>Colorado revoked 1400 driver licences including thousand of Burmese migrants

>

ကော်လိုရာဒိုပြည်နယ်က မြန်မာ ၁ ထောင် ကျော်၏ ကားမောင်းလိုင်စင်များကို ရုတ်သိမ်း
မိုးမခအထောက်တော် ဒင်ဗား
ဧပြီ ၂၆၊ ၂၀၁၁
ယမန်နေ့က ရရှိသော သတင်းအရ ကော်လိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့ပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းနေထိုင်ကြသူ မြန်မာလူမျိုးစုများ၏ ယာဉ်မောင်းလိုင်စင် ၁၀၀၀ ကျော်ကို ပြည်နယ်အစိုးရက လွန်ခဲ့သည် ရက်အနည်းငယ်က စတင်ပြီး ရုတ်သိမ်းလိုက်သည်ဟု သိရသည်။ သို့အတွက် အဆိုပါ မြန်မာဦးရေ ၁၀၀၀ ကျော်သည် ထိုအကြောင်းကြားစာ ရသည့်နေ့က စပြီး ကားမောင်းခွင့် လုံးဝမရှိတော့ပေ။
အဓိက ရာဇ၀တ်မှုကြောင်းအရ အရေးယူုခြင်းမှာ ထိုမြန်မာယာဉ်မောင်းများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ထိုယာဉ်မောင်းလိုင်စင်များရရှိရန် ဆောင်ရွက်ပေးသည့် ကားမောင်းသင်တန်းကျောင်း – “American Driving Acedamy” ၏ မသမာမှုများကို ထုတ်ဖော်အရေးယူမှုနှင့် ဆက်နွယ်နေသည်ဟု သိရသည်။
ထိုယာဉ်မောင်းသင်တန်းကျောင်းက ယာဉ်မောင်းသင်ဆရာ Dennis Sieving (ဒင်းနစ်ဆိဗင်း) ကို နိုင်ငံတော် ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာန (US Homeland Security) က အရေးယူခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါပုဂ္ဂိုလ်က ယာဉ်မောင်းသင်တို့၏ မှတ်တမ်းများ စစ်ဆေးမှုများကို အမှန်အတိုင်း ရေးသားခြင်းမပြုဘဲ လာဘ်စားပြီး လိုင်စင် ထုတ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။
မြန်မာပြည်မှ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာ့နိုင်ငံရေးဒုက္ခသည် လူမျိုးစုများက ယာဉ်မောင်းလိုင်စင်များ လျောက်ထားရယူကြရာတွင် အဆိုပါ ယာဉ်မောင်းသင်တန်းကို အားကိုးမှု အများဆုံးဖြစ်သည်။ ထိုယာဉ်မောင်းသင်တန်းက သင်တန်းဆရာနှင့် အပေါင်းအပါအချို့သည် အမေရိကန်ပြည်တွင်း ရောက်ခါစ ဘာသာစကားအခက်အခဲနှင့် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသူ ရွေ့ပြောင်းလူမျိုးစုများထံက ငွေကြေးများကို တဖက်လှည့်နှင့် တောင်းခံပြီး ကားလိုင်စင်များကို လိမ်ညာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မိုးမခမိတ်ဆွေတို့က ပြောပြသည်။
 မြန်မာများအပါအ၀င် လူနည်းစု ရွှေ့ပြောင်းသူ ဦးရေ ၁၄၀၀ ခန့်အထိ၏ ယာဉ်မောင်းလိုင်စင်များကို အရည်အချင်းစစ်ဆေးမှု သင်ကြားမှု ပြည့်မီစိတ်ချရခြင်း မရှိမီ ထုတ်ပေးခဲ့ခြင်းကြောင့် ကော်လိုရာဒိုး ကားလမ်းမများတွင် ယာဉ်တိုက်မှုများ အန္တရာယ်ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်း၊ တိုးပွားလာခြင်း၊ ပိုမို ဆိုးဝါးလာနိုင်ခြင်း တို့ကြောင့် ထိုသို့ အရေးယူခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ယာဉ်မောင်းသင်တန်းကျောင်းတခု၏ သင်တန်းဆရာ၏ မသမာမှု၊ လာဘ်စားမှုတို့ကြောင့် ထိုကျောင်းဆင်း မြန်မာဦးရေ ၁ ထောင် ခန့်မှာ လက်ရှိ လိုင်စင်များမှ ရုတ်သိမ်းခြင်း ခံထားရပြီး ယာဉ်မောင်းလိုင်စင်ကို ပြန်လည် ဖြေဆိုရယူရမည် ဖြစ်သည်။ အဆိုပါ ကားလိုင်စင်ရုတ်သိမ်းခံရသူများကို သီးခြားအရေးယူခြင်းတော့ မရှိဟု ဆိုသည်။
သို့သော်လည်း ထိုသို့ ကားမောင်းလိုင်စင် အသိမ်းခံရခြင်းအတွက် ထိုကားမောင်းသူ လူ ၁၀၀၀ ၏ မိသားစု စားဝတ်နေရေားဘ၀များမှာ ကားဘရိတ်အုတ်လိုက်သကဲ့သို့ ရုတ်ချည်းပင် ဂျွမ်းထိုး မှောက်ခုံ ဖြစ်ခဲ့ရသည်ဟု သိရသည်။ မိမိနေအိမ်များက အဝေးရှိ စက်ရုံ အလုပ်ရုံများ၊ ကျောင်းများသို့ သွားရောက် ရသူ မြန်မာများအဖို့ ကားမောင်းခွင့် မရှိတော့သဖြင့် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းတို့ ထိခိုက်ရသည်ဟု သိရသည်။ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့က ထိုလူနည်းစု ရွေ့ပြောင်းမိသားစုတို့၏ စားဝတ်နေရေးကို ထည့်သွင်းစဉ်းစားပြီး လိုင်စင်အသစ်ပြန်မရမီစပ်ကြား တစုံတရာ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် မြန်မာမိသားစုများက လက်မှတ်ထိုး တောင်းဆိုကြမည်ဟု ဆိုသည်။
အမေရိကန် လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၏ မသမာမှုများ၊ လိမ်ညာမှုများ၊ ဥပဒေလက်တလုံးခြားလုပ်မှုများကြောင့် ယခုကဲ့သို့ လူနည်းစု မိသားစုများ၊ ကျောင်းသားများပါ ထိခိုက်နစ်နာခြင်းများမှာ အမေရိကန်ပြည်တွင် အဆန်းမဟုတ်ဟု ဆန်ဖရန်စစ္စကိုမြို့ က အိန္ဒိယကျောင်းသားတဥိးက ထိုသတင်းကို အခြေခံပြီး တုန့်ပြန်ပြောကြားသည်။
အိန္ဒိယပြည်က အမေရိကန်ပြည်သို့ တက္ကသိုလ်ပညာသင်ရန် စေလွှတ်မှု ဦးရေမှာ တနှစ်ထက် တနှစ်တိုးပွားလျက်ရှိရာ အချို့ ကြေးရေတတ် ကျောင်းသားတို့က ကျောင်းဝင်ခွင့် အလွယ်လမ်းကို လိုက်လေ့ရှိကြောင်း ၊ ကျောင်းဝင်ခွင့် လွယ်ကူပြီး စည်းကမ်းစနစ်ကျစွာ စာသင်ကြားသော၊ စာမေးပွဲဖြေဆိုရသော တက္ကသိုလ် ကောလိပ်များထက် လွတ်လပ်သော နိုင်ငံခြားကျောင်းသားများကို ရည်ရွယ်သော ကျောင်းများကို ရွေးတက်ကြလေ့ရှိကြောင်း၊ လွန်ခဲ့သည့် ၅ လ ခန့်က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဘေးဒေသ ပုဂ္ဂလိကကောလိပ်တခုက အဆိုပါ ကျောင်းသားများကို ဆွဲဆောင်ပြီး ငွေကြေးအမြတ်ထုတ်နေမှုကို အစိုးရက ဖော်ထုတ်နိုင်ခဲ့သဖြင့် အိန္ဒိယကျောင်းသား ရာနှင့်ချီပြီး အစိုးရ၏ ခြေချုပ်ဖြင့် တားမြစ်မှုကို ခံခဲ့ရကြောင်း၊ ၎င်းတို့ကို နံမယ်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး အရေးယူမည် ဖြစ်သဖြင့် အိန္ဒိအစိုးရနှင့် အသင်းအဖွဲ့များက ကျောင်းသားများဖက်က ကာကွယ် အရေးဆိုလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ကျနော်တို့ ကော်လိုရာဒို၊ ဒင်းဗားမှာလည်း ကားမတော်တဆပြသနာတွေ ရှိတယ်။ ကျနော်တို့တတွေကလည်း ဒီက ဗဟုသုတတွေ ပညာပေးတွေ ရဖို့ လိုတယ်။ ပြည်နယ်မှာကော၊ အိမ်နီးချင်းတွေကော၊ မြန်မာကွန်မြူနီတီက ၀ိုင်းပြီး အလုပ်လုပ်ဖို့လိုတယ်။ ကျနော်ကိုယ်တိုင်လည်း အဲသည်သင်တန်းကနေ ကားလိုင်စင်ရခဲ့တယ်။ သင်တန်းတက်၊ စာမေးပွဲဖြေ၊ လိုင်စင်ဖြေ အဆင့်ဆင့်လုပ်ရတယ်။ ငွေကြေး ပေးစရာတွေ တရားဝင် ကျသင့်သလောက်လဲ ပေးရတယ်။ ကိုယ်က ဘယ်လိုပဲ ဂရုစိုက်စိုက် ဖြစ်ချင်တော့ ကျနော့်ကားကို ရပ်ထားတုန်း ကားတစင်းက ၀င်တိုက်သွားတယ်၊ လုံးဝပျက်စီးသွားတယ်။ တိုက်တဲ့ကားကလည်း မောင်းပြေးသွားတယ်။ ကျနော့်မှာ နောက်ကားဟောင်းတစီး လိုက်ရှာဝယ်ရတာပဲ အဖတ်တင်တယ်။ ဘာမှ အရေးယူခွင့် မရှိလိုက်ဘူး။ ဒါမျိုးတွေ ဖြစ်လာတော့လည်း အစိုးရက ၀င်ရောက် ဖြေရှင်းရတာပေါ့လေ။ သို့သော် စားဝတ်နေရေး ရုန်းကန်နေရသူ အပြစ်မဲ့တဲ့ လူအများစုက ကားလိုင်စင်မရှိတော့လို့ အလုပ်ပျက်မယ်၊ အလုပ်တွေ ပြုတ်မယ်၊ ကျောင်းတွေက ထွက်ရမယ် ဆိုရင်လည်း ကျနော်တို့က သူတို့အတွက်လည်း စဉ်းစားပေးရမယ် ထင်ပါတယ်”
ဟု မိုးမခ၏ မိတ်ဆွေတဦးက  မှတ်ချက်ပေးသည်။
အဆိုပါ ကားမောင်းသင်တန်းဆရာ၏ ၂ နှစ်တာ သက်တမ်းအတွင်းရှိ ကျောင်းသားများကို ပြည်နယ်က လိုင်စင်ရုတ်သိမ်းထားပြီး၊ ဗဟိုအစိုးရက ထိုသူကို ဆက်လက်အရေးယူခြင်း ရှိမရှိ မသိရသေးပေ။ ထိုပုဂ္ဂိုလ်တော့ ကျန်းမာရေးအကြောင်းပြပြီး ထိုသင်တန်းကျောင်းက နှုတ်ထွက်ထားပြီး ဖြစ်သည်ဟု သိရသည်။

(ဓာတ်ပုံ – ကော်လိုရာဒိုပြည်နယ် ဒင်းဗားမှာဖြစ်ပွားခဲ့တဲ့ မြန်မာပြည်သားတဦးရဲ့ မတော်တဆ ယာဉ်တိုက်မှုဖြစ်စဉ်တခု)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts