>Story Telling of Thakhin Tin Mya – The feud between Ne Win & Aung Gyi

>

ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး ရန်ကုန်သိမ်းတဲ့ကိစ္စ နဲ့ သခင်တင်မြ၏ ပုံပြင်
ကိုမိုက်ခဲစိန်
မိုးမခ၊ ဧပြီ ၂၀၊ ၂၀၁၁
သခင်တင်မြက နော့သန်စတားဂျာနယ်မှာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးအကြောင်း အတွင်းရေးဖြစ်လေဟန် ဆောင်းပါးတွေ ရေးနေတယ်။ နောက်ပြီးတော့ ပြည်သူ့ခေတ်ဂျာနယ်မှာလည်း  မောင်ဇေယျာက သွားလေသူ ဗိုလ်နေ၀င်းရုပ်ပုံလွှာရေးတယ်။
အဲသည်မှာ ၁၉၄၅ မေလ ၁ ရက်နေ့ ဂျပန်တော်လှန်ရေးကာလ၊ ရန်ကုန်ကို သိမ်းတော့ ဗမာတပ်မတော်က ဗြိတိသျှထက် ဦးအောင် သိမ်းတဲ့အကြောင်း ကြေညာချက် မေလ ၇ ရက်မှာ ထုတ်ခဲ့တယ်။ မြန်မာ့ရေဒီယိုဌာနကနေ ကြေညာလိုက်တော့ ဘီဘီစီထက် ဦးသွားတယ်။ သမိုင်းမှာ ဂျပန်လက်အောက်က ဗမာပြည်ကို ပြန်သိမ်းတော့ အဓိကမြို့တော် ရန်ကုန်ကျပြီ ဆိုတဲ့ဆီမှာ ဗမာ့တပ်မတော်က ကနဦးအစသိမ်းတယ်ဆိုတဲ့ မှတ်တမ်း ကျန်ရစ်တယ်လို့ ဆိုတယ်။ နိုင်ငံရေးအမြင်တခုကတော့ ဂျပန်ကိုတော်လှန်တဲ့ ဗမာ့တွေက ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ ပုခုံးချင်း ယှဉ်ပြီး ကိုယ့်တိုင်းပြည်ကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ သဘောထားဖြစ်တယ်လို့ အဲသည်တုန်းက အင်္ဂလိပ်ဘာသာပြန်ရေးသူ ဦးခင်မောင်လတ်က ပြောခဲ့တယ်။
(ဒါမျိုးက ဂျာမဏီပြည် မဟာမိတ်တွေ ၀င်သိမ်းကျတော့၊ ဘာလင်ကျတဲ့ဆီမှာ အနောက်ဘာလင်က မဟာမိတ်၊ အရှေ့ဘာလင်က ဆိုဗီယက်တပ်တွေ အပြိုင်သိမ်းခဲ့ကြတယ်။ ဒါနဲ့ပဲ အရှေ့နဲ့ အနောက် ဂျာမဏီပြည် ကွဲခဲ့ရတာ စစ်အေးတခေတ်လုံးလို့ ဆိုရမယ်)
သို့သော် … တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင် ဗိုလ်ချူပ် အောင်ဆန်းက အဲသည်ကြေညာချက်မှာ နံမယ်ခံသူ ဗိုလ်နေ၀င်းကို အပြစ်တင်ရာမှာ “စစ်ဦးစီးချုပ်” လို့ ကင်ပွန်းတပ်မိတာကို ထောက်ပြဝေဖန်ခဲ့တယ်လို့ ဆိုတယ်။ ဒါကလည်း ဖြစ်ရပ်မှန်တခုပါပဲ။ အဲသည်အတွက် ၀ိုင်းပြီး ဆောင်ရွက်ခဲ့ကြသူတွေအတွင်းမှာတောင် “ဘာပြောရမှန်းတောင် မသိပါဘူးကွာ …” လို့ ဖြစ်ခဲ့ကြတယ်။ နောက်တော့လည်း ဒီကိစ္စဟာ ရယ်ရယ်မောမောနဲ့ ပြီးသွားတယ်လို့ ဆိုပါတယ်။
ပြောချင်တာကတော့ နော့သန်စတားဂျာနယ်မှာကော၊ ပြည်သူ့ခေတ်ဂျာနယ်မှာပါ ရန်ကုန်သိမ်းစဉ်က လက်ဦးမှုယူခဲ့တယ်ဆိုတဲ့ အကြောင်းတချက်ကို ထည့်သွင်းပြောဆိုခြင်း မရှိလို့ ၀င်ဖြည့်တဲ့ သဘောပါပဲ။ ပြီးတော့ အဲသည် ကြေညာချက်ကို ဗမာဘာသာနဲ့ ရေးသူတဦးကတော့ ဗိုလ်ချုပ်နဲ့ အလွန်ရင်းနှီးသူ၊ စာနယ်ဇင်းဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်လည်း တဦး အပါအ၀င် ဖြစ်တယ် ဆိုတာလည်း ဖြည့်လိုက်ပါရစေ။
နောက်တချက်ပြောချင်တာက ဗိုလ်အောင်ကြီးနဲ့ ဗိုလ်နေ၀င်းတို့ရဲ့ အတွင်းရေးတွေ၊ မကြေလည်မှုတွေကို ကွယ်လွန်သူ ဗိုလ်နေ၀င်းက ကျန်ရစ်သူ ဗိုလ်အောင်ကြီးအကြောင်း အလံနီလူထွက်တွေ ခေါ်ပြီး အတင်းပြောခဲ့တာကို သခင်တင်မြက အဟုတ်အဟတ်လုပ်ပြီး ရေးနေတာ ဖြစ်တယ်။ နောက်တချက်ကတော့ ဗိုလ်နေ၀င်းက လူတွေကို စည်းရုံးတဲ့နေရာမှာ အလွန်တော်တယ်၊ ဉာဏ်နီ ဉာဏ်နက်အလွန်များတယ် ဆိုတာကို တွေ့ရတယ်။ သခင်တင်မြတို့ကို ခေါ်ပြီး ဗိုလ်အောင်ကြီးက ငါ့ကို လူလည်လုပ်ပြီး ချသွားတယ် ဆိုတာကို တရားခံရှာသလိုလို သနားစရာ သတ္တ၀ါကလေး လိုလို အင်္ဂလိပ်လိုဆိုရင်တော့ ဒရာမာ လုပ်တယ်လို့ ခေါ်တယ်၊ မြန်မာလိုဆိုရင် ပုံပြောတာပေါ့ဗျာ … ဒါက သိသာတဲ့ အချက်ကြီးပဲ။ ဘယ်ဘက်မှ လိုက်ပြီးတော့ ပြောနေစရာမလိုဘူး ထင်တာပဲ။
နောက်ဆုံးတချက်ကတော့ သခင်တင်မြက ဗိုလ်အောင်ကြီး၊ ဗိုလ်နေ၀င်း အရှုပ် ကြားဖူး နားဝ ပုံပြင်ကို ပြန်လည်ဆန်းသစ်တယ် ဆိုတာက စစ်အုပ်စုတွေမှာလည်း အသည်းနဲ့ အကွဲနဲ့ပါဆိုတာ တဖက်လှည့်နဲ့များ ပြောချင်လို့လေလား။ စာပေစိစစ်ရေးကို မျက်စိလှည့်ပြီး ရေးလိုက်လေသလား အထင်ကြီးချင်မိပါရဲ့။ မျက်စိလှည့်ထားတဲ့ ပုံပြင်ဖတ်ပြီး မျက်စိလည်သွားမယ့် ပရိသတ်အတွက် မိုက်ခဲစိန်တို့က ပေါက်ဖော်လုပ်ပေးလိုက်တာပါပဲ။
တော်သေဘီ။ 
(ဖတ်ချင် ဖတ်ဖို့ ပိတော်မြေက လင့်ခ် – http://padaukmyay.blogspot.com/2011/04/blog-post_15.html ပြီးတော့ ပြည်သူ့ခေတ်က ဆောင်းပါး စကင်ထားတာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts