပွဲဝင်မှုဟာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နားနီးချင်းနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားထုအတွက်တော့ စံပြုစရာ နမူနာကောင်းတခုနှယ် ဆိုရပါလိမ့်မယ်လို့ ကျွန်တော် ရေးသားခဲ့ပါတယ်။
ထိုင်းငါးဖမ်းပိုက်စက်ရုံက အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြမှုရဲ့ အကျိုးရလဒ်ဟာ ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေသာမက ထိုင်းနိုင်ငံတဝှမ်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို လှုပ်ခါပုတ်နှိုးလိုက်တာလည်းဖြစ်သလို ဘဝတူချင်း ယိုင်းပင်းစိတ်၊ အမျိုးသား သွေးစည်းညီညွတ်စိတ်၊ မိမိအခွင့်အရေးကို ဥပဒေနဲ့အညီ တောင်းဆိုရဲတဲ့စိတ် ဆိုတဲ့ စိတ်သစ် ခွန်အားသစ်တွေရရှိစေမှာ အမှန်ပါပဲလို့လည်း ချီးမွမ်းဂုဏ်ပြုရေးခဲ့တာပါ။ 
ထိုင်းနိုင်ငံမှာ အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေရဲ့ ပြဿနာတွေဟာ နှစ်နဲ့ချီကြာမြင့်နေခဲ့ပေမယ့် ထိုင်းငါးဖမ်းပိုက်စက်ရုံကိစ္စမှာတော့ ထိုင်းနိုင်ငံမှာ ထိုင်းအလုပ်ရှင်ဘက်က ကျေကျေနပ်နပ် လိုက်လျောမှု လုပ်တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်လေတော့ အံ့သြဝမ်းမြောက်စရာတခုလို့ ဆိုခဲ့ ပြောခဲ့ကြတာလေ။ အလုပ်လုပ်ခွင့်ကဒ်နဲ့ ပတ်စပို့ကိုင်ဆောင်ခွင့်၊ ထိုင်းလူမျိုးတွေနဲ့ တန်းတူရည်တူ လုပ်အားခရရှိမှု၊ လုပ်ငန်းခွင် ထိခိုက်နစ်နာကြေး ရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးကုသခွင့်ရမှုဆိုတာတွေဟာ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့အရာတွေ လက်တွေ့ခံစား ပိုင်ခွင့်ရကြပြီဟေ့လို့ ပျော်လို့ မော်လို့မဆုံးဖြစ်နေတုန်းမှာပဲ ဒီအပျော်တွေ နေ့စေ့ လစေ့ မပြည့်မီ မြန်မာအလုပ်သမားတွေ ဖိနှိပ်အနိုင်ကျင့် စော်ကားခံရပြန်ပြီလို့ ပြောရပါတော့မယ်။
အောက်တိုဘာ ၇ ရက်နေ့ကတော့ ငါးဖမ်းစက်ရုံက အလုပ်သမားတွေ နောက်ဆုံး ရင်ဆိုင်ဖြေရှင်း တိုက်ပွဲဝင်နေရတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့တရားမျှတတဲ့ ရပိုင်ခွင့်တွေအတွက် ဝိုင်းဝန်းဆောင်ရွက် ဖြေရှင်းပေးကြဖို့အတွက်၊ အလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေ၊ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာ နအဖသံရုံးနဲ့ လူမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အန်ဂျီအိုတွေကို မေတ္တာရပ်ခံ အကူအညီ တောင်းခံထားတဲ့ စာတစောင်ကို ထုတ်ပြန် ဖြန့်ချိလိုက်တာကြောင့်ပါ။
မြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်ရှင်နဲ့ တရားဝင် စာချုပ်စာတန်းနဲ့ လက်မှတ်ရေးထိုး ကတိကဝတ်ပြုထားတဲ့အတိုင်း၊ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်၊ အလုပ်လုပ်ခွင့် လက်မှတ် စတာတွေကို ပြန်လည်ရရှိဖို့ သဘောတူညီခဲ့ပေမယ့် အလုပ်သမား ၁၀၀၀ ကျော်ထဲက ၅၀၀ ကျော်ကိုပဲ ပြန်ပေးပြီး ကျန် အလုပ်သမားတွေကို မပေးသေးတာ၊ လုပ်ခလစာ ကျန်ငွေတွေကိုလည်း ပေးချေရှင်းလင်းခြင်း မလုပ်တာ၊ စက်ရုံပြောင်းလုပ်ဖို့အတွက် ထွက်စာတင်ထားတဲ့ အလုပ်သမားတွေကိုလည်း အလုပ်ဆင်းခွင့် မပြုတာ စတဲ့ အချက်တွေကြောင့် အောက်တိုဘာလ ၆ ရက်နေ့မှာ ထပ်မံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြတာပါ။ 
အလုပ်ခွင် ပြန်မဆင်းရတာနဲ့ လုပ်ခငွေတွေ မရရှိတဲ့အတွက် အလုပ်သမားတွေဟာ စားဝတ်နေရေးကိစ္စတွေ နေ့စဉ်လိုလို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။ အခြား စကရရုံတွေက အလုပ်သမားတွေကို လာခေါ်ချင်ရင်လည်း ဘတ် ၁၀,၀၀၀ လျှော်ကြေးပေးမှ ရမယ်ဆိုတော့ ဘယ်လုပ်ငန်းရှင်ကမှလည်း မခေါ်ပါဘူး။ မြန်မာ အလုပ်သမားတွေကလည်း ငွေ ၁၀,၀၀၀ ပေးခိုင်းပြီးလည်း စက်ရုံ မပြောင်းနိုင်ကြပါဘူး။ ဘာကြောင့်ဆိုတော့ ပြောင်းသွားတဲ့စက်ရုံပိုင်ရှင်ကို ကြွေး ၁၀,၀၀၀ ဆပ်ရတော့မှာကိုး။ 
ဒီလိုအခြေအနေ အခင်းအကျင်းအောက်မှာပဲ ငါးဖမ်းပိုက်စက်ရုံပိုင်ရှင်က သတိပေးကြော်ငြာ စာရွက်တွေ ကြော်ငြာဘုတ်မှာ ကပ်လာပါတယ်။ စက်ရုံက ထွက်စာတင်ထားတဲ့သူတွေ နေ့လည် ၂ နာရီမှာ စက်ရုံက ထွက်ခွာသွားဖို့၊ လုပ်ခလစာ ကျန်ငွေတွေကို တောမောရုံး (IMMIGRATION) မှာ ရှင်းလင်းပေးချေမှာ ဖြစ်တယ်ဆိုတဲ့ သတိပေး ခြိမ်းခြောက်စာတွေပါ။ မြန်မာအလုပ်သမားတွေကတော့ စက်ရုံအပြင်ဘက်က ဓမ္မာရုံတခုမှာ စုရုံးဆန္ဒပြနေကြတာပါ။ အောက်တိုဘာ ၇ ရက်နေ့ မနက် ၃ နာရီအချိန်မှာတော့ စက်ရုံ တာဝန်ရှိသူတွေက သေနတ်နဲ့ပစ်ဖောက် ခြောက်လှန့်ပြန်ပါတယ်။ ဒါကြောင့်ပဲ မြန်မာအလုပ်သမားတွေဟာ မီဒီယာနယ်ပယ်က တဆင့် သူတို့ရဲ့အခြေအနေတွေကို ပြည်တွင်းပြည်ပက သိရှိအောင် ကြိုးပမ်းးခဲ့ကြတာပါ။ 
မြန်မာအလုပ်သမားတွေ စက်တင်ဘာလဆန်းက ဆန္ဒပြနေတဲ့အချိန် ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာ နအဖ သံရုံးက တာဝန်ရှိသူတွေ တဦးတယောက်မှ မလာရောက်ခဲ့ကြပေမယ့် မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းငါးဖမ်းစက်ရုံပိုင်ရှင်တို့ အပြန်အလှန် သဘောတူညီချက်တွေရ၊ ပြေပြေလည်လည် ဖြစ်ပြီး ၁ ရက် ၂ ရက်နေတော့မှ ရောက်လာတဲ့ နအဖ သံရုံးကတာဝန်ရှိသူရဲ့ သြဝါဒစကားကိုလည်း အမှတ်ရနေကြအုန်းမယ် ထင်ပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင်နေကြဖို့၊ ယိုင်းယိုင်းပင်းပင်းရှိကြဖို့၊ အာဏာရှိတဲ့သူက မရှိတဲ့သူကို အနိုင်မကျင့်ဖို့ဆိုတဲ့ မှတ်သားလောက်တဲ့ စကားတွေကိုပါ။ 
ကဲ … ဒီတခါတော့ နအဖ သံဝန်ထမ်းတွေ ကိုယ့်နိုင်ငံသားတွေအတွက် အချိန်မီ ဘာတွေများ ယိုင်းပင်းစောင့်ရှောက်လေမလဲ။ လေလှိုင်းပေါ်မှာ နားစွင့်ကြည့်ကြရအောင်ပါ။ 
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၇ – ၁၀ – ၂၀၁၀
မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts