>SF Burmese Community to join Burma Signature Campaign with Suu

>


မြန်မာပြည်သူများနှင့်အတူ Signature Campaign တွင်
ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာ့ဒီမိုကရေစီရေးလိုလားသူများ
ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမည်
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၂၇၊ ၂၀၁၁
ဧပြီလ ၁၇၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်တွင်းရှိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများက ကြံ့ဖွံ့သမ္မတကြီး ဦးသိန်းစိန်ထံ လက်မှတ်များ ရေးထိုးပြီး ၎င်းတို့ရဲ့ ဆန္ဒသဘောထားများကို ထုတ်ဖော်တင်ပြလျက်ရှိသည်။
 ၎င်းတို့က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လွှတ်ပေးရန်၊ ပြည်ပက နိုင်ငံရေးဒုက္ခသည်များအသီးသီး အေးချမ်းလုံခြုံစွာ အိမ်ပြန်လာနိုင်ကြရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ချက်ခြင်းရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ကြပါရန် ဆန္ဒသဘောထားများ စုဝေးထုတ်ဖော်သည့် လက်မှတ်ထိုးလှုပ်ရှားမှု စတင်နေပြီ ဖြစ်သည်။
မြန်မာနှစ်ဆန်းတရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံခေါင်းဆောင်များ၊ အင်န်အယ်ဒီပါတီဝင်များကလည်း ထောက်ခံကြောင်း၊ ပြည်သူ့သဘောထားအတိုင်းဖြစ်ကြောင်း လက်မှတ်များ ထိုးခဲ့ပြီး ဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြည်သူသို့ မေတ္တာရပ်ခံထားသည့်အတိုင်း ပြည်ပရောက်
မြန်မာပြည်သူတို့ကလည်း အဆိုပါ ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးသည့် လှုပ်ရှားမှုကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံအသီးသီးတွင် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။
ယနေ့လက်ခံရရှိသည့် သတင်းအရ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ ဒေသတွင်းရှိ မြန်မာ့ဒီမိုကရေစီရေး လိုလားသူ မြန်မာကွန်မြူနီတီအတွင်းရှိ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ မြန်မာမိသားစုများက Signature Campaign ကို ထောက်ခံပူးပေါင်းကြောင်း၊ လက်မှတ်ထိုး စုဆောင်းမှုကို အခမ်းအနားများဖြင့် မိမိတို့ စုဝေးရာနေရာများတွင် ကျင်းပမည်ဖြစ်ကြောင်း၊ လက်ဆင့်ကမ်း လက်မှတ်ထိုး စုဆောင်းမှုများကိုလည်း ၀ိုင်းဝန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်ကို တွေ့ရသည်။

“အင်န်အယ်ဒီဘားမားဝက်ဆိုက်နဲ့ အခြားအီးမေးတွေ ဖေ့စ်ဘွတ်တွေက ရရှိတဲ့ ဖောင်ကို ပရင့်ထုတ်ပြီး လက်မှတ်တွေ ထိုးကြမယ်။ လက်ရှိမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများ ခေါင်းစဉ်တပ်ပြီး လက်မှတ်တွေ စုကြမယ်။ အပတ်စဉ်တိုင်း ရတဲ့ လက်မှတ်တွေကို အင်န်အယ်ဒီရုံးကို ပို့ပေးမယ်။ အခု လာမယ့် စနေနေ့မှာ ဥက္ကလံမြို့က မြန်မာကွန်မြူနီတီ သင်္ကြန်ပွဲတော်မှာ ပန်ကြားလွှာလက်မှတ်ထိုးတဲ့ စာပွဲနဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဧည့်ပရိသတ်တွေကို ရှင်းလင်းတင်ပြပြီး လက်မှတ်တွေ စုဆောင်းကြမယ်။ တနင်္ဂနွေနေ့မှာလည်း Project Help Burma ရဲ့ မြန်မာမိသားစု တွေ့ဆုံပွဲမှာ စိတ်ဝင်စားသူတွေနဲ့ ဆက်လက်လက်မှတ်ထိုးတဲ့ အစီအစဉ်ကို စုပေါင်းပြုလုပ်မယ်။”
ဟု မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်သူ အင်န်အယ်ဒီ လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေက လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် ကိုတိုးလွင်ကို မိုးမခသို့ ပြောကြားသည်။
အစီအစဉ်အသေးစိတ်နှင့် ဆက်သွယ်ရန် အမည်၊ လိပ်စာတို့ကို နက်ဖြန်ရက်အတွင်း ထုတ်ပြန်ပေးမည်ဟု ဆိုသည်။ လက်ရှိ စုံစမ်းသိရှိသလောက် ဘေးဧရိယာအတွင်းရှိ မြန်မာ့အရေးလှုပ်ရှားသူ အသင်းအဖွဲ့များ၊ အစုအဖွဲ့များက အတူတကွ လက်တွဲစုဆောင်းကြမည်ဟု သိရသည်။
ယခု လက်လှမ်းမီသလောက် တွေ့ဆုံမိသော အဖွဲ့များ၊ လူပုဂ္ဂိုလ်များမှာ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) (ယူအက်စ်အေ၊ ဆန်ဖရန်)၊ Burmese American Democratic Alliance, Burmese American Women Alliance, Project Help Burma, သုံးရောင်ခြယ် လူငယ်အဖွဲ့ (ဆန်ဖရန်စစ္စကို)၊ ဥက္ကလံမြို့အခြေစိုက် ကျောင်းသား လူငယ်များနှင့်အတူ မိုးမခမီဒီယာအဖွဲ့ကလည်း ၀ိုင်းဝန်းလက်တွဲပြီး အများပြည်သူတို့ထံက သဘောထားဆန္ဒများ၊ လက်မှတ်များကို လိုက်လံ စုဆောင်းသွားမည်ဟု သိရသည်။
“ကျနော်တို့ဆီမှာ ရှိတဲ့ ဖောင်တွေကို ပရင့်ထုတ်ပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ် လက်မှတ်တွေ စုလို့ရပါတယ်။ ဖုံးဆက်ပြီးတော့လည်း အချင်းချင်း စုပေးနိုင်မယ်။ အီးမေးတွေနဲ့လည်း လှမ်းတောင်းလို့ရတယ်လေ။ အဓိကကတော့ ရှိတဲ့ ဖောင်ထဲမှာ နံမယ်နဲ့ လက်မှတ်ကို ဖြည့်စွက်ပြီး မြန်မာပြည်ကို စာရင်းနဲ့ ပြုစုပြီး ပို့ဖို့၊ လက်မှတ်အရေအတွက်ကိုလည်း မှတ်သားထားပြီး အချင်းချင်း အသိပေးဖို့တွေ လုပ်နိုင်မယ် ထင်တယ်။ အားလုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်လပ်စွာ မြို့နယ်တွေ အသီးသီးမှာ ဆောင်ရွက်နိုင်အောင်လို့ကို မြန်မာပြည်က ဖောင်မှာ ဖော်ပြထားပါတယ်။ ဘယ်သူက ဘယ်အဖွဲ့ကမှ လုပ်ရမယ် မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ မြို့နယ်မှာ မြန်မာမိသားစုတွေအတွက် အဆင်ပြေအောင် လိုက်စဉ်းစားပြီး လိုက်ကူညီမယ်။ သည်လို စဉ်းစား ထားတယ်”
ဟု ကိုတိုးလွင်က သူ့အတွေးကို ပြောပြသည်။
“မြန်မာမိသားစုတွေ စုဝေး ဆုံစည်းရာ ဘာသာရေးပွဲတွေ၊ ကျောင်းတွေအပြင် ဆေးခန်းတွေမှာလည်း ဖိုင်တွဲကလေး လုပ်ပြီး ထားနိုင်ရင် ကောင်းမယ်။ အချင်းချင်း လက်တို့ပြီး လက်ဆင့်ကမ်း လက်မှတ်ထိုးနိုင်မယ်။ ကျောင်းတွေ ကောလိပ်တွေမှာလည်း မြန်မာကျောင်းသားတွေက တယောက်တလက် ဆောင်ရွက်နိုင်တယ်။ လက်မှတ်တွေ ဘယ်လောက်စုမိပြီ ဆိုတာလည်း ထုတ်ဖော်ပြောဆိုနေလို့ရတယ်။ အခုအပတ်က စပြီး အပတ်စဉ် စုဆောင်းပြီး မြန်မာပြည်ကို ပို့ပေးမယ်။ အခု သည်တလအတွင်း ကျနော်တို့ မြို့နယ်တွေ အသီးသိးတွေ လုပ်ကြရင် ကျနော်တို့ရဲ့ ညီညွတ်မှု၊ စည်းလုံးမှုသာမက မြန်မာပြည်သူတွေနဲ့အတူ ပြည်ပကမြန်မာတွေ ဘယ်လောက် ထောက်ခံရပ်တည်နေတယ်ဆိုတာကို သက်သေပြလို့ ရတဲ့ လှုပ်ရှားမှုလဲ ဖြစ်တယ်”
ဟု မြန်မာ့အရေးလှုပ်ရှားသူတဦးဖြစ်သူ ကိုညွန့်သန်းကလည်း ၎င်းအမြင်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိတွင် ဆက်သွယ်ရန် မိတ်ဆွေများအဖြစ် မြန်မာကွန်မြူနီတီအတွင်းက ကိုတိုးလွင်၊ ကိုမိုးကျော်၊ ကိုညီညီသန်း၊ ကိုအောင်ဇာနည်၊ မခင်သီရိနန္̔ဒာစိုး၊ မမေဘယ်ထွန်း၊ မအေးရီဋ္ဌေး၊ ကိုစိန်ထွန်း၊ ကိုညွန့်သန်း၊ ဦးမောင်မောင်လတ် နှင့် ကိုမောင်ရစ်တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဆိုသည်။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည် ဖြစ်ပါသည်။
လက်ရှိ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီ အနေဖြင့် စုဆောင်းမည့် ဖောင်နမူနာကို သည်နေရာမှာ ရယူနိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts