>Daw Suu greets well-wishers on New Year

>

နေအိမ်ရှေ့သို့ ရောက်လာသော သင်္ကြန်လည်သူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစကားပြော
DPA သတင်းဌာန
ဧပြီ ၁၇၊ ၂၀၁၁
ဓာတ်ပုံများ – FaceBook

သင်္ကြန်နောက်ဆုံးနေ့ စနေနေ့တွင် နေအိမ်ရှေ့သို့ ရောက်လာသော ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

သူ၏ လုံခြုံရေး တာဝန်ရှိသူများ ၀န်းရံလျက် ညနေ ၄ နာရီခန့်က ထိုသို့ တွေ့ဆုံလိုက်ခြင်းဖြစ်သည်။

အရေအတွက် ရာနှင့်ချီသော သင်္ကြန်လည်ပတ်သူများက ကားရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်ကြသည်။

“သူ ကျန်းမာရေး ကောင်းပါတယ်။ ဒါကြောင့်လည်း သင်္ကြန်လည်နေတဲ့သူတွေကို တွေ့နိုင်တာပေါ့” ဟု မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၆၅ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်းခံရသည့် ကာလပေါင်းမှာ ၁၅ နှစ်ခန့် ရှိသည်။

“အန်တီစု၊ မင်္ဂလာနှစ်သစ်ပါ (Auntie Su, happy new year)” ဟု သင်္ကြန်လည်သူများက အော်ဟစ် နှုတ်ဆက်ကြသည်။

လက်ဆွဲနှုတ်ဆက်ပြီးနောက် အမျိုးသမီးငယ်တဦးက မျက်ရည်ကျနေသည်။

“အန်တီစုကို တွေ့ရတာ အရမ်း ၀မ်းသာတာပဲ။ မမျှော်လင့်ပဲ တွေ့ရတာပါ” ဟု အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားတဦးက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်ဖြစ်သည်။ NLD သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် ပညာပြခံရသည့် ပါတီ ဖြစ်သည်။ ရွေးကောက်ပွဲကာလက ဒေါ်စု နေအိမ်အကျယ်ချုပ်မှ မလွတ်သေးပေ။

NLD သည် တရားဝင်ရပ်တည်သော ပါတီအဖြစ်မှ ရပ်စဲခံရပြီးနောက် အစိုးရသစ် ပေါ်ပေါက်လာရာ စစ်အုပ်စုကို အဓိက အတိုက်အခံပြုသူအဖြစ် ဒေါ်စု ဆက်လက် ရပ်တည်ရေးမှာ အခက်အခဲများရှိနေသည်ဟု အကဲခတ်တို့က ဆိုသည်။

အစိုးရအဖွဲ့သစ်တွင် ၈၀ ရာနှုန်းခန့်မှာ အငြိမ်းစား စစ်အရာရှိများ သို့မဟုတ် တာဝန်ထမ်းဆဲ စစ်အရာရှိများ ဖြစ်သည်။

မြန်မာပြည်သည် ၁၉၆၂ ခုနှစ်က အစပြုပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးအောက် ရောက်ခဲ့သည်။ ရွေးကောက်ခံရသည့် အစိုးရတွင် တပ်မတော်က ထိပ်ပိုင်းမှ ဦးဆောင်နိုင်ခွင့် ရရေးကို အခြေခံဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

www.monstersandcritics.com/news/asiapacific/news/article_1633379.php/Myanmar-democracy-icon-greets-well-wishers-on-New-Year တွင် ဖော်ပြထားသော သတင်းကို ဆီလျော်အောင် ဘာသာပြန်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts