ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
ဆရာစွမ်းက ကျနော့်ကို
များများဖတ်၊ များများတွေး၊ များများရေးတဲ့။
တက္ကသိုလ်စိန်တင်က ကျနော့်ကို
ကလောင်ဆိုတာ ဒါးလို
သွေးမှ၊ သုံးမှ ထက်တာ
ဟေ့ကောင် ရေးသာရေးတဲ့။
အကိုကြီး အောင်ဝေးက ကျနော့်ကို
တလ တပုဒ်တော့ ရေးဖြစ်အောင်ရေးတဲ့။
ဆရာတွေ အားပေးကာမှပဲ
အတွေးတွေက ဖောင်း
အရေးတွေက ညောင်း
ဘေးတွေလဲ စောင်း
ကျနော်နဲ့ စိတ်နဲ့  ၀ိရောဓိ။
ကျားပါးစပ်က အသားစများ
ရုပ်ရှင်လို ကြည့်နေရတဲ့အခါ
မီးတောင်မြုံလို အတွင်းကြေ အပြင်ငြိမ်။
ဦနှောက်နဲ့ နှလုံးသား
အဆွေခင်ပွန်း မဖြစ်တဲ့အခါ
ဖန်တီးမှု အနုပညာဟာ
အကျယ်ချုပ်ကျ အကျဉ်းသား။
(ကျုပ် နှလုံးသားက
စာနာစိတ်တွေနဲ့ 
နုလွန်းနေသလားဗျာ)
သူ့ တသက်မှာ
တခါမှ ၀မ်းဝအောင် ရောင်းစားမရတဲ့
ပန်းချီကားတွေ ပိုင်ရှင်ဟာ
ကမ္ဘာကျော် ဗင်းဆင့်ဗန်ဂိုး။
သူ့ တသက်မှာ
ရောင်းရ မရောင်းရ
ထုချင်ရာ ထုသွားတဲ့ ပန်းပုကျော်ဟာ
ကမ္ဘာကျော် ရိုဒင်။
တည်ကြည်တဲ့ စိတ်ဓာတ်နဲ့ ဇွဲ
(အားကျပါတယ် ဗင်းဆင့်နဲ့  ရိုဒင်)
ခုတော့… ကျနော့်မှာ
အားကျတယ်ဆိုတာ
အား မတက်ခြင်းဘဲဖြစ်နေပေါ့။
ကျနော်တို့ ရွာက
သမင်နဲ့ ကျား တဖက်စောင်းနင်းပွဲ
ဗျိုင်းနားဘုရင် ကိုးကွယ်မှု
လေယူရာယိမ်းက ပေါက်ပင်များ
King ပြထားတဲ့ အောက်(ရှစ်)ဖဲ
စိန်နားကပ် အရောင်လက် ပါး
တဘ၀စံတွေနဲ့  တသက်ခံတွေကြားမှာ
ကဗျာ မူးသွားခဲ့သူ ကျနော်။
ခံစားချက်တွေ ကြီးတဲ့အခါ
ပေါက်ကွဲမှုတွေ များတဲ့အခါ
တက်ပြီး ပစ်လဲသွားသလိုမျိုး
အကြိမ်ကြိမ် ကြုံတွေ့ နေရလို့ 
နှလုံးသားသံတိတ်၊ ကဗျာတွေ ဆိတ်။
ဆရာတွေ အားပေးစကား အား
ဆရာတွေ ဆုံးမစကား မခါး
နားဝယ် အပါးတော်မြဲပေမယ့်
နားလည်ပေးပါ ဆင်ခြေမတက်ရဲ
ကျနော့်အပေါ် အကြွေးတင်နေပြီ။ ။