>
နေ၀င်းမောင်နဲ့ တပည့်ကျော်များ ပေးစာသို့ ပြန်စာ
ကိုမိုက်ခဲစိန်
မေ ၄၊ ၂၀၁၁
မြန်မာဝက်ဆိုက်တခုဖြစ်တဲ့ www.EastWind.Net မှာ ပေးစာတခုတွေ့ပါတယ်။ နေ၀င်းမောင်နဲ့ တပည့်ကျော်များ … ပါတဲ့။ ဒီမှာ အသေးစိတ်ကို ဖတ်နိုင်ပါတယ်။ ဒီစာကို ဖတ်ပြီး ကျနော်တို့ထံကို မေးခွန်းထုတ်တဲ့သူတွေထဲမှာ ပြည်တွင်း ပြည်ပက မိတ်ဆွေတွေပါတယ်။ “ဘာလဲ ဘယ်လဲ …” ပေါ့။
စာထဲမှာ စွပ်စွဲထားတာက ပြည်တွင်းက စာနယ်ဇင်းလုပ်ငန်းရှင် ကိုနေ၀င်းမောင်ဟာ ပြည်ပမီဒီယာတွေထဲမှာ သူ့စာနယ်ဇင်းက လူတွေကို ထည့်ထားတယ်။ ဒါကြောင့် သူ့အကြောင်း ဝေဖန်ဖို့ ပြည်ပမီဒီယာတွေက နှာစေးကြတယ် ဆိုပဲ။ ပြည်ပမီဒီယာတွေမှာ လုပ်နေတဲ့သူတွေကို လက်လှမ်းမီသလောက် အမည်စာရင်းတောင် ပြုစုပြီး ထည့်ပေးထားလိုက်ပါသေးတယ်။
ပြည်ပက မြန်မာတွေရဲ့ မီဒီယာတွေနဲ့ ပြည်ပအစိုးရတွေရဲ့ မြန်မာရေဒီယိုတွေ အပါအ၀င် အဲသည်မှာ အလုပ်လုပ်နေသူ မြန်မာတွေကို အတော်ဝေဖန်ကြတာ တွေ့နေတာ ကြာပါပြီ။ မိုးမခလို မီဒီယာဆိုတာက အဲသည်လို တော်ဝင် တန်းဝင် မီဒီယာမဟုတ်ဘူး၊ အင်တာနက်လမ်းမပေါ်က ခြေသလုံးအိမ်တိုင်မီဒီယာဆိုတော့ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ၀င်မရေးဘူး။ ၀င်မရှင်းမိဘူး။
သို့သော် ခြေပုန်းခုတ်နေတဲ့ သတင်းတွေ၊ အတင်းတွေရှိတယ်၊ ဒါတွေဟာ ပရိသတ်တွေကို သံသယအကျိုးဖြစ်စေတယ်၊ အကျိုးမရှိဘူး ထင်လို့ ပြန်ရေးဦးမှပဲဆိုပြီး ပြည်တွင်းက မိုးမခရဲ့ ခြေသလုံးအိမ်တိုင် နွားကျောင်းသားတဦးကို ပြန်မေးတယ်။ ဘယ်လိုထင်သလဲ ပြောစမ်းပါဦးပေါ့။
သူက သူ့သဘောကို ပြန်ပြောတာကတော့ –
“နေ၀င်းမောင်ကို မကြိုက်လို့ ရေးလိုက်တာဖြစ်ပေမယ့် သူ့ကို ပိုပြီးအထင်ကြီးအောင် ရေးပေးသလို ဖြစ်နေတယ်။ သူကပဲ အကွက်ကျကျနဲ့ ထည့်ထားတဲ့ ပုံပေါက်နေတော့ နံမယ်အဖော်ခံရသူတွေပါ အလကားနေရင်း နံမယ်ထိခိုက်ကုန်တယ်။ နေ၀င်းမောင်ဆိုတာက သူ့အထွာနဲ့ သူ့ဟာနဲ့သူ သူ့တဦးတည်း ကြီးပွားအောင်၊ သြဇာရှိအောင် လုပ်နေတာဖြစ်တယ်။ သူ့ပေးစာမှာ ပြောထားသလို အကွက်ချနိုင်သူလို့ အရမ်း အထင်ကြီးပြစရာမလိုပါ …”
လို့ ပြန်ပြီး စာရေးပါတယ်။
နောက်တဦးကတော့
“သူ အဲသည်လောက်တော်နေရင် နေပြည်တော်က အကြံပေးအဖွဲ့မှာ အခု ပါနေပြီပေါ့ …” လို့ ပြန်ပြောပါတယ်။
ပြည်တွင်းနဲ့ ပြည်ပ စာနယ်ဇင်းလုပ်ငန်းရှင်တွေ အချင်းချင်း၊ စာနယ်ဇင်းငွေရှင်တွေ အချင်းချင်းဟာ သူတို့အချင်းချင်းထဲမှာ မိတ်ဆွေတွေဖြစ်တယ်။ တူရင်တွဲ၊ မတူရင် ခွဲလုပ်သူတွေဖြစ်တယ်။ ဒါကို နားလည်ထားသင့်တယ်။ စစ်အုပ်စုနဲ့ နီးသူ ဝေးသူ ကွာမယ်၊ နှစ်ဖက်စလုံးနဲ့ နီးစပ်သူတွေလည်း ပါမယ်။ လုပ်ငန်းရှင်တွေ ငွေရှင်တွေကတောင် အကျိုးစီးပွားကို ကြည့်ပြီး အလုပ်လုပ်နေတာကို နားလည်ပေးနိုင်ပြီ ဆိုရင် ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားတွေ အချင်းချင်းတွေဟာ မိတ်ဆွေတွေလိုမျိုး တူရင်တွဲ၊ မတူရင်တော့ ခွဲလုပ်ကြတာကို သိကြဖို့ သင့်ပါတယ်။
မူတွေ၊ သီလတွေ၊ အတွေးအမြင်တွေ မတူကြလို့၊ အကျိုးစီးပွားချင်း မတူကြလို့ ခွဲကြ၊ တွဲကြတာတွေ ပြိုင်ကြ ဆိုင်ကြတာတွေ ရှိသော်လည်း ရန်သူကြီးတွေလို ရန်တိုက်စရာ၊ ရန်ဖြစ်စရာတော့ လိုမယ် မထင်ပါဘူး။
ရန်သူက (စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေ) လက်သပ်မွေးထားသူ အရေခြုံစာနယ်ဇင်းဆိုသူတွေက အသားလွတ်တိုက်ခိုက်တာတွေ၊ သွေးခွဲတာတွေ၊ သံသယသွေးထိုးတာတွေကို မြင်နိုင် ခွဲခြားနိုင်သေးတာ စာနယ်ဇင်းလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအရ၊ ၀ါသနာအရ၊ စိတ်ဝင်စားမှု အတိုင်းအတာအရ လုပ်ကိုင်သူတွေက အချင်းချင်းတော့ အဆင့်အတန်း အနေအထားလိုက်ပြီး လက်ခံပေါင်းသင်းနိုင်ကြမယ် ထင်ပါတယ်။
၂၀၀၆ ဘလောဂ့်တခေတ်ဆန်းချိန်က စပြီး ခေတ်သစ်မီဒီယာ ပေါ်ထွန်းပါတယ်။ ၂၀၀၇၊ ၂၀၀၈ ရွှေဝါရောင်နဲ့ နာဂစ်မှာ ဘလော့ဂါတွေဟာ ဒီမိုကရေစီမီဒီယာကို တော်လှန်ပစ်လိုက်ပါတယ်။ သူတို့အခမ်းကဏ္ဍ ရှေ့တန်းရောက်လာလို့ နာမည်ဝင်ယူသူတွေ၊ အကျိုးအမြတ်ထုတ်သူတွေ လက်တဆုပ်စာရှိသလို ထောင်တွေ တောတွေ အဝေးမြေတွေထဲမှာ ထိခိုက်သူတွေ၊ ကျဆုံးသူတွေ၊ စွန့်လွှတ် အနစ်နာခံသူတွေ အများကြီးပဲ။ ထို့အတူ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် ဘလော့ဂါတွေဟာ မီဒီယာတွေထဲ ၀င်ရောက်လာကြတာလဲ အများကြီးပါ။ ပြည်တွင်း ပြည်ပ။
ဒါကြောင့်မို့လို့ တသီးပုဂ္ဂလစာနယ်ဇင်းသမားတွေ ထွန်းကားလာတာ၊ သူတို့ရဲ့ ဘ၀နဲ့ ပညာအတွက် ကြိုးပမ်းအားထုတ်နေကြတာ၊ ဘ၀အာမခံချက်တွေ စသည်ဖြင့်အတွက် လှုပ်ရှားဆက်သွယ်နေကြတာ သဘာဝတခုပါပဲလို့ ထင်မြင်မိပါတယ်။ မိုးမခလိုမျိုး ခြေသလုံးအိမ်တိုင် မီဒီယာကနေ လက်တည့်စမ်းကြ၊ အစွမ်းတွေ ပြကြ၊ မိတ်ဆွေကွန်ယက်တွေ ချဲ့ထွင်ကြ၊ အပြောကျယ်တဲ့ မီဒီယာပင်လယ်ကြီးထဲ ပျံဝဲကြတာတွေတောင် ရှိတာဗျာ … ကိုယ်လည်း ဘာမှ မဟုတ်ဘူး၊ သူတို့လည်း ဘာမှ မဟုတ်ဘူး။ အေးဆေးပါ …
စာနယ်ဇင်းသမားတွေ အချင်းချင်းမှာ ထိန်းသိမ်းတာက သစ္စာလို့ ထင်တယ်။ အချင်းချင်း သစ္စာရှိတာပါ။ စာနယ်ဇင်းရှေ့တန်းစစ်မျက်နှာမှာ ပြည်သူတွေကို သတင်းအစစ်အမှန်တွေ ပေးဖို့ ဘ၀တွေ အသက်တွေရင်းပြီး လုပ်နေချိန်မှာ ပြိုင်ဖက်အချင်းချင်းတွေကို ပျက်စီးသွားအောင်၊ ရန်သူလက်ထဲကျအောင်တော့ သစ္စာမဖောက်ဘူး။ ကိုယ့်အချင်းချင်း ညီညွတ်ရေးတေးကိုတော့ အရင်ဆိုကြရလိမ့်မယ်။ အချင်းချင်း ဝေဖန် ရန်ဖြစ်ကြရင်လည်း မျက်နှာချင်းဆိုင် ဖြစ်ကြရလိမ့်မယ် ထင်ပါတယ်။