>Suu urged all Burmese to join Signature Campaign to free Burma

>

 ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးတောင်းဆိုရေး  အားလုံးပါဝင်ဖို့ 
ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်
အာရ်အက်ဖ်အေ ရေဒီယိုကောက်နုတ်ချက်
မိုးမခ၊ မေ ၆၊ ၂၀၁၁
လက်ရှိ ဒီမိုကရေစီကွန်ယက်ထဲက အဖွဲ့ အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ထံ လက်မှတ်ထိုးတောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သောကြာနေ့မှာ နှိုးဆော်လိုက်ပါတယ်။
  “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကိုရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူနိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကိုတောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် ၀ိုင်းပြီးကူညီပေးစေချင်ပါတယ်-“
  RFA က အပတ်စဉ်တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ ကဏ္ဍအတွက် နိုင်ငံရေး အကျဥ်းသား ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို နှိုးဆော်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန်ထံ တောင်းဆိုတဲ့ အဲဒီစာတွေကို နိုင်ငံခြားသားများလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်းနဲ့  ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်ရေးအတွက် အားလုံးဝိုင်းဝန်း အကောင်အထည် ဖော်ကြစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်း ထားပါတယ်။
  “မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလဲ သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင် ပါတယ် အမေထပ်ပြီးတော့ပြောချင်ပါတယ် အမေတို့လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကြီးကို သမီးတို့ပြင်ပက ဒီမိုကရေစီလိုလားသူတွေ အားလုံး ၀ိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ၊ အင်တာနက်ကတဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”
  နောက်ထပ် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ လက်ရှိသမ္မတဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ ကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာထားပြီး ကြိုဆိုလိုက်ပါတယ်။
  “သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး စီးပွါးရေး ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင်(၉)ဦး ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ တကယ်တမ်းကို တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် အကြံတွေပေးနိုင်ပြီး ဒီအကြံတွေကို သက်ဆိုင်ရာအဖွဲ့အစည်း တွေက မှန်မှန်ကန်ကန် အကောင်ထည်ဖေါ်နိုင်မယ် ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”
ဒါပေမဲ့ အဲဒီအကြံပေးကော်မတီကို လက်တွေ့ ကျကျ အကောင်အထည် ဖော်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း မိမိအနေနဲ့  လက်တွေ့ လုပ်ဆောင်ချက်တွေကို မမြင်ရသေးဘဲ မျှော်လင့်ချက်ထားတာမျိုးကို ယုံကြည်ခြင်းမရှိကြောင်း စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အပြည့်အစုံကိုတော့ RFA က ဒီည ထုတ်လွှင့်မဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ၊၊ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts