>letters from Michigan – 66

>

မစ်ရှီဂန်က ပေးတဲ့စာ (၆၆)
အောင်ဝေး
မေ ၅၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း …
ကျန်းခံ့သာလို့မာပါစ။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုးလည်း လွန်ခဲ့ပြီ။ အတာသစ်ဖူး၊ မြန်မာနှစ်ဦး လည်း ကူးခဲ့ပြီ။ အဝေး ရောက်နေတဲ့သူတွေအဖို့တော့ ကိုယ့်ပြည် ကိုယ့်မြေအရေးကို အိမ်လွမ်းစိတ်လိပ်ပြာထဲ ကပဲ၊ တွေးရ မျှော်ရ၊ဆွေးပူနေရတာပါဗျာ။

ကျနော်တို့တိုင်းပြည်ရဲ့အဖြစ်ကလည်း နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုတဲ့အဖြစ်ပါလား။ ကံဆိုးမသွားလေရာ၊ မိုး လိုက်လို့ရွာတဲ့တိုင်းပြည်ဟာ ကျနော်တို့တိုင်းပြည်လား။ စစ်အာဏာရှင်မိုးက ရွာလို့မဆုံးတော့ဘူး။ ဖက်ဆစ်မိုး က မတိတ်တော့ဘူး။

မင်းဆိုးမင်းညစ်တွေရဲ့ဘေးဒဏ်ကို အလူးအလဲခံနေရတဲ့ကြားကပဲ၊ သဘာဝဘေးဆိုးဘေးဒဏ်တွေကလည်း၊ ကျနော်တို့ပြည်သူတွေအပေါ်မှာ၊ မြေနိမ့်ရာလှံစိုက်လို့မဆုံးနိုင်အောင်ပါလား။ ရန်သူမျိုးငါးပါးဝိုင်းနေတဲ့ တိုင်းပြည်ပါ ကိုဒေါင်းရယ်။

ကျနော်တို့ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ်။ ကျနော်တို့တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းမှုပျောက် ဆုံးနေရတယ်။ ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့လူမျိုး ဆင်းရဲတွင်း နက်သထက်နက်နေရတယ်။ ဒီလိုအချိန်မှာ ဘယ်သူသေသေ၊ ငရွှေမာရင်ပြီးရောဆိုတဲ့ စစ်အာဏာ ရှင်လက်ဝေခံ၊ အစိုးရလက်ဝေခံလူစားမျိုးတွေလည်း၊ ကျနော်တို့တိုင်းပြည်မှာ ကြီးထွားလာနေတယ်။

ကိုဒေါင်းရေ … ဒီနေ့ခေတ်မှာ အခွင့်ထူးခံလူတန်းစားတရပ်ဖြစ်လာတဲ့၊ အဲဒီလက်ဝေခံဆိုသူတွေက အသွင်နှစ် မျိုးနဲ့ ကျင်လည်နေတယ်။ တမျိုးက လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်သူဌေး“ရက်ဘတ်တလာ” လို လူစားတွေဖြစ်တယ်။ နောက်တမျိုးက အာဏာလက်ဝယ် မရှိတော့ပေမယ့်၊ ဆင်ပိန်ကျွဲဝကျန်ရစ်တဲ့ သေနာပ တိပျက်လူတန်းစားမျိုးပဲ။ သူတို့နှစ်မျိုးစလုံးဟာ၊ အသွင်ကွဲပေမယ့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေတဲ့ အနှစ်သာရမှာတော့ အတူတူပဲ။

ဒုက္ခပင်လယ်ဝေနေတဲ့တိုင်းပြည်ကို အဲဒီလူတန်းစားသစ်ကပါ ၀င်ပြီးဖိစီးနှိပ်စက်နေတယ်။ ကျနော်တို့လယ် သမားတွေ၊ ကျနော်တို့အလုပ်သမားတွေ၊ အဲဒီစစ်အာဏာရှင်လက်ဝေခံ၊ အစိုးရလက်ဝေခံတွေပိုင်ဆိုင်တဲ့ စီးပွားရေး ကုမ္ပဏီတွေရဲ့ အနိုင်ကျင့်စော်ကားတာကို၊ အံကြိတ်ခံ နေရတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့အစိုး ရ ဆိုသူများကလည်း၊ ဒါကို ဒီအတိုင်းလက်ပိုက်ကြည့်နေကြတယ်။

ရာဇ၀င်ရိုင်းလိုက်တာ ကိုဒေါင်းရေ။ ဇာတ်ကနာပြီးရင်း နာနေတော့တာပဲ။ ပြည်သူတွေဒုက္ခရောက်နေတာကို မကြည့်နိုင်တဲ့သူတွေကတော့၊ပြည်သူတွေကိုယ်တိုင်ပဲဖြစ်နေတယ်။

ကျနော်တို့တိုင်းပြည်မှာ၊ ရောမမြို့ ကြိးမီးလောင်တာ၊ တယောထိုးမပျက် ထိုင်ကြည့်နေတဲ့ ‘‘နီရိုး”ဘုရင်လို လူစားမျိုးတွေလည်းရှိနေတယ်။ စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ မီးတောက်မီးလျှံတွေကြားမှာ ကျနော်တို့  တိုင်း ရင်းသားပြည်သူတွေ၊ ပြေးရင်းလွှားရင်း လူဖြစ်ရှုံးနေရတယ်။

ကိုဒေါင်း … တချို့ကျတော့လည်း၊ ဆရာအောင်ပြည့်ရဲ့ ‘‘နေရစ်တော့ မြသီလာ” ကဗျာစာအုပ်ထဲကလို၊ ရေကို ဆူအောင် အရင်ကျိုချက်ပြီးမှ မီးငြှိမ်းသတ်ဖို့ ပြောဆိုညွှန်ကြားနေတဲ့လူစားမျိုးတွေလည်း ကျနော်တို့ နိုင် ငံရေးလောကမှာမရှား၊ တွေ့နေရတာမဟုတ်လား။

ဒါတွေကတော့ ကျနော်တို့ရှောင်လွဲလို့ မရတဲ့လက်တွေ့တရားပဲ ကိုဒေါင်းရေ။ ဒါတွေကိုကြည့်ပြီး ကျနော်တို့ စိတ်ပျက်စရာ၊ အားငယ်စရာမလို ပါဘူး။ ကျနော်တို့မှာ ကျနော်တို့တိုက်ပွဲကိုယုံကြည်တဲ့စိတ်အင်အား၊ ကျနော် တို့ခေါင်းဆောင်ကို ယုံကြည်တဲ့စိတ်အင်အား၊ ကျနော်တို့ ပြည်သူလူထုကို ယုံကြည်တဲ့စိတ်အင်အားတွေ အခိုင် အမာ ရှိနေတာပဲမဟုတ်လား။

ဒီစိတ်အင်အားတွေ ဘယ်ကလာသလဲ ကိုဒေါင်း။ ဒီစိတ်အင်အားတွေဟာ စာပေအနုပညာကလာတာပါ။ အစဉ် အဆက် လူထုဘ၀ကိုဖြတ် သန်းနေတဲ့ပြည်သူ့စာပေအနုပညာကလာတာပါ။ ရှင်းရှင်းလေးပါ။ ဒါအမှန်တရားပဲ။ ဒါကြောင့် နာမကျန်းဖြစ်နေတဲ့တိုင်းပြည်နဲ့လူမျိုးကို ကယ်တင်ရေးမှာ၊ စာပေအနုပညာဟာ၊ အထူးအရေးပါ တဲ့အခန်းကဏ္ဍမှာရှိတယ်လို့ ကျနော်တို့လက်ခံထားတာမဟုတ်လား။

တိုင်းပြည်ဟာ ဒုက္ခရောက်ပြီးရင်းရောက်နေတယ်။ ပြည်သူတွေကဆင်းရဲတွင်း နက်သထက်နက်နေတယ်။ ဒုက္ခရောက်နေတဲ့တိုင်းပြည်ကို၊ဆင်းရဲတွင်းနက်နေတဲ့ပြည်သူတွေက၊ ကယ်တင်ဖို့ ကြိုးစားနေတယ်။ ‘‘မျက်စိ မမြင်တဲ့ကြွက်ကို၊ မျက်စိမမြင်တဲ့ကြွက်က၊ လက်တွဲခေါ်သည်” ဆိုတဲ့စကားလို၊ ဒဏ်ရာအနာတရ နဲ့ ပြည်သူတွေ ဟာ ပြည်သူအချင်းချင်းရိုင်းပင်းကူညီနေရတယ်။

ကိုဒေါင်းရေ … ရုပ်ရှင်မင်းသားကျော်သူ Face Book မှာတင်ထားတဲ့စာလေးတပိုဒ်၊ ကျနော်ဖတ်ပြမယ်။ ‘‘သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ကရုဏာထားခြင်း၊ တခြားလူများ၏တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှု အတွက်၊ အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်းသည်၊ တိုင်းပြည် နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သယ် ပိုးဆောင်ရွက်ရာရောက်သည်” (ပါရဂူ) တဲ့။ ဆရာပါရဂူရဲ့ စာတွေထဲကပါ။

ဒါပဲကိုဒေါင်း … နာရေးကူညီမှုတွေဆောင်ရွက်နေတဲ့ ရုပ်ရှင်မင်းသားကျော်သူက အစ၊ သွေးကူညီရေးတွေ လုပ်လို့၊ အခုအဖမ်းခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အထိဆိုပါတော့။ ဆရာပါရဂူကွယ်လွန်သွားပေမယ့် ဆရာ့ရဲ့လူထုအကျိုးပြု၊ ပြည်သူ့ပရဟိတအတွေးအခေါ် တွေ၊ စိတ်ဓာတ်တွေဟာ၊ ကျနော်တို့နှလုံးသားမှာ ပျံ့နှံ့စွဲဝင်နေခဲ့ပြီမဟုတ်လား။

ဆရာပါရဂူကွယ်လွန်သွားခြင်းဟာ၊ လောကပါလတရားဘက်က၊ ထက်မြက်တန်ခိုးရှိတဲ့အသံတသံ တိတ်သွား တယ်လို့ထင်စရာရှိပါတယ်။ဒါပေမယ့် ဆရာ့အသံတိတ်မသွားပါဘူး။ ဘယ်တော့မှလည်း တိတ်မှာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၁၉၇၈ ဆရာဗန်းမော်တင်အောင်ကွယ်လွန်စဉ်က၊ ဆရာပါရဂူက ဆရာဗန်းမော်တင်အောင်နဲ့ ပတ်သက်လို့၊ သူ့ရဲ့ကိုယ်ပိုင်ဒဿန ကို၊ အခုလိုလှစ်ဟပြခဲ့ဖူးပါတယ်။ ‘‘တရားစောင့်သူကို တရားကပြန်စောင့် သည်။ ပြည်သူကိုချစ်သူအား ပြည်သူကပြန်ချစ်သည်။ လူကိုလေး စားသူအား လူကပြန်လေးစားသည်။ ဤကား အလွန်ရိုးစင်းသောဒဿနတရပ်ပင်ဖြစ်သည်” တဲ့။

ဒီလိုရိုးစင်းတဲ့ဒဿနက၊ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ကာကွယ်စောင့်ရှောက်နိုင်တယ်ဆိုတာ ကျနော်တို့ အလေးအနက်ယုံကြည်နေဆဲပဲမဟုတ်လားကိုဒေါင်းရေ။

အားလုံးကို လေးစားတန်ဖိုးထားလျက် …
အောင်ဝေး
ဧပြီ ၁၂၊ ၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts