>Kama Pale – It’s a mad world

>

 
ပွင့်ကျနေသော ရူးသွပ်ကမ္ဘာကြီး
ကမာပုလဲ
ဧပြီ ၂၆၊ ၂၀၁၁
 ၂၁ ရာစုမှာ
ကမ္ဘာကြီး ပွင့်ကျနေတယ် …။
ပွင့်ကျနေတာမှ
ဒလဟော …
တခုမကျန် …
ရူးရူးသွပ်သွပ် ပွင့်ကျနေတာ ဖြစ်တယ်။
အဲဒီ ရူးသွပ်နေတဲ့ ကမ္ဘာကြီးမှာ
တနှစ်ကို လူပေါင်း ၅၉ သန်းစီ သေနေတယ်၊
စက္ကန့်တိုင်းမှာ လူ ၂ ယောက်စီ သေနေတယ်၊
ပြီးတော့ ….
၆၁ စက္ကန့်တိုင်းမှာ လူတဦးကျစီ
လုပ်ကြံသတ်ဖြတ် သေဆုံးနေကြတယ်၊
၃ စက္ကန့်တိုင်းမှာ လူတဦးကျစီ
ငတ်မွတ်လွန်းလို့ သေနေရတယ်၊
၃ စက္ကန့်တိုင်းမှာ ၅ နှစ်အောက်ကလေး တဦးကျစီ
သေဆုံးနေကြတယ်၊
၃၉ စက္ကန့်တိုင်းမှာ လူ တယောက်ပြီး တယောက်
ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသေဆုံး နေကြတယ်၊
၁၀၂ စက္ကန့်တိုင်းမှာ စစ်ပွဲတွေရဲ့ သားကောင်အဖြစ်
လူတဦးချင်း တဦးချင်း သေဆုံး နေကြတယ်။
ကမ္ဘာကြီးက ရူးနေတာလား
လူတွေရဲ့ အတ္တလွန် အကျိုးစီးပွားတွေကပဲ
ထိန်းမနိုင် သိမ်းမရ ရူးသွပ်နေတာလား ….။
ကမ္ဘာကြီး ခင်ဗျား
ခင်ဗျားရဲ့ ကြေကွဲနှလုံးခုန်သံဟာ
ငလျင်ကြီးတွေ ဖြစ်ခဲ့တယ်။
ကမ္ဘာကြီး ခင်ဗျား
ခင်ဗျားရဲ့ ကြိတ်မနိုင်ခဲမရ မျက်ရည်စတွေဟာ
ဆူနာမီ ဒီလိုင်းကြီးတွေ ဖြစ်ခဲ့တယ်။
ကမ္ဘာကြီး ခင်ဗျား
ခင်ဗျား ကိုယ်ပေါ်မှာ
လူလွန်မသားတွေက
စစ်ပွဲတွေနဲ့ ကြွယ်ဝချမ်းသာနေကြတယ်။
ကမ္ဘာကြီးခင်ဗျား
ဘုရားသခင်က သင့်ကို
ဘယ်အချိန်မှာ သန့်ရှင်းလတ်ဆတ်သွားအောင်
ဆေးကြောမှာတဲ့လဲ …
အဲဒီလို ဆေးကြောတဲ့အခါ
လွတ်ရာ ကင်းရာမှာ
စိတ်အေး၊ လက်အေး နေနိုင်ဖို့
လူ့ အန္ဓ လက်တဆုပ်စာဟာ
ရူးသွပ် ပြင်ဆင် နေတော့တယ် …။      ။
၂၄ ဧပြီ ၂၀၁၁။
ဝန်ခံချက်။     ။ Gary Jules ရဲ့ Mad World သီချင်းကို ခံစားရေးဖွဲ့သည်။
                    http://www.youtube.com/watch?v=ffI_vH2PeLA&feature=related

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts