>April 29th 2011 – Q & A with Suu

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
ဧပြီ ၂၉၊ ၂၀၁၁ ရက်နေ့ အာရ်အက်ဖ်အေ အစီအစဉ်

● မေးသူ ။ ။ သန်းဝင်းလှိုင် (ထိုင်းနိုင်ငံရောက် စာရေးဆရာ)
● မေးခွန်း ။ ။ အမ နေကောင်းပါသလားခင်ဗျား။ ကျနော်ပထမဦးဆုံးမေးချင်တာကတော့ ၂၀၀၃ မေလ ဒီပဲယင်း မှာပေါ့နော် … လူတစုပေါ့၊ အဲဒီလူတွေရဲ့ မတရားရိုက်နှက် လုပ်ကြံသတ်ဖြတ်တဲ့ ဒီပဲယင်းအရေးအခင်းကြီးမှာ အမ ဘယ်လိုလွတ်မြောက်သွားသလဲ … ကျနော် သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

● ဖြေ ။ ။ ဆရာသန်းဝင်းလှိုင် ပေးတဲ့စာအုပ်တွေကိုရကြောင်း အခုမှပဲ ပြောဖို့အခွင့်အခါကြုံလို့ ပြောပါ ရစေ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပဲယင်းတုန်းကကိစ္စကို အသေးစိပ်ပြောဖို့ဆိုလို့ရှိရင်တော့ အစီအစဉ်တခု သတ်သတ်ကို လုပ်မှာပါ။ အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့လူတွေက လမ်းကို ပိတ်ဆို့တားဆီးဖို့ ကြိုးစားနေတဲ့အထဲကနေပြီးတော့ ဖောက် ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

● မေးသူ ။ ။ဒေါ်လွင်လွင်မြင့် (အရှင်ဂမ္ဘီရ၏ အမ)
● မေးခွန်း ။ ။ အန်တီစုရေ ကျန်းမာပါရဲ့လားရှင်?။ ကျမသိချင်တဲ့ မေးခွန်းကတော့ ၂၀၀၃ ဒီပဲယင်းအရေး အခင်းနဲ့ပတ်သက်ပြီး အန်တီ ဘယ်လို သဘောထားပါသလဲ?..။ အဲဒီ ဒီပဲယင်းအရေးအခင်းအပြီး မှာ ညောင်နှစ် ပင်ညီလာခံတက်ဖို့ NLD က အစိုးရနဲ့ ညှိနှိုင်းစီစဉ်ခဲ့တယ်ဆိုတာ ကျမတို့ ကြားခဲ့ရပါတယ်။ အဲဒါ ဟုတ်ပါသ လား?.. အန်တီ။ ဟုတ်မှန်တယ်ဆိုရင် ညီလာခံတက်ဖို့ ဘာကြောင့် ပျက်ပျယ်သွားခဲ့တယ်ဆိုတာကို အန်တီ့အနေ နဲ့ ပြောပြ နိုင်လားရှင်?..။ အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

● ဖြေ ။ ။ မလွင်လွင်မြင့် RFA က ပြောတာတွေကို နားထောင်ရလို့ သိကျွမ်းပြီးသားလူတယောက်လို့ ခံစားရပါ တယ်၊ ဒီပဲယင်းကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှု ယူခဲ့တဲ့ အချက်တွေက …
၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်။
၎။ ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံနေရသူအားလုံးကို ပြန်ပြီးတော့လွှတ်ပေးရန် …ဆိုတာတွေဖြစ်ပါတယ်။
NLD ဖက်ကတော့ မိမိတို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူ လိုက်ပါတယ်။ ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသားညီလာခံ စဖို့ရက်အနည်းငယ်လေးအလို မှာ အန်တီ့ကို မလွှတ်ပေးဘူးပြောတာကစပြီး သဘောတူညီချက်တွေကော ဆွေးနွေးတာတွေကော ပျက်သွားပါ တယ်။

● မေးသူ ။ ။ ကိုဇော်ဌေး (မလေးရှား )
● မေးခွန်း ။ ။နေကောင်းလားမေမေ?..။ သားနာမည်မောင်ဇော်ဌေး၊ မလေးရှားနိုင်ငံ ဘန်စာမြို့မှာနေပါတယ်။ သားက အမေစုလွတ်မြောက်အောင် မလေးရှားနိုင်ငံမှာ ဆန္ဒပြရင်းရဲ ဖမ်းမိလို့ ထောင် ၁နှစ် ကျခဲ့ပါတယ် အမေ။ နိုင်ငံခြားမှာ ဆန္ဒပြတာ ထောင် ၁နှစ်ပဲကျတယ်အမေ။ မြန်မာနိုင်ငံက သံဃာတော်၊ ညီအကို၊ညီအမ များဟာ အမိတိုင်းပြည်အတွက် ဒီမိုကရေစီရအောင် ဆန္ဒပြတာ ဘာလို့ နှစ်တွေ အများကြီး ပေးဆပ်နေရတာလဲ အမေ၊ သူတို့ကို အရမ်းသနားတယ် အမေ။ ဒီကိစ္စဟာ ဆုတောင်းရုံနဲ့ ပြီးနေမယ့် ကိစ္စ မဟုတ်နိုင်တော့ဘူးအမေ။ သူတို့ အမြန်ဆုံးလွတ်မြောက်စေချင်တယ် အမေ။ သူတို့ အမြန်ဆုံး လွတ်မြောက်အောင် သားတို့ ဘာတွေ လုပ်ကြရင် ကောင်းမလဲ မေမေ။ ဖြစ်နိုင်မယ်ဆိုရင် သားတို့ လူငယ်ထုကြီးကို နိုင်ငံချစ်တဲ့စိတ်၊ တာဝန်ယူ တတ်တဲ့စိတ်မျိုး များများဖြစ်လာအောင် RFA အသံလွှင့်ဌာနက ၂ ပတ် ၁ ခါလောက် နာရီဝက် မိန့်ခွန်း ပြော ကြားပေး စေလိုပါတယ်အမေ။ အမေနှင့်တကွ အမိနိုင်ငံ ချစ်သူများအားလုံး လိုအင်ဆန္ဒ အမြန်ဆုံး ပြည့်မြော က်နိုင်ပါစေ အမေ။

● ဖြေ ။ ။ သားအခုပြန်ပြီး လွတ်မြောက်နေတာကို သိရလို့ ဝမ်းသာပါတယ်။ ပြည်တွင်းက နှစ်ရှည် အကျဉ်း ကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေအတွက် စဉ်းစားပူပန်ပေးတာအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆုတောင်းေ နရုံနဲ့တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမှာမဟုတ်ဘူးဆိုတာကတော့ အမှန်ပါပဲ။ သားတို့လို စွန့်စွန့်စား စားနဲ့ တတ်နိုင်သမျှ လုပ်ပေးသူတွေကြောင့်လည်း အမေလွတ်လာတာလို့ ယုံကြည်ပါတယ်။ ဒီလိုပဲ နည်းအမျိုးမျိုး နဲ့ ဆက်ကြိုးစားနေရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့စေချင်ပါ တယ်။ မလေးရှားက အကျဉ်းထောင်တွေအကြောင်းတော့ မသိဘူး။ ဒီမြန်မာ နိုင်ငံမှာဆိုရင် ထောင်တွင်းကျွေး စာနဲ့ ဘယ်လိုမှ ကျန်းမာရေးကို ထိန်းသိမ်းနိုင်တာမဟုတ်လို့ အစားအစာပို့ရတာကိုကပဲ အကျဉ်းကျ မိသားစုတွေ အတွက် ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်နေပါတယ်။ အမေလည်း အချိန်ပြည့် အလုပ်တွေလုပ်နေရလို့ လောလော ဆယ်တော့ အသံလွှင့်ဌာနမှာ မိန့်ခွန်းပြောဖို့ မစီစဉ်နိုင်သေးတာကိုလည်း နားလည်ပေးစေချင်ပါတယ်။

● မေးသူ။ ။ မကြေးမုံ (စင်္ကာပူ)
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီ။ အန်တီ့ကို သမီး Personal နဲ့ ပတ်သက် တဲ့ မေးခွန်းလေးတခု မေးခွင့်ပြုပါနော်။ ဒီမေးခွန်းကို သမီးတယောက်ထဲအတွက် မေးတာမဟုတ်ပဲ သမီးလိုပဲ ကိုယ့်ရဲ့အိမ်နဲ့ဝေးနေတဲ့ ကိုယ့်မိသားစုနဲ့ ဝးနေတဲ့ လူတွေရဲ့ကိုယ်စား မေးတယ်လို့ သဘောထားစေချင်ပါတယ်ရှင်။ ဒီမေးခွန်းကို အန်တီဖြေရင် လဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတယောက်အနေနဲ့ နိုဘယ်လ်ဆုရှင် တယောက်အနေနဲ့မဟုတ်ပဲ သာမန်မိခင် အမျိုးသမီးတယောက်အနေနဲ့ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။ သမီးသိချင် တာကတော့ အခုအချိန်ကနေစပြီး အန်တီ ရှေ့ဆက်မဲ့ဘဝရဲ့ အချိန်တွေကို ဖြတ်သန်းချင်တဲ့ အန်တီ့ရင်ထဲမှာ တကယ်ကို မျှော်လင့်နေတဲ့ ဆန္ဒတချို့ကို သိချင်ပါတယ်အန်တီ။ ကျေးဇူးတင်ပါတယ် အန်တီ။

● အဖြေ။ ။ ပထမဦးဆုံးကတော့ အန်တီတို့တတွေအားလုံး တောင်းတနေတဲ့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုစေ မယ့် နိုင်ငံရေး အုပ်ချုပ်ရေးစနစ် မြန်မာပြည်မှာ ပေါ်ထွန်းလာတာကို မြင်ချင်ပါတယ်။ ဒုတိယအနေနဲ့ ဒီစနစ်ခိုင် မာလာပြီဆိုတာ စိတ်ချနိုင်ချင်ပါတယ်။ တတိယက မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာတဝှမ်းမှာ ဒုက္ခဆင်း ရဲ ရောက်နေတဲ့လူတွေကို ကူညီ စောင့်ရှောက်တဲ့လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ဆောင်ချင်ပါတယ်။ နောက်ဆုံး ပုဂ္ဂိုလ်ရေးအရကတော့ အန်တီ့ရဲ့သားတွေ မိတ်ဆွေတွေအတွက် အေးေ အးဆေးဆေး အချိန်ပေးတာမျိုး တာဝန်အရမဟုတ်ပဲ ဝါသနာအရ ဖတ်ချင်တဲ့စာအုပ်တွေဖတ်တာမျိုး လေးလေး နက်နက် တရားအားထုတ်တာမျိုးတွေ လုပ်ချင်ပါတယ်။ ထူးထူးခြားခြား ဘာမှမပါပါဘူး။ လူသားတယောက် ရနိုင်တဲ့ အေးချမ်းမှုကိုပဲ လိုချင်တာပါ။

● မေးသူ ။ ။ ကိုဖုန်းလှိုင် (တိုကျို၊ဂျပန်)
● မေးခွန်း။ ။ ကျနော့နာမည်က ဖုန်းလှိုင်လို့ခေါ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာအလုပ်သမားသမဂ္ဂက ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့နာမည်က (FWUBC) ကျနော်တို့သမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးပေါ့နော် အယူအ ဆ တခုရှိပါတယ်။ ပထမအယူအဆဖြစ်တဲ့ ကျနော့်အယူအဆကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့က နံပါတ် ၁ ဖြစ်တယ်။ ဒီမိုကရေစီရပြီးမှ ဒီအလုပ်သမားသမဂ္ဂတွေ ပြန်ထူထောင်မယ်ပေါ့နော်။ ထူထောင်ပြီးတော့မှ အလုပ်သမားအခွင့်အရေးကို ကြိုးစားမယ်ပေါ့နော်။ နောက် ကျန်တဲ့အယူအဆတခုကတော့ အလုပ်သမား သမဂ္ဂတွေ လက်ရှိထူထောင်ပြီးတော့မှ ဒီမိုကရေစီရဖို့ကို ဒုတိယကြိုးစားမှာ ဖြစ်ပါတယ်။ ပတ်သက်ပြီးေ တာ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့အမြင်ကို ကျနော် သိချင်ပါတယ်။

● ဖြေ ။ ။ ဒီမိုကရေစီရရှိရေးနဲ့ သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့်စတဲ့ ဒီမိုကရေစီနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတွေ ရရှိရေး ၂ မျိုး လုံးကို တချိန်ထဲမှာပဲ တတ်နိုင်သလောက် လုပ်ရမယ်လို့ ထင်ပါတယ်။ ကျောင်းသားသမဂ္ဂပဲဖြစ်ဖြစ် အလုပ် သမားသမဂ္ဂပဲဖြစ်ဖြစ် တောင်သူလယ်သမား သမဂ္ဂပဲဖြစ်ဖြစ် သမဂ္ဂပေါင်း အမျိုးစုံဟာ တကယ်ကို ပြည့်ပြည့်ဝဝ လှုပ်ရှားနိုင်ဖို့ဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တခု လိုပါတယ်။ ဒါပေမယ့် သမဂ္ဂတွေ ထူထောင်ဖို့ ကြိုးစားခြင်း ဆိုတာလဲ ဒီမိုကရေစီအရေး ရဖို့ကြိုးစားခြင်းဖြစ်လို့ ဒီမိုကရေစီရရှိရေးနဲ့ သမဂ္ဂ ထူထောင်ရေး ၂ မျိုးစလုံးကို တတ်နိုင်သမျှ ဒွန်တွဲပြီး လုပ်သွားစေချင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။

● မေးသူ ။ ။ ဝိုင်မြင့်ချို (တောင်ကိုရီးယား)
● မေးခွန်း ။ ။ မင်္ဂလာပါ အမေ … ကျနော် ဝိုင်မြင့်ချိုပါ။ ကိုးရီးယားကပါ အမေ။ ကျနော်သိချင်တာက ကျနော် တို့မြန်မာလူမျိုးတွေဟာ ကောက်ရိုးမီးလိုပဲ စိတ်အတက်အကျ မြန်တဲ့ သဘောကို လူတော်တော်များများ မှာ တွေ့ရပါတယ်။ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်တဲ့ စိတ်အနေအထားမျိုးကို ဘယ်လိုစိတ်ဓာတ် အခြေခံမျိုးနဲ့ မွေးမြူသင့်ပါသလဲ ဆိုတာကို သိချင်ပါတယ် အမေ။ အမေ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။

● ဖြေ ။ ။ခံနိုင်ရည်နဲ့ ဇွဲမရှိတာဟာ ငယ်စဉ်ကထဲက ပြုစုပျိုးထောင်မှုနဲ့ဆိုင်မယ်လို့ ထင်ပါတယ်။ စိတ်ရှည်လက် ရှည်နဲ့ ပင်ပန်းခံပြီး ကလေးတွေကို သွန်သင် ဆုံးမရမယ့်အစား အလွယ်နည်းသုံးပြီး ပြုစုပျိုး ထောင်မယ်ဆိုရင် ကလေးတွေကလည်း ခံနိုင်ရည်တို့ ဇွဲတို့ ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ကြီးလာမှ ပုံသွင်းဖို့ ခက်တယ်ဆိုပေမယ့် တကယ်ပဲ ကိုယ့်ကိုယ်ကို ပြုပြင်ချင်ရင် ရပါတယ်။ ယုံကြည်ရာကို တစိုက်မတ်မတ် မလုပ်ခင် ခိုင်မာတဲ့ ယုံကြည် ချက်ရှိဖို့ လိုပါတယ်။ ဒီလို ယုံကြည်ချက်ရှိဖို့ဆိုတာကတော့ ကိုယ်ကျင်လည်နေတဲ့ဘဝကြီးကို ဆင်ခြင်သုံးသပ်ပြီး လူတယောက်အနေနဲ့ ဘယ်လို တန်ဖိုးရှိအောင် ဘယ်လို နေရမလဲဆိုတာကို စဉ်းစားခြင်းနဲ့ ရလာလိမ့်မယ်လို့ ထင်ပါတယ်။

● မေးသူ ။ ။ မခိုင်သီတာအောင်။
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီစုရှင့် ကျမ မခိုင်ပါရှင်။ ကျမ ပြည်တွင်းနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွေမှာ လူမှုရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဗမာပြည်ထဲက အမျိုးသမီးနဲ့ မူလတန်းကျောင်း ပညာရေးတိုး တက်ရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ တဖက်ကလည်း အမေရိ ကန်နိုင်ငံမှာ ပညာရေးနဲ့ပတ်သတ်ပြီး သုတေသနပြု ပါရဂူဘွဲ့ယူဖို့ ကြိုးစားနေပါတယ်။ အန်တီစုကို လေးလေးနက်နက်ယုံကြည် ထောက်ခံတဲ့ သူတယောက်အနေနဲ့ ဘယ်လို အပိုင်းတွေကနေပြီး ကျမ ဘာတွေ ဝိုင်းဝန်းလုပ်ကိုင် ပေးနိုင်မယ်ဆိုတာကို သိပါ ရစေရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

● အဖြေ ။ ။ သမီးတို့လို ပညာရေးနဲ့ပတ်သတ်လို့ အထူးလေ့လာနေတဲ့သူတွေ၊ လေ့လာ ထားတဲ့သူတွေဟာ အန်တီတို့ နိုင်ငံကို အများကြီးအကျိုးပြုနိုင်ပါတယ်။ လက်ရှိ အင်မတန်မှ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံပညာရေး စနစ်ကို ဘယ်လို နည်းတွေနဲ့ အမြန်ဆုံးမြှင့်တင်နိုင်မယ်ဆိုတာနဲ့ပတ်သက်လို့ အကြံဉာဏ် ပေးရုံတင်မက တနေ့တချိန် တခါမှာ ကိုယ်တိုင် ပါဝင် လုပ် ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ အန်တီတို့ ဒီမိုကရေ စီကွန်ယက်က ထူထောင်ထားတဲ့ ကျောင်းစီမံကိန်းကလေးတွေကို ပြည်သူတွေ ဝိုင်းဝန်းပံ့ပိုးနိုင်မယ့် နည်းတွေကို အကြံပြုနိုင်မယ်ဆိုရင် သိပ်ကို အထောက်အကူဖြစ်မှာပါ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts