>Tu Maung Nyo – Behind the stage Senior General

>

ကန့်လန့်ကာနောက်ဝင်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး
တူမောင်ညို
မိုးမခ၊ ဧပြီ ၁၇၊ ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက် ဝင်သွားတဲ့ကိစ္စအပါအဝင် အကြောင်းအရာအချို့ကို ကျနော့်မိတ်ဆွေနဲ့ ကျနော်ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင် ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။
(မိတ်ဆွေ)                    ခင်ဗျားနဲ့ကျနော် သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးလာခဲ့ကြတာမှာ ကျနော့်ဘက်ကဆွေးနွေးစရာ  အချက် ၂ ခု ကျန်နေတယ်ဗျ။
ပထမတစ်ခုက “မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည် အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီ မေးခွန်းတွေ၊ အဆိုတွေနဲ့တင်ပြတဲ့ပါတီတွေ လူပုဂ္ဂိုလ်တွေကိုကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အား ပေးတယ်” ဆိုတဲ့ကိစ္စအပေါ် “သိပ်စောလွန်းမနေဘူးလား” ဆိုတဲ့ ခင်ဗျားမေးခဲ့တဲ့ မေးခွန်းဖြစ် တယ်။
ဒုတိယတစ်ခုက “ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်သို့ဝင်သွားတဲ့ကိစ္စ”  အဲဒီ ၂ ချက် ကို ဆွေးနွေးကြရအောင်။
(ကျနော်)                      ကောင်းပါတယ်။ခင်ဗျားကနှစ်ဟောင်းကအကြွေးကို နှစ်သစ်ထဲ ယူမလာချင်ဘူးဆိုတဲ့သဘောလား။ ကျနော်က ဇွတ်ဆွေးနွေးရမယ် ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူး။
လောလောဆယ် ကျနော့်ဆန္ဒကတော့ ပိတောက်တွေရွှေရည် လူးတဲ့ မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံရေး အကျဉ်းသား တွေအားလုံး ချွင်းချက်မရှိ ချက်ချင်း လွတ်မြောက်လာစေချင်တယ်ဗျာ။
ကဲ … ခင်ဗျားဆွေးနွေးချင်တဲ့ အချက်ကိုတွေကို စပါဗျာ။
(မိတ်ဆွေ)                     ပထမဆုံးကြိုတင်ပြောထားချင်တာက ပြည်တွင်းကဖြစ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို မျက်ခြေမပြတ် လေ့ လာကြည့်ရှုနေရမယ်ဗျ။ ဒီလိုလေ့လာကြည့်ရှုရင်းတွေ့သမျှမြင်သမျှကို ဝေဖန်ဆွေးနွေးကြရလိမ့်မယ် ဗျ။ ကြိုဆိုသင့်တာ/ အားပေးသင့်တာတွေကို ကြိုဆိုအားပေးပြီး ဝေဖန်ဖွင့်ချသင့်တာတွေကို ဝေဖန် ဖွင့်ချသွားကြလိမ့်မယ်ဗျ။
                                    ဒီတော့ဗျာ ဘယ်လိုဟာတွေကို ကြိုဆိုအားပေးပြီး/ ဘယ်လိုဟာတွေကို       
                                ဝေဖန်ဖွင့်ချ သွားမလဲ။
“ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ရေရှည်အကျိုးစီးပွားကိုထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦး တည်နေ မယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီလိုပါတီတွေ၊ လူပုဂ္ဂိုလ်တွေကိုကျနော့်အနေနဲ့ ကြို ဆိုရ လိမ့်မယ်၊အားပေးရ လိမ်မယ်”အဲဒီလိုအချက်တွေနဲ့ပြောင်းပြန်ဆန့်ကျင်နေမယ်ဆိုရင်တော့ လိုအပ် သလို ဝေဖန်ဖွင့်ချဆန့်ကျင်သွား ကြရမှာပဲ။
(ကျနော်)                      ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့ “မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ ဤလွှတ်တော် က ကန့်ကွက်ကြောင်း အဆို” ကို မဲခွဲတဲ့ ဖြစ်ရပ်ကို ခင်ဗျားကြည့်ပါ ထောက်ခံတဲ့မဲက (၆၂၅) မဲ။ ကြားနေ(၅) မဲ။ ကန့်ကွက် (၄) မဲ  ဖြစ်တယ်။
“ဒီမိုကရေစီမိတ်ဆွေပါတီများ” ဆိုတဲ့ ပါတီအားလုံးက sanction ရုပ်သိမ်းရေးကိုထောက်ခံ နေကြ တာ ဗျ။ အဲဒီ အထဲမှာ အသည်းဆုံးအကဲဆုံးက (NDF) မဟုတ်လားဗျ။
ဒေါက်တာမြတ်ဉာဏစိုး(NDF)  က စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေးကို ထောက်ခံဆွေးနွေးရာမှာ –
“အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများကိုမထိခိုက်ဘဲ တည်ဆဲအစိုးရကိုသာ ထိခိုက်သည်ဟုယူဆပြောဆိုနေကြသူများသည် ပကတိအရှိတရားကို မျက်ကွယ်ပြုပြီး ပြည်သူများ ဒုက္ခရောက်ချင်ရောက်ပါစေ၊ မိမိတို့ရပ်တည်ရေးကိုသာ အဓိကထားလျက်တလွဲဆံပင်ကောင်းနေကြ သူများပင်ဖြစ်ပါကြောင်း”  တဲ့ဗျ။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု (ကျားဖြူပါတီ SNDP) ကလည်း အလားတူပဲဗျ။
ဒီတော့ သူတို့ကို သူတို့ပါတီတွေကို ကျနော်တို့က ဘယ်လို အားပေးမလဲဗျ။
(မိတ်ဆွေ)                     ဒီလိုလေဗျာ။ ပါတီတစ်ခုချင်းအလိုက် ကြိုဆိုအားပေးနေလို့ဘယ်ဖြစ်မှာလဲ။ လုပ်ဆောင်ချက်တစ်ခု ချင်း/ ဖြစ် ရပ်တစ်ခုချင်းအပေါ်ကိုလိုက်ပြီး ခွဲခွဲခြားခြားကြည့်ရလိမ့်မယ်ဗျ။
                                    ခွဲခြားမှုရှိရှိ ကြိုဆိုအားပေးရမယ်ပေါ့ဗျာ။
ခင်ဗျားဆွေးနွေးတဲ့ အချက်ထဲမှာပဲ ကြည့်လေ။ ကန့်ကွက်မဲပေးတဲ့ (၄) မဲကို ကျနော်တို့ ကြိုဆို အားပေးရမှာပဲဗျ။
                                    နောက်ထပ် လက်တွေ့နမူတစ်ခုပြောရဦးမယ်။
ဒေါက်တာဗညားအောင်မိုး တင်ပြတဲ့ “ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း” အဆိုကိုမဲခွဲတာကို ကြည့်ပါ။
ကန့်ကွက်မဲ ၅၂၀၊ ကြားနေမဲ ၂၀ ၊ ထောက်ခံမဲ ၁၀၆  ရှိတယ်။ ဒီအဆိုတင်သူနဲ့ ဒီအဆိုကိုထောက်ခံ ကြတဲ့ ၁၀၆ ဦး ကို ကျနော်တို့ ကြိုဆိုအားပေးရမှာပဲဗျ။
အဲဒီလို “ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကိုထင်ဟပ်နေတဲ့ ၊ ရှေ့ရှုနေ တဲ့၊ဦးတည်နေတဲ့၊ မျက်နှာမူနေတဲ့” အဆိုပြုချက်တွေတင်ပြလာတဲ့အခါ လွှတ်တော်တိုင်းမှာ အဆုံး အဖြတ် အာဏာကိုချုပ်ကိုင် ရယူထားတဲ့ ကြံ့ဖွံ့ပါတီက ဆန့်ကျင်ပယ်ချတာကိုခံရလိမ့်မယ်။
ဒါမှမဟုတ် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက တားမြစ်ကန့်သတ်တာကို သော်လည်းကောင်း လွှတ်တော် နည်းဥပဒေဆိုတာတွေနဲ့ ကန့်သတ်တားမြစ်တာကို သော်လည်းကောင်း ရင်ဆိုင်ကြှုံတွေ့ ရလိမ့်မယ်။ နောက်ဆုံးအဆင့်လွှတ်တော်ထဲမှာမဲခွဲတဲ့အခါ အရှုံးနဲ့သာရင်ဆိုင်ရလိမ့်မယ် ဆိုတဲ့ အချက် ကို လည်း ကျနော်တို့ဘက်က တည်တည်ကြည်ကြည် ထောက်ပြရလိမ့်မယ်ဗျ။
ဆိုလိုချင်တာကတော့ဗျာ လွှတ်တော်ထဲရောက်သွားတဲ့ နိုင်ငံရေးပါတီတွေမှာ ဘယ်လိုပဲ တိုင်းပြည် နဲ့ပြည်သူ့ အကျိုးစီးပွားကို မျက်နှာမူချင်သည်ဖြစ်စေ/ ဆောင်ရွက်ချင်သည်ဖြစ်စေ၊ ဒီကနေ့ တည်ရှိ နေတဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကန့်သတ်မှု/လွှတ်တော်ဆိုင်ရာနည်းဥပဒေများရဲ့ ကန့်သတ်မှုတွေ ရဲ့ အောက်မှာ ဘယ်လိုမှ အကောင် အထည်ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။
            လက်တွေ့ မှာ မဖြစ်ခဲ့ဖူးဆိုတာ လွှတ်တော်တက်လိုက်တဲ့အခါ သူတို့ ကိုယ်တွေ့သိခဲ့ရပြီပဲလေ။
(ကျနော်)                      ကျနော်သတိပြုမိတာကတော့ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်တာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ကိုထောက်ခံ ကြိုဆိုကြတဲ့အချက်ပဲဗျ။အေးလွင်တို့ပါတီ၊ ဝံသာနုNLDပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ တို့ဆိုတာ ဟိုးစောစောပိုင်းကတည်းက ညီလာခံထောက်ခံရေး၊ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထောက်ခံရေးဆိုတဲ့ စစ်အစိုးရကို မျက်စိမှိတ်ထောက်ခံခဲ့ကြတဲ့ အုပ်စု တွေဖြစ်တယ်ဗျ။           
ဦးခင်မောင်ဆွေက စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးမှာ သူဘာကြောင့် ဒီလောက် ကြွတက်နေရတာ လဲဗျ။ ဒီအချက်အပေါ် ခင်ဗျားဘယ်လိုမြင်သလဲ။
(မိတ်ဆွေ)                     ခင်ဗျား ဒီမေးခွန်း မေးလိုက်တာ တော်တော်ဟန်ကျတာပဲ။  ကျနော်ဖြေရမယ့် ဒုတိယအချက်ကို ခင်ဗျား မေးတဲ့ မေးခွန်းနဲ့အစချီပြီးဖြေရမှာမို့ပဲဗျ။ 
စီးပွားရေးပိတ်ဆိုမှုဆန့်ကျင်ရေးကို လွှတ်တော်ထဲမှာ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တက်ကြွနေ သလို၊ ဦးခင်မောင်ဆွေကလည်း လွှတ်တော်ပြင်ပမှာ ကြွတက်နေတာဗျ။
ဦးခင်မောင်ဆွေ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးကို ဘာကြောင့် ဒီလောက်အားကြိုးမာန်တက်ရှိရ သလဲ ဆိုတာက အချက် ၁ ချက်တည်းပဲရှိတယ်လို့မြင်တယ်ဗျ။
ဘာလဲဆိုတော့သူဟာ (NLD)နဲ့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ပါကြောင်း/ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်၊ နောက်ပါမဟုတ်ကြောင်း တိုင်းကျော်ပြည်ကျော် လျှောက်လှဲချက်ပေးနေတာဗျ။ ဒါဟာအဓိက အချက်ပဲ။
ဒီအချက်မှာသူ မပြတ်သားရင် နောင်လာမယ့် ရွေးကောက်ပွဲမှာပါဝင်နိုင်ဖို့ခက်ခဲမှာဗျ။
လက်တွေ့မှာလည်း(NDF)ဂိုဏ်းကွဲ သင်္ကန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကို မယှဉ် နိုင်ဘူးဖြစ်နေတယ်။ 
အာဏာပြင်းလှတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မိခင်အဖွဲ့အစည်းနဲ့ သံယောဇဉ် ကင်းရှင်း ပြတ်စဲမှသာ ကင်းလွတ်ခွင့်ပေးတာဗျ။
ဒေါက်တာတူးဂျာ ကို ခင်ဗျားကြည့်လိုက်ပါ မိခင်အဖွဲ့အစည်း(KIO)နဲ့ ကင်းပြတ်ခြင်းမရှိသေးဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် က ယူဆလေတော့ တသီးပုဂ္ဂလအဖြစ်တောင် ရွေးကောက်ပွဲမှာဝင်ခွင့် မရခဲ့ဘူး။
(ကျနော်)                      ဒါဆိုရင် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး ကန့်လန့်ကာနောက်ကွယ်ဝင်သွားတာနဲ့ ဦးခင်မောင်ဆွေ ရဲ့ စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေး သဘောထားကဘယ်လိုဆက်စပ်နေတာလဲ။
(မိတ်ဆွေ)                     (၁၃ ဧပြီ ၂၀၁၁) ရက်နေ့ (ဘီဘီစီ) နဲ့ ဗျူးရာမှာ ဦးခင်မောင်ဆွေ က “ဘယ်တစ်ယောက် ဘယ်ပါတီ ရဲ့ စွမ်းဆောင်ချက်ကြောင့်မှ ပျောက်သွားတာမဟုတ်ဘဲ။ စစ်အုပ်ချုပ်ရေးကိုယ်တိုင် သူတို့ဟာသူတို့ နောက်ဆုတ်ချင်တဲ့အခါကျမှ ရွေ့သွားတာဖြစ်တယ်။ အဲဒီအရွေ့အပေါ်မှာ ကျနော်တို့က ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်ကို လျှောက်တာဟာ တိုင်းပြည်နဲ့ပြည်သူအကျိုးကို မျှော်ကိုးတာ ဖြစ်ပါတယ်။ အာဏာပိုင်အသိုင်းအဝိုင်းနဲ့ ပလဲနံပ သင့်ချင်လို့ ပလူးပလဲလုပ်ချင်လို့ မဟုတ်ဘူး ဆိုတာကို ကျနော်တို့နောက်ကြောင်းတွေရော ရှေ့ကြောင်းတွေရော သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း တွေကိုပါ ကြည့်ရင်သိနိုင်တယ်” လို့ ပြောသွားတယ်။
                       
မျက်မြင်မှာအာဏာချုပ်ကိုင်ထားတဲ့ ဘယ်လို အဖွဲ့အစည်းတွေမှာမှ  ဗိုလ်သန်းရွှေ – ဗိုလ်မောင်အေး တို့မပါဘဲ ကန့်လန့်ကာနောက်ဝင်သွားတာက ထူးဆန်းနေတယ်။ ဥသျှောင်အဖွဲ့ဆိုတာ ဖွဲ့ပြီး ဆက်လက် ချုပ်ကိုင်ထားတယ် စသဖြင့် ခန့်မှန်းပြောဆိုနေကြတယ် မဟုတ်လား။
                       
ဦးခင်မောင်ဆွေပြောတာကလည်း စစ်အုပ်ချုပ်ရေးကိုယ်တိုင်သူတို့ဟာသူတို့ နောက်ဆုတ်သွားတာ ဖြစ်တယ်လို့ပြောသွားတယ်။ စစ်အုပ်ချုပ်ရေးလို့ပဲ ပြောသွားတာဗျ။ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာ ရှင်တွေအကြောင်း သူမပြောဘူး။ စစ်အုပ်ချုပ်ရေးဆိုတဲ့ပုံစံသာ နောက်ဆုတ်သွားတာဗျ။
စစ်အာဏာရှင်စနစ်က အခြေခံဥပဒေ သရဖူဆောင်းလိုက်တာကို သူပြောမသွားဘူး။ သူမပြောဝံ့ဘူးဗျ။
နောက်တစ်ခု သတိထားမိတာက “လမ်းတွေခင်း တံတားတွေ ထိုးပေးသွားတဲ့” နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ကျေးဇူးတင်ကြောင်း လွှတ်တော်မှာ မှတ်တမ်းတင်ကြ၊ သမ္မတ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားသွားကြပေမယ့် နိုင်ငံတော်အကြီးအကဲ(ဗိုလ်သန်းရွှေ) နာမည်ကို တစ်လုံးတစ်ပါဒမျှ ဖေါ်ပြထည့်သွင်း ပြောဆိုသွားခြင်းမရှိဘူးဗျ။
(နအဖ) ကို ဖျက်သိမ်းကြောင်းကြေညာပေမယ့် သူတို့ ၂ ဦးဟာ လက်ရှိတာဝန်များကနေ အနားယူ သွားပြီလို့ ဘယ်လို ကြေညာချက်မျှ ထုတ်ပြန်ခဲ့ခြင်းမရှိဘူး။
ဒါဟာ ဗိုလ်သန်းရွှေရဲ့အကွက်ပဲလို့ ကျနော်ယူဆတယ်။
(နအဖ) ဆိုတာ စုပေါင်းခေါင်းဆောင်မှုနဲ့လုပ်ခဲ့တာဆိုတဲ့ စစ်အုပ်စုက ပြောနေတဲ့ အချက်ကို ဒီနေရာ သူခိုးသေ ဖော်ညှိဖို့ အကြံနဲ့ထားခဲ့တာပဲဗျ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
ဗိုလ်သန်းရွှေက ခပ်ဝေးဝေးအထိကြည့်ခဲ့ပုံ ပေါ်ပါတယ်။
အကယ်၍သူ့နာမည်ကို မင်္ဂလာယူပြီးဖေါ်ပြခဲ့ရင် (တကသ) အဆောက်အဦးဗုံးခွဲခဲ့တဲ့ သမိုင်းတရားခံ ဘယ်သူလဲဆိုတဲ့ပြဿနာ “ဦးနေဝင်း” ရင်ဆိုင်ခဲ့ရသလို “၂၀၀၃ ဒီပဲရင်းအကြမ်းဖက်သတ်ဖြတ်မှု နဲ့ ၂၀၀၇ သံဃာ့အရေးအခင်း” တွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပေါ်လာခဲ့ရင် နောင်မှာ သူဟာ “တစ်တရားခံ” ဖြစ်နေလိမ့်မယ်။ လူ့အခွင့်အရေးအရ စစ်မယ်ဆေးမယ်ဆိုတဲ့ အသံတွေကလည်းရှိနေ တယ်မဟုတ်လား။
နာမည် မဖေါ်ပြ လိုက်တော့ ဒီအချက်ကနေ ကင်းလွတ်သွားနိုင်တယ်လေ။
နောက်တစ်ခုက စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ သဖူဆောင်းပေးခဲ့ပြီ။
ယုံကြည်အားကိုးရတဲ့ တပည့်လက်သားတွေကိုလည်း စိတ်ကြိုက်ရွေးချယ်ပြီး သော့ချက်ကျတဲ့နေရာ တွေမှာ ချထားပေးခဲ့ပြီဆိုတော့ ဥသျှောင်အဖွဲ့တို့ ဘာတို့ဆိုတဲ့ ဗြောင်နေရာတွေယူပြီး ထိန်းချုပ်နေဖို့ မလိုတော့ဘူးလေ။
အခြေခံဥပဒေအရလည်း အချိန်မရွေးအာဏာသိမ်းနိုင်နေပြီ မဟုတ်လား။  
စိတ်ကြိုက်ရွေးချယ် နေရာပေးထားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ လည်း “နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရ မည်” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း (၇)၊ပုဒ်မ(၃၃၉)ကို ထည့်ပြောသွားခဲ့တယ်မဟုတ်လား။
(ကျနော်)                                  ဒီအချက်ကို ကျနော်ကတော့ဒီလိုမြင်တယ်။
                                    ပထမဆုံးအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်တယ်။
ဒုတိယအချက်က အဲဒီဖွဲ့စည်းပုံနဲ့အညီခွဲခြားထားတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆို တဲ့နယ်ပယ် သုံးရပ်မှာ သော့ချက်ကျတဲ့နေရာတွေကို ယခင်(နအဖ) ထိပ်သီးတွေကသာ ဆက်လက် ချုပ်ကိုင်ရယူထားတယ် ဆိုတဲ့အချက်နဲ့ တိုင်းဒေကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ် အများစုကလည်း စစ်အုပ်စု ထိပ်သီး ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်တယ်ဗျ။
မြင်သာအောင်ပုံဖေါ်ပြရရင် –
ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေး တို့က ကန့်လန့်ကာနောက်ကွယ်မှာ နေကြတယ်ဗျာ။
ဦးသိန်းစိန်၊ သီဟသူရဦးတင်အောင်မြင့်ဦး ၊သူရ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဦးတင်အေး တို့က အခြေခံဥပဒေ အရ ရှေ့ထွက်ကြရပြီး၊  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနယ်ပယ်သုံးရပ်မှာ သော့ချက်ကျတဲ့ နေရာ တွေကိုရယူထားတယ်။
သမ္မတဦးသိန်းစိန် တိုက်ရိုက်ရွေးချယ်ခန့်အပ်ခဲ့တဲ့ ဝန်ကြီး ၃၀ ထဲမှာလည်း စစ်ဗိုလ်ဟောင်းတွေက အများစုပဲ မဟုတ်လား။ ဒါ့အပြင် သမ္မတဦးသိန်းစိန် တိုက်ရိုက်ခန့်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ က လည်း ဦးမြင့်ဆွေ၊ ဦးသာအေး၊ ဦးခင်ဇော်၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းမြင့်၊ ဦးဘုန်းမော်ရွှေ၊ ဦးသိန်းအောင်၊ ဦးဟုန်းငိုင်း တို့လို စစ်ဗိုလ်ဟောင်းတွေပဲ အများစုဖြစ်နေတယ်လေ။
ဒုတိယဝန်ကြီးတွေထဲမှာလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ ယခင်အစိုးရလက်ထက်က ဝန်ကြီးတွေ ဒုဝန်ကြီး တွေပဲ ပြန်ပါလာကြတာလေ။ အနှစ်သာရအရပြောရရင် ဘာမှမထူးခြားပါဘူး။
စစ်တပ်ဘက်မှာတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့ကို ကာချုပ်နဲ့ ဒုကာချုပ် အဖြစ်ခန့်ထားလိုက်တယ်။ ဒီလိုအစီအမံ၊ အခင်းအကျင်းတွေကို ဘယ်သူလုပ်နိုင်မှာလဲဗျ။ နံပတ်ဝမ်း ကသာ စီစဉ်ညွှန်ကြား အမိန့်ပေးနိုင်မှာ မဟုတ်လားဗျ။
ဒါကြောင့် အာဏာကို စစ်အုပ်စုကပဲ ချုပ်ကိုင်ထားဆဲဖြစ်တယ် ဆိုတဲ့အချက် ပေါ်လွင်နေပါတယ်။
(မိတ်ဆွေ)                     ဟုတ်တယ်။  သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့ချုပ်ကိုင်ထားတာဗျ။
ဒါကြောင့် ကျန်တဲ့အရေးမပါလှတဲ့နေရာတွေမှာ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ပါတီတချို့က ကိုယ်စား လှယ်တချို့ကို အိမ်ဖြည့်တဲ့သဘော၊ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံစနစ်ကို အလှချယ်ပေးဖို့ ထည့်သွင်း ထားတာပဲဖြစ်ပါတယ်။
(ကျနော်)                      “ဘယ်တစ်ယောက် ဘယ်ပါတီရဲ့ စွမ်းဆောင်ချက်ကြောင့်မှ ပျောက်သွားတာ မဟုတ်ဘူးတဲ့၊ စစ်အုပ်ချုပ်ရေးကိုယ်တိုင် သူတို့ဟာ သူတို့ နောက်ဆုတ်ချင်တဲ့အခါကျမှ ရွေ့သွားတာဖြစ်တယ်”လို့ ဦးခင် မောင်ဆွေက ပြောရှာပါတယ်။
(မိတ်ဆွေ)                     “ပျောက်သွားတာမဟုတ်ဘူး” ဆိုတဲ့အထိတော့ တစ်ဝက်မှန်ပါတယ်။
စစ်အာဏာရှင်စနစ်က ပျောက်ကွယ် မသွားသေးဘူးလေ။
“နောက်ဆုတ်သွားတယ်”ဆိုတဲ့အချက်ကတော့က လုံးဝမမှန်ဘူးဗျ။
ခင်ဗျားအထက်မှာပြောခဲ့သလိုပဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုတဲ့ နယ်ပယ် သုံးရပ်ရဲ့သော့ချက်ကျတဲ့နေရာတွေမှာ စစ်ဗိုလ်ဟောင်းတွေကသာ ချုပ်ကိုင်ထားဆဲဖြစ်တယ်ဗျ။
တကယ်တော့ ဦးခင်မောင်ဆွေဟာ “စပေ့စ်”ရှာလိုတဲ့ ဇောနဲ့ “ရွေ့တယ်၊ ရွေ့တယ်” ပြောနေရှာတာ နဲ့တူပါရဲ့ဗျာ။
(မိတ်ဆွေ+ကျနော်)       ပိတောက်တွေရွှေရည်လူးတဲ့ မြန်မာ့နှစ်သစ်ကူးမှာ ပြည်သူအများ တက်ကြွရွှင်လန်းမိုးဆန်းပန်း ပမာ ရှိပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts